Saturday, August 6, 2011

ဗိုလ်ချုပ် စောတာခဲလယ် ကွယ်လွန်ခြင်းအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းခြင်း သဝဏ်လွှာ



ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဥက္ကဋ္ဌကြီး
ဗိုလ်ချုပ် စောတာခဲလယ် ကွယ်လွန်ခြင်းအတွက်
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းခြင်း သဝဏ်လွှာ

၂၀၁၁ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဥက္ကဋ္ဌကြီး ဗိုလ်ချုပ် စောတာခဲလယ် ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) နှင့် ထပ်တူ၊ ရှမ်းပြည်လူထုတရပ်လုံးနှင့် ထပ်တူ၊ ပအိုဝ့်အမျိုး သားထုတရပ်လုံးနှင့် ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ဦးစွာပထမ ဖော်ပြအပ်ပါသည်။ 

ဗိုလ်ချုပ် စောတာခဲလယ်သည် ၁၉၄၉ မှ ၁၉၅၈ အထိ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) ၏ ဌာနခွဲမှူး အဖြစ်လည်းကောင်း၊ ၁၉၆၆ တွင် ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ပ.အ.လ.ဖ) ၏ ဒုတိယ ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ၁၉၈၀ မှ ၁၉၉၄ အတွင်း လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (လ.ပ.ဒ.တ) ၏ ဥက္ကဋ္ဌကြီးအဖြစ် လည်းကောင်း၊ ၁၉၇၂ မှ ၂၀၀၈ ခုနှစ်အထိ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) ဗဟိုကော်မတီ နှင့် စစ်ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တော်လှန်ရေးတာဝန်များကို ဦးလည်မသုန် ထမ်းရွက်နိုင်ခဲ့မှုများအပေါ် မိမိတို့ပါတီမှ အထူးပင် လေးစားဂုဏ်ယူမိပါသည်။

ဥက္ကဋ္ဌကြီး၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့ အတွက် ရည်ရွယ်ချက်တူ၊ အလုပ်တူ အခြားသော တော်လှန်ရေးအင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သော တသက်တာ ဖြစ်ပါသည်။

အလယ်ပိုင်းဒေသ၌ မိမိတို့ပါတီ၏အလံအား လွှင့်ထူလှုပ်ရှားနေရစဉ်ကာလများတွင် ဥက္ကဋ္ဌကြီးနှင့်တကွ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO) က မိမိတို့ပါတီအပေါ် နွေးထွေးလှိုက်လှဲစွာ နိုင်ငံရေးအရ အကူအညီပေးခဲ့ကြသည်ကို မိမိတို့ပါတီက ထာဝရအောက်မေ့ တန်ဖိုးထားနေမည် ဖြစ်ပါသည်။

ဥက္ကဋ္ဌကြီး မျှော်မှန်းခဲ့သည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝ အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက်၊ စစ်မှန်သောငြိမ်းချမ်းရေး ထာဝရတည်ရှိလာရေးအတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီအနေဖြင့် ကျရာအခန်းမှ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုရင်း ဤဝမ်းနည်းကြောင်းသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂ဝ၁၁ ခုနှစ် သြဂုတ်လ (၄) ရက်

No comments:

Post a Comment