Saturday, August 6, 2011

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ (၂၃) နှစ်မြောက်နေ့ သဘောထားထုတ်ပြန်ချက်


ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံ (၂၃) နှစ်မြောက်နေ့
သဘောထားထုတ်ပြန်ချက်

လူမျိုးစုံ မြန်မာပြည်သူများက ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးကို ဆင်နွှဲခဲ့ကြသည်မှာ (၂၃) နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ အရေးတော်ပုံကြီးအတွင်း အသက်ပေါင်းများစွာကို ရင်းနှီးပေးဆပ်ပြီး လူထုအားဖြင့် အစိုးရယန္တရားများ ရပ်ဆိုင်းသွားသည်အထိ ကိုင်လှုပ်ပစ်နိုင်ခဲ့သည်။ မဆလ တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပစ်နိုင်ခဲ့သည်။ အဆုံးသတ်အောင်ပွဲ မဆင်နိုင်ခင်မှာ စစ်အုပ်စု၏ ဖြိုခွဲချေမှုန်းခြင်းခံခဲ့ရသည်။

ရှစ်လေးလုံး ဒီမိုကရေစီလူထုအရေးတော်ပုံကြီးက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ ရှစ်လေးလုံးစိတ်ဓာတ်၊ ရဲဝံ့ပြတ်သားသည့် ရှစ်လေးလုံး အရေးတော်ပုံတပ်သားများ၊ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၊ ရလဒ်ပိုင်ရှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ စသည့် မရေမတွက်နိုင်သော အောင်သီးအောင်ပွင့်များကို ဖန်တီးပေးခဲ့ပါသည်။

ဤ ၂၃ နှစ်တာကာလအတွင်းတွင် နဝတ၊ နအဖ စသည့် အာဏာသိမ်း စစ်အုပ်စုသည် အရေးတော်ပုံကြီး၏ အောင်သီး အောင်ပွင့်မှန်သမျှကို တစမကျန် ဖျက်သိမ်းပစ်ရန် တလျှောက်လုံး သည်းသည်းသန်သန် ကြိုးပမ်းခဲ့သည်။ နိုင်ငံရေးပါတီများကို ဖျက်သိမ်းပစ်နိုင်ရန်၊ နိုင်ငံရေးလှုပ်ရှားသူများကို ထိန်းချုပ်ရန်၊ ဖမ်းဆီးထိန်းသိမ်းထားနိုင်ရန် အကြောင်းအမျိုးမျိုးပြ၍ လုပ်ဆောင်ခဲ့သည်။ ပြည်သူများ၏ ဒီမိုကရေစီရေး တောင်းဆိုသံများကို လုံးဝလျစ်လျူရှုထားသည့် အပြင် တိုင်းရင်းသားလူမျိုးစုံပြည်သူများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တောင်းဆိုချက်များကိုလည်း ပစ်ပယ်ထားခဲ့သည်။

စစ်အာဏာရှင်စနစ် ပိုမိုခိုင်မြဲရေးကို အကာအကွယ်ပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို လူထုဆန္ဒမပါဘဲ အတင်းအဓမ္မ အတည်ပြုခဲ့သည်။ ရွေးကောက်ပွဲအတုအယောင်ကို ကျင်းပပြီး အရပ်သားအယောင်ဆောင် စစ်အစိုးရ တရပ်ကို ဖန်တီးခဲ့သည်။ ပြောရေးဆိုခွင့် ကင်းမဲ့နေသည့် ၁၅ မိနစ် လွှတ်တော်များကိုဖန်တီးပြီး အချိန်မရွေး အာဏာသိမ်းခွင့်ရထားသည့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဖြင့် စစ်အာဏာရှင်စနစ်ကို အခိုင်အမာ တည်ဆောက်လျက်ရှိပါသည်။

ကြံ့ဖွံ့အစိုးရသည် မြန်မာနိုင်ငံ၏ အဓိကပြဿနာများဖြစ်သော နိုင်ငံရေးပြဿနာ၊ အမျိုးသားတန်းတူရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ၊ ပြည်သူတရပ်လုံး၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးခြင်း လုံးဝ မရှိသည့်အတွက် လက်ရှိအခြေအနေမှာ ပြည်တွင်းစစ် အပါအဝင် ပိုမိုသည်းသန်သည့် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ရင်ဆိုင်ရမည့် အခြေအနေများဆီသို့ ဦးတည်လျက်ရှိနေပါသည်။

စစ်အာဏာရှင်စနစ်သည် မည်သည့်ပုံသဏ္ဍာန်ဖြင့် အသွင်ယူထားသည်ဖြစ်စေ ၎င်းတို့၏ အတွင်းသရုပ်မှာ ဒီမိုကရေစီနှင့် အမျိုးသားတန်းတူရေးပြဿနာကို လက်မခံခြင်းဖြစ်သည်။ ထိုသို့လက်မခံသမျှ မြန်မာနိုင်ငံ၏ အဓိကပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်မဟုတ်ဟု မိမိတို့ပါတီမှ အခိုင်အမာ ယုံကြည်ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် တည်ရှိနေသော စစ်အာဏာရှင်စနစ်ကို အကုန်အစင်ဖျက်သိမ်းပစ်ရန်အတွက် မြန်မာနိုင်ငံရှိ လူမျိုးစုံပြည်သူတရပ်လုံးသည် ရှစ်လေးလုံး အရေးတော်ပုံတပ်သားများ၏ ရဲဝံ့စွန့်လွှတ်သောစိတ်ဓာတ်ကို ကိုင်စွဲလျက် မပြီးဆုံးသေးသည့် တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားကြရမည် ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံစိတ်ဓာတ်ကို ကိုင်စွဲတိုက်ပွဲဝင်ကြ

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၁ ခုနှစ် သြဂုတ်လ (၈) ရက်

ဆက်သွယ်ရန် - ဦးအောင်မိုးဇော် (၀၈၂၉၃၄၆၂၁၄)၊ ဦးငွေလင်း (၀၈၁၄၇၅၉၂၂၃)

No comments:

Post a Comment