Thursday, August 18, 2011

သမ္မတဦး သိန်းစိန် စီးပွားရေးလုပ်ငန်းရှင်တွေ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာတွင်ပြောသော မိန့်ခွန်းနှင့်ပတ်သက်၍ ဦးအောင်မိုးဇော်၏ အမြင်

သမ္မတဦးသိန်းစိန် နေပြည်တော်မှာ စီးပွားရေးလုပ်ငန်းရှင်တွေ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး အကောင်းဘက်က ကြည့်မြင်ဝေဖန်ချက်တွေ ပေါ်ထွက်လာတာ တွေ့ရပါတယ်။ 

တချို့ကတော့ သတိထားစောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ရန်ကုန် စာနယ်ဇင်းအသိုင်းအဝိုင်းမှာတော့ ချီးကျူး သြဘာသံတွေ ပိုပြီးတွေ့ရပါတယ်။ သတင်းစာဆရာ မောင်ဝံသရဲ့အဆိုကတော့ သမ္မတ တဦးအနေနဲ့ ပြောသင့်ပြောထိုက်တဲ့စကားကို ပြောဆိုခြင်းပဲလို့ ဆိုပါတယ်။


သတင်းစာဆရာ မောင်ဝံသ။ ။ ပြောတဲ့ခေါင်းစဉ်တွေကလည်း လူများ စိတ်ဝင်စားတဲ့ အကြောင်းဖြစ်တယ်။ နောက်တခါ အပြုသဘောဆောင်တယ်။ တိုင်းသူပြည်သားတွေ စိတ်ချမ်းသာနိုင်တဲ့၊ မျှော်လင့်ချက်ထားနိုင်တဲ့ အကြောင်းအရာတွေ ပြောသွားတယ်ဆိုတော့ ကျနော်တို့က ကြိုဆိုပါတယ်။ မူဝါဒပိုင်းဆိုင်ရာ လမ်းညွန်ပြီးတော့ ပြောသွားတာကို၊ အကောင်ထည်ဖော်မယ့် အကြောင်းအရာတွေကတော့ နောက်ပိုင်းမှာ ဆက်ပြီးတော့လာလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ နောက်တခါ တိုင်းပြည်ရဲ့ အကြီးအကဲတယောက်အနေနဲ့ တာဝန်ရှိရှိနဲ့ ဦးဆောင်ပြီး ပြောသွားတယ် လို့ ကျနော် ယူဆပါတယ်။

မေး။ ။ တခါ ပြည်ပရောက် နိုင်ငံရေးနဲ့ ပတ်သက်သူတွေရဲ့အမြင်မှာလဲ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းကို သတိနဲ့ ကြိုဆိုနေ တာကို တွေ့ရပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားကောင်စီ NCUB ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်က အခုလိုပြောပါတယ်။

ဦးမောင်မောင်။ ။ အခုလိုပေါ့နော် ပြုပြင်ပြောင်းလဲမှုကိုလုပ်ဖို့ အဆင်သင့်ဖြစ်နေတယ်။ အမြင်မတူပေမယ့် အားလုံးနဲ့ ပူးပေါင်းလုပ်မယ်ဆိုတဲ့ဥစ္စာက ကောင်းပါတယ်။ ဒါဆို ကြိုဆိုကြလိမ့်မယ်လို့လည်း ကျနော်က မျှော်လင့်ပါတယ်။ သို့သော် လုပ်တဲ့ လုပ်ငန်းအားလုံးကိုပေါ့နော် အခု ဒေါ်စု ပဲခူးခရီးစဉ်သွားသလိုပဲ၊ Concrete ပေါ့နော် ဒီကျနော်တို့ တိကျတဲ့၊ ခိုင်မာတဲ့ ဒီလုပ်ငန်းတွေကို လုပ်ပြမှာပဲ လူတွေက ဒါကို ယုံပြီးတော့ လိုက်နာကြမှာပဲလို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာကတော့ အားလုံးအတွက် ကောင်းတယ်။ ဒါဟာကို ဆက်ပြီးတော့ ဖြစ်မြောက်သွားအောင် ဘာအကြောင်းကြောင့်မှ ပြန်ပြီး နောက်မဆုတ်ဘဲနဲ့ ရှေ့ဆက်သွားဖို့ကိုတော့ ကျနော်တို့က ဒါကို မျှော်လင့်ပါတယ် ခင်ဗျား။

မေး။ ။ တခါ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကတော့ ဦးသိန်းစိန်အနေနဲ့ အစပျိုးဆောင်ရွက်နေတဲ့ မပြီးပြတ်သေးတဲ့ ကိစ္စတွေကို အရင်လက်စပြတ်အောင် ဆောင်ရွက်သင့်တယ်လို့ ပြောပါတယ်။

ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောနေတဲ့ ကိစ္စရှိ တယ်။ ဒီကိစ္စကို ပြေလည်အောင် ဆက်ပြီးတော့ ပြောစေချင်တယ် ဒါ တချက်ပေါ့၊ 

ဒုတိယတချက်ကတော့ အပစ်ရပ် အင်အားစုတွေနဲ့ နိုင်ငံရေးအရ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းစေချင်တယ်။ အဲဒီနှစ်ခုကို သေသေချာချာ ဖြေရှင်းနိုင်တယ်ဆိုလို့ရှိရင် ကျန်တဲ့ကိစ္စတွေက ပြောစရာတောင် မလိုဘူးလို့တောင် ကျနော်ထင်တယ်။ ဒါ တချက်ပေါ့ နော်။

နောက်တချက်ကတော့ ထောင်ထဲမှာ ကျနော်တို့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးရှိ သေးတယ်။ ဒီနိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့လည်းပဲ မြန်မြန်ဆန်ဆန် လွှတ်ပေးဖို့ လိုလိမ့်မယ်လို့ ကျနော် အနေနဲ့ ပြောချင်တယ်။ အဲအခြေအနေတွေ ရှိမယ်ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာတွေ ပြေလည်လိမ့်မယ်၊ အပြင်ကလူ တွေလည်း ဖိတ်စရာတောင်လိုမယ်မထင်ဘူးလို့ ကျနော်တို့က အဲလိုပဲ ပြောချင်ပါတယ်။

No comments:

Post a Comment