Sunday, August 7, 2011

ရှစ်လေးလုံး ၂၃ နှစ်မြောက် အခမ်းအနားသို့ လူ့ဘောင်သစ် ပါတီဝင်များ တက်ရောက်

အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်၊ Chapel Hill မြို့မှာ ကျင်းပတဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက်နေ့ အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ထောက်ပံ့ရေးအဖွဲ့က ဦးဆောင်ပြီး ၈၊ ၆၊ ၂၀၁၁ ရက်နေ့ ညနေ ၅ နာရီမှာ စတင်ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ၁၉၉၀ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကျောင်းသားတပ်မတော်မှ ရဲဘော်ဟောင်းများ၊ ကရင့်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့ဒီမိုကရေစီအရေးကို စိတ်ပါဝင်စားသူများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် အလေးပြုခြင်း ၃ ရပ်ဖြင့်စတင်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှပေးပို့တဲ့ သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ တက်ရောက်လာတဲ့ လူကြီးမင်းများမှ အမှာစကားပြောကြားခြင်း၊ ရှစ်လေးလုံးတိုက်ပွဲတွင် ပါဝင်ခဲ့သူများမှ မိမိတို့အတွေ့အကြုံများအား ပြန်လည်ပြောကြားခြင်းနဲ့ ဖြစ်မြောက်ရေးကော်မီတီမှ ကျေးဇူးတင်စကားများပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ရှစ်လေးလုံး ကမ္ဘာမကြေ သီချင်းကို စုပေါင်းသီဆိုပြီး ညနေ ၈ နာရီမှာ အောင်မြင်စွာနဲ့ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရပါတယ်။

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးမှာရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များဟာ မိမိတို့ရောက်ရှိရာ ပြည်နယ်တွေမှာ ကျင်းပပြုလုပ်တဲ့ ရှစ်လေးလုံး အရေးတော်ပုံ ၂၃ နှစ်မြောက်နေ့ အခမ်းအနားတွေမှာ တက်ရောက်စကားပြောကြားခြင်း၊ သဝဏ်လွှာများပေးပို့ ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြကြောင်းလည်း သိရပါတယ်။

No comments:

Post a Comment