Thursday, August 18, 2011

အဓိကပြဿနာများကို လျစ်လျူရှုထားသမျှ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၅/၂၀၁၁)

(၂၀၁၁-ခုနှစ် သြဂုတ်လ ၁၈ ရက်)

သြဂုတ်လ ၁၇ ရက်နေ့တွင် စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီး၊ အသင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ကြံ့ဖွံ့အစိုးရသမ္မတ ဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါ မိန့်ခွန်းကို လေ့လာကြည့်ရာ ပထမပိုင်းအဖြစ် ကြံ့ဖွံ့အစိုးရသစ်၏ လေးလခွဲကာလအတွင်း လုပ်ဆောင်ခဲ့သော စီးပွားရေး ကိစ္စရပ်များဖြစ်သော

- စီးပွားရေးတွင် ဖြစ်ပေါ်နေသော အဟန့်အတားများအနက် ဖယ်ရှားပေးသည့် ကိစ္စရပ်များ

- ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု

- ပင်စင်စားများအား ခံစားခွင့်တိုးပေးမှု

- လယ်သမားများအတွက် ဆန်စပါးဝယ်ယူရေး စီမံကိန်းသစ်စသည့် ကိစ္စများကို ပြောကြားသွားသည်။

ဒုတိယပိုင်းတွင်မူ နိုင်ငံရေးနှင့် ပတ်သက်သည့် ကြံ့ဖွံ့အစိုးရ၏ သဘောထားများကို ပြောကြားခဲ့သည်။ ထိုသို့ ပြောကြားရာတွင်

“လွတ်လပ်ရေး ရပြီးစက ကျွန်တော်တို့ထက် နိမ့်ကျတဲ့ နိုင်ငံတွေ၊ တန်းတူရည်တူနိုင်ငံတွေဟာ ကျွန်တော်တို့ နိုင်ငံကိုများစွာ ကျော်ဖြတ်သွားကြပြီ ဖြစ်ပါတယ်။ ဒီအချိန်ဟာ ရန်ဖြစ်ငြင်းခုံနေကြရမယ့် အချိန်၊ တဦးနဲ့တဦး တဖွဲ့နဲ့တဖွဲ့ အပြစ်ရှာ အပြစ်ပြောနေကြရမယ့် အချိန်မဟုတ်တော့ပါဘူး။ စည်းလုံး ညီညွတ်ကြရင် ကြီးပွားတိုးတက်နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိပြီးဖြစ်ပါတယ်။ ဒီနိုင်ငံဟာ နိုင်ငံသားအားလုံးပိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ့်နိုင်ငံပျက်စီးဆုံးရှုံး မသွားအောင် နိုင်ငံသားတိုင်း အားလုံး ဝိုင်းဝန်းစောင့်ရှောက်ကာကွယ်သွားကြဖို့ တာဝန်ရှိပါတယ်” ဟု ပြောဆိုခဲ့သည်။

ထိုစကားကို မိမိတို့အနေဖြင့် ငြင်းစရာမရှိပါ။ ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့ဆိုသည့် စစ်တားဆီးရေးနှင့် ပဋိပက္ခဖြစ်ပွားမှုအဖွဲ့၏ နိုင်ငံဖြစ်တည်မှု စံနှုန်းသတ်မှတ်ချက်အစီရင်ခံစာ၏ ကျဆုံးနိုင်ငံ Failed State ဇယားတွင် မြန်မာနိုင်ငံကိုအဆင့် (၁၇) ၌ ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးအတွက်ဆိုလျှင် အပြောမျှမဟုတ် လက်တွေ့ လုပ်ရန်လိုအပ်သည်။

ဦးသိန်းစိန်အစိုးရ၏ လက်တွေ့များကို သူ၏ မိန့်ခွန်းထဲမှာပင် ဖော်ပြနေသည်။

ဦးသိန်းစိန်သည် သူ၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၌ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်ဖြစ်ပေါ်ခဲ့ရသည်ဟု မသုံးစွဲဘဲ “ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစဉ်တလျှောက်မှာ မတည်ငြိမ် မအေးမချမ်းနဲ့ ကုန်လွန်သွားခဲ့ရတဲ့ ကာလတွေ” ဟုသာ သုံးစွဲသွားခဲ့သည်။ ထို့အပြင် ကေအိုင်အေနှင့်ပတ်သက်၍ “အကြမ်းဖက်လုပ်ရပ်တွေကို အမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့” ဟု ပြောဆိုသွားခဲ့သည်။ ထို့အပြင် ကေအိုင်အေနှင့် ဖြစ်ပွားနေသော ပြဿနာနှင့် ပတ်သက်၍ ပြောဆိုရာတွင် “ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက်လိုဖျက်ဆီးလုပ်ရာမှ ပြဿနာစခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသွားပြန်သည်။ “ဒီအဖွဲ့ဟာ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး”ဟု ဆိုသည်။ တော်လှန်ရေး အဖွဲ့အစည်းတရပ်ကို လူထုကို ကိုယ်စားပြုသည့်အဖွဲ့ ဟုတ် မဟုတ် ဦးသိန်းစိန် အစိုးရတွင် ဆုံးဖြတ်ခွင့် မရှိပါ။

ဤ ပြောဆိုချက်များသည် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအပေါ် တန်းတူရည်တူ လေးစားတန်ဖိုး ထားမှုမရှိကြောင်း ဖော်ပြချက်များဖြစ်သည်။

ကြံ့ဖွံအစိုးရအနေဖြင့် ယခင်အစိုးရများကဲ့သို့ပင် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်တည်ရှိနေသည်ကို အသိအမှတ်ပြုရန် ငြင်းပယ်နေဆဲဖြစ်သည်။ ပြည်တွင်းစစ်ကို အသိအမှတ်မပြုဘဲ ဆူပူသောင်းကျန်းမှုများဟု ပြောဆိုနေခြင်းကိုကြည့်လျှင် မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြဿနာများ တည်ရှိနေသည်။ အထူးသဖြင့် အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီကင်းမဲ့မှု ပြဿနာများ တည်ရှိနေသည်ကို အသိအမှတ်ပြုရန် ငြင်းပယ်နေခြင်းဖြစ်သည်။ အဆိုပါ ငြင်းပယ်ခြင်းသည်ပင်လျှင် ကြံ့ဖွံ့အစိုးရ၏ နိုင်ငံရေးပေါ်လစီ ဖြစ်သည်။

ထို့အပြင် ဦးသိန်းစိန်၏ မိန့်ခွန်းတွင် “အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား များကိုလည်း ပြစ်မှုတစုံတရာ ကျူးလွန်တာ မရှိဘူးဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်”

ပြည်ပတွင်ရောက်နေသော နိုင်ငံရေးအဖွဲ့အစည်းများသည် မြန်မာပြည်သူများ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရန်အတွက် ပြည်တွင်း၌ လှုပ်ရှားဆောင်ရွက်ခွင့် မရှိသောကြောင့် ပြည်ပတွင် သွားရောက်လှုပ်ရှားနေရခြင်းဖြစ်သည်။ ထို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဿနာများကို ပြောဆိုခြင်း၊ ဖြေရှင်းခြင်းမရှိဘဲ ပြန်လာရန်ပြောဆိုသော ဦးသိန်းစိန်၏စကားသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဦးသိန်းစိန်အစိုးရ၏အောက်သို့ “လက်နက်ချ အလင်းဝင်ခဲ့ကြ” ဆိုသည်ကို ပြေပြစ်အောင် ပြောဆိုခြင်းသာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာများ တည်ရှိနေသည်ကို အသိအမှတ် မပြုသမျှ၊ မှန်မှန်ကန်ကန် ဖြေရှင်းရန် ပျက်ကွက် နေသမျှ ဦးသိန်းစိန်မိန့်ခွန်းတွင် ပါဝင်သည့် “စည်းလုံး ညီညွတ်ကြရင် ကြီးပွားတိုးတက်နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိပြီးဖြစ်ပါတယ်”ဆိုသော စကားလုံးများသည် အနှစ်မပါ အကာသက်သက်သာ ဖြစ်နေပါလိမ့်မည်။

No comments:

Post a Comment