Friday, August 5, 2011

ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) ၏ သဝဏ်လွှာ

ရှစ်လေးလုံး အရေးတော်ပုံကြီး ၂၃ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သော
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ) ၏ သဝဏ်လွှာ

၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်

နိုင်ငံတဝှမ်းလုံးမှ လူထုလူတန်းစား အသီးသီးပါဝင်ခဲ့ကြသော ၈၈ အရေးတော်ပုံကြီးသည် မြန်မာပြည်သူလူထုအား ဖိနှိပ်အုပ်စိုးခဲ့သော တပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပြီး တိုင်းပြည် ပြည်သူလူထုအား ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုတို့ကိုဖော်ဆောင်ရန် ယနေ့တိုင် လမ်းညွန်မှုပေးနိုင်ခဲ့သည်။ ၂၃ နှစ် ကြာမြင့်ခဲ့ပြီဖြစ်သော ၈၈ အရေးတော်ပုံကြီး စွမ်းပကားနှင့် ကျေးဇူးတရားမှာ အလွန်မွန်မြတ် ကြီးမားလှပေသည်။ သို့သော်လည်း စစ်အာဏာရှင်စနစ်အား အပြီးတိုင်ဖျက်သိမ်းကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တန်းတူရေးတို့ကို အခြေခံသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး လုပ်ငန်းတာဝန်မှာ မပြီးဆုံးသေးချေ။

စစ်အာဏာရှင်စနစ် တည်ရှိနေသမျှကာလပတ်လုံး ပြည်သူဆန္ဒကိုအခြေခံသည့် ပြည်သူ့ကိုယ်စားပြု အစိုးရတရပ် မပေါ်ပေါက်နိုင်သောကြောင့် အများပြည်သူလူထုကြီး အကျိုးစီးပွားနှင့် လိုလားမှုတို့ကို အကောင်အထည် ဖော်ဆောင်နိုင်မည် မဟုတ်ချေ။ ထိုကြောင့် ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တည်ရှိနေသော စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ရေးသည် ၈၈ အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော အဓိကကျသော တာဝန်တရပ်ပင်ဖြစ်သည်။

ထိုကြောင့် ယနေ့လက်ရှိ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု အစရှိသော အဖက်ဖက်မှ ဆုံးရှုံးနစ်နာနေမှုများကို ဖော်ထုတ်ပြီး ကြီးမားကျယ်ပြန့်သော လူထုအုံကြွမှုကြီးတရပ် ပေါ်ပေါက်လာရေးအတွက် ဆက်လက်စည်းရုံးသွားရန် လိုအပ်ပေသည်။

ထို့အတွက် တိုင်းရင်းသားအင်အားစုများ၊ အတိုက်အခံအင်အားစုများနှင့် မြန်မာပြည်သူပြည်သားများအားလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေး စသည့် အခြေခံအချက်များပေါ်တွင် ပူးပေါင်းရပ်တည် စုစည်း လုပ်အောင်ကြပြီး စစ်မှန်သည့် စည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရန် လိုအပ်ပေသည်။ ဤသို့အားဖြင့် စစ်အုပ်စုမှ ယနေ့လုပ်ဆောင်နေသော အဖျက်လုပ်ငန်းများဖြစ်သည့် အမျိုးသားရေးအင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ ပေါင်းစည်းမှုကို ဖြိုခွဲနေမှု၊ နိုင်ငံရေးအင်အားစုများအား ကျေပြုန်းရေး စသည့် လုပ်ဆောင်နေမှုတို့အား ကာကွယ် တားဆီးသွားနိုင်မည်ဖြစ်ပြီး ...

- ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊
- ပြည်တွင်းစစ် ရပ်စဲရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ 

- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်တို့ တွေ့ဆုံဆွေးနွေးရေးနှင့် တိုင်းပြည်၏ ယနေ့ဖြစ်ပေါ်နေသော ပြဿနာအရပ်ရပ်တို့အား အဖြေရှာ ဖြေရှင်းနိုင်ရေး 

စသည်တို့ကိုလည်း ကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ ကြီးမြတ်လှသော ၂၃ နစ်ကြာမြင့်ခဲ့ပြီဖြစ်သော ၈၈ အရေးတော်ပုံကြီး၏ နေ့ရက်အခါသမယကို အထူးပြုဂုဏ်ပြုပြီး ...

ဒီမိုကရေစီရေးတိုက်ပွဲအဆင့်ဆင့်တွင် အသက်ပေးစွန့်လှူသွားကြသော ရဟန်းရှင်လူ ကျောင်းသားပြည်သူ အပေါင်းတို့အား ဦးညွတ်ဂါဝရပြုပါသည်။ စစ်အစိုးရ အကျဉ်းစခန်းအသီးသီးတွင် ကြံ့ကြံ့ခံ ရပ်တည်တိုက်ပွဲဝင်နေသော ရဲဘော်များ၏ ရဲစွမ်းသတ္တိနှင့် သစ္စာတရားတို့ကို လေးနက်တည်ကြည်စွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးနှင့် ဒီမိုကရေစီ တော်လှန်ရေးအဆင့်ဆင့်တွင် ကျဆုံးသွားကြသော ရဟန်းရှင်လူပြည်သားများ၊ ကျောင်းသား အာဇာနည်များ၏ သစ္စာတရားတို့ကို စောင့်သိရိုသေလျှက် “ပြည်သူ့ထံမှ လုယူသွားသော ပြည်သူ့အာဏာကို ပြည်သူလူထုထံ ပြည်လည်အပ်နှင်းရေး” ဆိုသည့် ၈၈၈၈ စိတ်ဓာတ်ကို ကိုင်စွဲပြီး အောင်ပွဲရသည်အထိ တော်လှန်တိုက်ပွဲဝင်သွားပါမည်ဟု အလေးအနက် အဓိဌာန်ပြုပါသည်။

ရှစ်လေးလုံးစိတ်ဓာတ်ကို အခိုင်အမာကိုင်စွဲကြ ...

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန် ဌာနခွဲ)

http://dpns-usa.blogspot.com/

No comments:

Post a Comment