Wednesday, July 20, 2011

ဦးဝင်းတင်နှင့် စကားပြောခြင်း (NLD အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ ဘယ်လို အားတွေ မွေးထားသင့်သလဲ)

uwintin_copy-2
၂၀၁၁ ခုနှစ် ဇူလိုင်လ ၁၈ ရက်

ဦးနေရိန်ကျော် (RFA) ။ ။ ဒီတပတ်မှာတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းက ကျနော်တို့ RFA တယ်လီဖုန်း လိုင်းပေါ်ကနေတဆင့် ဆရာဦးဝင်းတင်နဲ့ တိုက်ရိုက်ပြောဆိုခဲ့တာကို ကျနော်က တင်ပြပါရစေ။

- ဟုတ်ကဲ့ ဦးငွေလင်းခင်ဗျ။ အခု ဆရာဦးဝင်းတင် လိုင်းပေါ်မှာရှိနေပါတယ်။

ဒီတပတ်ဆွေးနွေးမယ့်အကြောင်းအရာကို စပြီး ဆွေးနွေးလို့ရပါပြီခင်ဗျ။

ဦးငွေလင်း။ ။ ဆရာနေကောင်းရဲ့လားခင်ဗျ။

ဦးဝင်းတင်။ ။ ကောင်းပါရဲ့ဗျာ။ ခင်ဗျားတို့ရော နေလို့ကောင်းကြရဲ့လား။

ဦးငွေလင်း။ ။ ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ။

အခု ဒီရက်ပိုင်းအတွင်းမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့မှ ဆရာတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှမ်းပြီးတော့မှ ပေးတဲ့စာ ကျနော်တို့ကြားရတယ်ခင်ဗျာ။ အဲဒီပေးတဲ့စာနဲ့ပတ်သက်ပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်က နေပြီးတော့မှ စာပြန်ထားတာလည်း ကြားရပါတယ်။ အဲဒီစာတွေအပေါ်မှာ သူတို့ အစိုးရအဖွဲ့အနေနဲ့ ဘာတွေ အကြောင်းပြန်သလဲ။ နောက်ပြီးတော့ NLD အနေနဲ့ ဘာတွေ ဆက်လုပ်ဖို့ရာအတွက် ဘယ်လို အားတွေ မွေးထားသင့်သလဲဆိုတာနဲ့ ပက်သက်ပြီးတော့မှ ဒီနေ့ ပြောချင်ပါတယ်ဆရာ။ အဲတော့ ဆရာ့အနေနဲ့ အစိုးရအဖွဲ့ကနေပြီးတော့မှ အကြောင်းပြန်လာပုံနဲ့ ပါတီဘက်က ပြင်ဆင်ထားပုံနည်းနည်းလေး မိတ်ဆက်ပေး ပါလားဆရာ။


ဦးဝင်းတင်။ ။ ဟုတ်ကဲ့ဗျာ ကျနော်လည်း ဒီကိစ္စပြောချင်ပါတယ်။ ဒါပေမယ့်လို့ ကိုငွေလင်းပြောသလောက်တော့ ကျနော်တို့ အိတ်သွန်ဖာမှောက် ပြောနိုင်တဲ့အနေအထားမှာ မရှိဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို ပထမဦးဆုံး အစိုးရဘက်က ပြည်ထဲရေးဝန်ကြီးဌာနကနေပြီးတော့ ကျနော်တို့ကို စာရေးပါတယ်။ ဒီစာအပေါ်မှာ ကျနော်တို့ရဲ့ သုံးသပ်ချက်အချုပ်က ဘာလဲဆိုရင် တော့ ဦးသိန်းစိန်အစိုးရကနေပြီတော့ နိုင်ငံရေးမလုပ်ပါနဲ့လို့ တားလိုက်တယ်။ အဲဒီတားလိုက်တဲ့အပေါ်မှာ ကျနော်တို့ဖက်က တုန့်ပြန် ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ အကြောင်းပြန်ပါတယ်။

“ကျမတို့အကြားမှာ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက် ပြီးတော့ အမြင်တွေကွဲလွဲနေတာတွေ ရှိပါတယ်။ ဒီအမြင်ကွဲလွဲချက်တွေကို ကျမတို့တွေ အချင်းချင်းအကြားမှာ ညှိနှိုင်းချင်ပါတယ်။ ညှိနှိုင်းဖို့အတွက် ဆွေးနွေးဖို့ စီစဉ်ပါ” ဆိုတဲ့စကားကို ပြောလိုက်တယ်။ အဲဒီကစပြီးတော့ အခုထက်ထိတော့ ပြန်စာတော့ မရသေးဘူးခင်ဗျ။ ကိုငွေလင်း ဆွေးနွေးပါဦးဗျ။

ဦးငွေလင်း။ ။ ကျနော်တို့ မြင်တာတော့ ဆရာ။ ဒီ နိုဝင်ဘာ ၁၄ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့စကားတွေကို သဘောတူတယ်ဆရာ။ အဲဒါကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီတစ်ခုအနေနဲ့ ရပ်တည်ဖို့ တည်ထောင်ထားတာ မဟုတ်ဘူး။ ဒီမိုကရေစီရရှိအောင် လှုပ်ရှားဆောင်ရွက်မယ့် အဖွဲ့အစည်း တစ်ခုအနေနဲ့ တည်ထောင်ထားတာပါ။ မြန်မာနိုင်ငံမှာ ပြည်သူတွေဟာ ဒီမိုကရေစီ လိုလားနေသရွေ့ အာဏာပိုင်တွေက တရားဝင်တယ် ပြောပြော၊ တရားမ၀င်ဘူး ပြောပြော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဆက်လက်ရှိနေမှာပဲ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားက သိပ်လေးနက်တယ် ဆရာ။ ဒါ သိပ်အဓိပ္ပါယ် ရှိတယ်။ ကျနော်တို့ အဲလိုပဲ မြင်တယ်။

ဆိုတော့ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သာမန်ပါတီလည်း မဟုတ်ဘူး။ လူထုတရပ်လုံးကနေပြီးတော့မှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဆောင်ရွက်ပေးပါဆိုပြီးတော့မှ တာဝန်အပ်နှံခံထားရတဲ့ လူထုခေါင်းဆောင်ပါတီ ဖြစ်တယ်။ အဲလို ပါတီမျိုးကို နိုင်ငံရေးမလုပ်ပါနဲ့ လူမှုရေးပဲ လုပ်ပါ။ မှတ်ပုံပြန်တင်ပြီးတော့မှ လုပ်ထုံးလုပ်နည်း နဲ့အညီလျှောက်ပါလို့ ပြောတဲ့ကိစ္စက တော်တော်ကို သဘာဝမကျဘူးလို့ အဲလိုပဲ နားလည်တယ်ဆရာ။ အဲဒီတော့ အဲဒီကိစ္စဟာ ကျနော်တို့ လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်တွေကို လုပ်လို့ရတဲ့ နည်းနာနဲ့ ဆက်လုပ်သွားရမယ်လို့ ယုံကြည်တယ်ဆရာ။ အဲဒီအပေါ်မှာ ဆရာ့အမြင်လေး နည်းနည်းပြောပြပါဦး။

ဦးဝင်းတင်။ ။ ဟုတ်ပါတယ် ဒီဟာက အမှန်တိုင်းပြောရရင်တော့ ကျနော်တို့ လုပ်ငန်းကို ဆက်လုပ်တဲ့အခါမှာ ကျနော်တို့ ပြောတယ် ပါတီဟာ လူထုနဲ့တသားတည်းရှိနေသမျှကာလပတ်လုံး၊ လူထုရှိနေသမျှကာလပတ်လုံး၊ လူထုကို အကျိုးပြုနေနိုင်သမျှ ကာလပတ်လုံး ပါတီဟာ ဆက်လက်ပြီးတော့ ရှိနေမယ်လို့ ကျနော်တို့ယူဆမယ်ဆိုပြီတော့ ကျနော်တို့ ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ရောက်တဲ့အခါကျတော့ ပါတီကို ဖျက်သိမ်းပြီးပြီ ဆိုပြီးတော့ အစိုးရကနေပြီးတော့ ကြေညာပါတယ်။ ဒီဖျက်သိမ်းပြီးပြီ ကြေညာပြီးတဲ့နောက်ပိုင်းမှာလည်း ကျနော်တို့က ကျနော်တို့အလုပ် ကျနော်တို့ဆက်လုပ်နေတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခုနတုန်းက ဦးငွေလင်းပြောသွားသလိုပါပဲ ကျနော်တို့ပါတီဟာ ပြည်သူလုထုကနေပြီးတော့ တခဲနက် ရွေးကောက်တင်မြှောက်ထားတဲ့ပါတီ၊ ပြည်သူလုထုကနေပြီးတော့ တခဲနက် ထောက်ခံနေတဲ့ပါတီ၊ ဒီပါတီဟာ ကျနော်တို့ မည်သူကမှ၊ အစိုးရအဖွဲ့လို ဌာနတစ်ရပ်ကနေပြီးတော့ ကျနော်တို့ကို ပျက်ပြယ်ပြီလို့ ပြောလို့မရပါဘူးဆိုတဲ့ ယုံကြည်ချက်နဲ့ ကျနော်တို့ ဆက်ပြီးတော့ ရပ်တည်ခဲ့ပါတယ်။ အဲဒီရပ်တည်ချက်ဟာ ဒီကနေ့အထိ ကျနော်တို့ ရှင်သန်နေတယ်။ ဒီနေ့အထိ ခိုင်မြဲနေတယ်။ ဒီနေ့အထိ တရားဝင်တည်တံ့နေတယ်လို့ ကျနော်တို့ အဲလိုပဲ ပြောချင်ပါတယ်။ ကိုငွေလင်း ပြောပါဦး။

ဦးငွေလင်း။ ။ ဟုတ်ကဲ့ ဆရာ။ ကျနော် အကြံပြုချင်တာကတော့ လက်ရှိလုပ်နေတဲ့ ကွန်ယက်တွေရှိတယ်။ အဲဒီ ကွန်ယက်တွေ လုပ်နေတာ၊ လူငယ်တွေနဲ့ ပြီးခဲ့တဲ့ ရက်တွေက ဆွေးနွေးပွဲတွေလုပ်ကြတာ ကျနော်တို့ကြားရတာ အရမ်းအားရတယ် ဆရာ။ အဲဒီတော့ လူငယ်ကွန်ယက်တွေ၊ လယ်သမားကွန်ယက်တွေ၊ ရှေ့နေကွန်ယက်တွေ ဖွဲ့ထားတယ်ဆိုတဲ့ ဥစ္စာကိုလည်း ကျနော်တို့ အများကြီး အားရပါတယ်။

အဲဒီတော့ အဲဒီကွန်ယက်တွေဖွဲ့ပြီးတော့ လူထုတွေကြားထဲမှာ လူထုတွေ တကယ်ဒုက္ခ၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘ၀တွေထဲမှာ ဒီပါတီဟာ အတူရှိနေပြီးတော့မှ အဲဒီလူထုတွေရှေ့ကနေ ရပ်ခံတဲ့ လုပ်ငန်းတွေ အမှန်လုပ်ရမှာပဲ ဆရာ။ ဘာကြောင့်လဲဆိုရင် NLD က တကယ့် လူထုတပ်ဦးပါတီဖြစ်ပြီး လူထု အကျိုးကို ရှေ့ရှုထားတဲ့ပါတီဖြစ်တယ်ဆိုတာ သေချာနေတော့ ဘယ်သူကတားတား ဒီကိစ္စတွေကို မလုပ်ဘဲ ရပ်နေလို့ မရဘူး။ အဲဒါ ပါတီရဲ့ တကယ့်သမိုင်းပေးတာဝန်ဖြစ်သွားပြီလို့ ကျနော်တော့ အဲဒီလိုမြင်တယ် ဆရာ။ အဲဒီလုပ်ငန်းတွေကို ပါတီက တက်တက်ကြွကြွ ဘယ်သူတားတား ဆက်သွားရမှာပဲလို့ ကျနော်တော့ အဲဒီလို သဘောရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဆရာ့သဘောထား အမြင် ပြောပြပါဦး။

ဦးဝင်းတင်။ ။ ကျနော်တို့ကလည်း ရပ်တည်ရမှာပဲလို့ ကျနော်တို့ ဒီကနေ့အထိ ဆုံးဖြတ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က လူထုရဲ့ အကျိုးကို ပြုခဲ့ပြီးပြီဗျာ။ လူထုတရပ်လုံးဆိုတာ ပြည်ထောင်စုတိုင်းရင်းသား အားလုံးဆီက ထောက်ခံမှုတွေ ရခဲ့ပြီးပြီ။ အဲဒီလို ရခဲ့ပြီးတဲ့ ပါတီတရပ်ဟာ လွယ်လွယ်ကူကူနဲ့ လူထုကို စွန့်ခွါမသွားနိုင်ဘူးလို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။

အဲဒီတော့ ကျနော်တို့ ဒီ မတ်လ (၂၉) ရက်နေ့ နောက်ပိုင်းက စပြီးတော့ ကျနော်တို့ ပါတီဟာ လူထုကြားထဲကို ဆင်းတယ်။ လူထုနဲ့ တွေ့ဆုံတယ်၊ လူထုရဲ့အကျိုးပြုလုပ်ငန်းတွေကို လုပ်ပေးဖို့ လုပ်တယ်၊ လူထုရဲ့ ဆန္ဒသဘောထားတွေကို ကျနော်တို့ မေးမြန်းစုံစမ်းတယ်။ အဲဒီလို ရပ်တည်နိုင်ခြင်းကြောင့်လည်း ကျနော်တို့ဟာ ရွေးကောက်ပွဲကာလတွေမှာရော ရွေးကောက်ပွဲလွန်ကာလတွေမှာရော ရွေးကောက်ပွဲ အကြိုကာလတွေမှာရော ပြည်သူလူထုနဲ့ တသားတည်း ဖြစ်ခဲ့တယ်လို့ ကျနော်တို့ ပြောနိုင်တဲ့ပါတီ ဖြစ်ခဲ့ပါတယ်။

အဲဒီတော့ ကျနော်တို့ ပြောချင်တာကတော့ ကျနော်တို့ဟာ ဒီ NLD ဟာ လူထုကို အခြေပြုတဲ့ ပါတီ နော်၊ အာဏာကို အခြေပြုတဲ့ပါတီ မဟုတ်ဘူး။ အစိုးရအဖွဲ့ဆိုတဲ့ လုပ်ငန်းတစ်ရပ်ကို အခြေပြုတဲ့ပါတီ မဟုတ်ဘူး။ ဆိုပါတော့ဗျာ ကျနော်တို့ဟာ လူထုကို အခြေပြုတဲ့ပါတီ ဆိုတဲ့ အနေအထားကလွဲလို့ ဘာအနေအထားမှ မရှိဘူးလို့ ကျနော်တို့ ပြောလို့ရတဲ့ ပါတီ ဖြစ်ပါတယ်။ အဲဒီကနေတဆင့်ဆိုလို့ရှိရင်တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အခါမှာ ကျနော်တို့ပါတီရဲ့ရပ်တည်မှုက သိပ်သည်းခိုင်မာတယ်လို့ ပြောလို့ရတဲ့အနေအထားကို ရောက်သွားပါတယ်။ အဲဒီလို အနေအထားပဲ ဖြစ်ပါတယ်ဗျာ။ ပြောပါဦး။

ဦးငွေလင်း။ ။ ကျနော်တို့ နိုင်ငံမှာ ဘာတွေလိုအပ်နေသလဲ ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး မုချ လိုအပ်နေတယ်ဆရာ။ နောက်ပြီးတော့ လူထုတွေရဲ့ နေ့စဉ်ဘ၀ စားဝတ်နေရေး ဘ၀တွေ ဒုက္ခက သိပ်ကြီးနေတယ်။ နောက်တခုက လူထုတွေကို ဘာအာမခံချက်မှ မပေးတဲ့ ၂၀၀၈ အခြေခံဥပဒေကြီးကို ကျနော်တို့ ပြန်ပြင်ဖို့ ဆိုတဲ့ ကိစ္စတွေက အမှန်တကယ်လိုသေးတယ် ဆရာ။ နောက် နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ ကျော် ဒုက္ခသိပ်ရောက်နေတာ။

ဒီကိစ္စကိုလည်း ဖြေရှင်းပေးရဦးမှာ ရှိတယ်ဆရာ။ အဲဒီတော့ အဲဒီကိစ္စတွေကို ဆောင်ရွက်ဖို့ ဆိုလို့ရှိရင် လူထုတွေ အားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံရေး အင်အားစုတွေ အားလုံးမှာ တာဝန်ရှိတယ်။ ပိုပြီး တာဝန်ကြီးတာက တပ်ဦးမှာရှိနေတဲ့ NLD မှာ တာဝန်ရှိပါတယ်။ လူထုရဲ့ တပ်ဦးပါတီဖြစ်တဲ့ NLD ဟာ လူထုအားကို အရယူပြီးတော့မှ လူထုနဲ့ သွားရတော့မယ်၊ လူထုနဲ့ ချီရတော့မယ်။ ဒီကိစ္စတွေကို လူထုနဲ့အတူပဲ ဖြေရှင်းကြရတော့မယ်လို့ ကျနော်တော့ အဲလိုမြင်တယ်ဆရာ။

ဆရာ အမြဲ ထောက်ထောက်ပြနေတဲ့ Body Politics ပေါ့ ဆရာ၊ လူထုနိုင်ငံရေး နည်းကလွဲရင် တခြားနည်းနာ ဘာမှမရှိတော့ဘူး။ ဘယ်သူ့ကိုမှလည်း စောင့်စရာ မလိုဘူး။ ဘယ်သူ့ ခွင့်ပြုချက်မှလည်း ယူစရာမလိုဘူး။ လူထုနည်း နဲ့ပဲ ကျကျနန ချီတက်ရတော့မယ်လို့ ကျနော်တော့ အဲဒီလို မြင်တယ် ဆရာ။ အဲဒီအမြင်အပေါ်မှာ ဆရာ့သဘောထားလေး သိပါရစေ ဆရာ။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့ ကျနော်တို့ကလည်း အခု အဲဒါပဲ။ ကျနော်တို့က တာဝန်ခန်းတွေက မဆုံးဘူး။ NLD ဟာ ၁၉၈၈ လူထုအရေးတော်ပုံကြီးက ပေါက်ဖွားလာတဲ့ ပါတီဖြစ်တဲ့အတွက် လူထုအရေးတော်ပုံကြီးရဲ့ တာဝန်တွေ၊ အရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေအတွက် ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ကျနော်တို့က ခံယူမြဲ ခံယူလျှက် ရှိပါတယ်။ ကျနော်တို့ ပါတီကိုင်တိုင်ကနေပြီးတော့ ၁၉၈၈ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ဒေါ်စုကိုယ်တိုင် မှတ်ပုံတင်ထားတာ ရှိပါတယ်။ ဒီမှတ်ပုံတင်ခြင်းဟာ ဒီနေ့အထိ တည်မြဲခိုင်မာလျှက် ရှိတယ်လို့ ကျနော်တို့က ယူဆတယ်။

သို့သော် ဘာပဲပြောပြော ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတာကို အတည်မပြုဘူးလို့ ဆိုရင်တောင်မှ ကျနော်တို့က လက်မခံနိုင်ဘူး။ ကျနော်တို့က လူထုဆီမှာ မှတ်ပုံတင်ထားတာ။ အရေးတော်ပုံမှာ မှတ်ပုံတင်ထားတာ။ အဲဒီတော့ လူထုဆီမှာ မှတ်ပုံတင်ထားတဲ့ပါတီ၊ အရေးတော်ပုံမှာ မှတ်ပုံတင်ထားတဲ့ပါတီ၊ လူထုနဲ့အတူ ချီတက်နေတဲ့ပါတီ ဖြစ်တဲ့အခါကျတော့ ကျနော်တို့ဟာ ဒီယုံကြည်ချက်တွေကို ကျနော်တို့ လွယ်လွယ်နဲ့ မလျှော့နိုင်ပါဘူး။

အဲဒီတော့ ခုနတုန်းက ပြောသလိုပဲ ကျနော်တို့ ပါတီက ဘာပဲပြောနေနေ ကျနော်တို့ရဲ့ နောက်ဆုံး ရည်မှန်းချက်ဟာ ဒီအရေးတော်ပုံ ကာလတုန်းက လူထုမျှော်မှန်းခဲ့တဲ့ မျှော်မှန်းချက်များကို အကောင်အထည် ဖော်သွားဖို့ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အဲဒီလို အကောင်အထည် ဖော်သွားဖို့ဆိုရင် ကျနော်တို့ဟာ ကျနော်တို့ကိုယ် ကျနော်တို့ လူထုဆီမှာ မှတ်ပုံတင်ထားတဲ့ပါတီ ပီပီ ကျနော်တို့ဟာ လူထုနဲ့ တသားတည်းရှိတဲ့ပါတီ ဖြစ်အောင် ကျနော်တို့ တည်ဆောက်သွားရမှာပဲ။ ခင်ဗျား ခုန ပြောသလို ဘယ်သူမှ အသိအမှတ်ပြုသည်ဖြစ်စေ အသိအမှတ်မပြုသည် ဖြစ်စေ ကျနော်တို့ရဲ့ အရေးကြီးတဲ့တာဝန်က လူထုကနေပြီးတော့ ကျနော်တို့ကို ထောက်ခံနေသမျှ ကာလပတ်လုံး လူထုကနေ ကျနော်တို့ကို ယုံကြည်နေသမျှ ကာလပတ်လုံး လူထုကနေ ကျနော်တို့ကို ၀န်းရံနေသမျှ ကာလပတ်လုံး ကျနော်တို့ပါတီဟာ ရှိနေတယ်လို့ ကျနော်တို့ကတော့ ယူဆတယ်။

ဒါ ကျနော်တို့ရဲ့ ယုံကြည်ချက်၊ ခံယူချက် သဘောထားပေါ့ဗျာ။ အဲဒီသဘောထားတွေကို ကျနော်တို့က ဒီဟာတွေ အဲဒီလို လုပ်တဲ့အတွက် ကျနော်တို့မှာ အစိုးရနဲ့ ကဏ္ဍကောဇ အဖြစ်မြင်လာတယ်။ ကျနော်တို့ကတော့ သာမန်အားဖြင့် မဖြစ်ချင်ဘူး။ သာမန်အားဖြင့် ကျနော်တို့ အစိုးရနဲ့ ညှိနှိုင်းချင်တယ်။ ကျနော်တို့ပါတီရဲ့ တရားဝင်ရပ်တည်ချက်ကို ကျနော်တို့ လိုလားပါတယ်။ ဘာဖြစ်လို့ လိုလားလဲဆိုတော့ ကျနော်တို့ တရားဝင်ရပ်တည်ချက် ရှိမှသာလျှင် ကျနော်တို့ဟာ နိုင်ငံရေးမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ကျနော်တို့ လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။

သို့သော် အဲဒီဟာတွေ အကုန်ုလုံးကို ဒီအစိုးရကနေပြီးတော့ အသိအမှတ်မပြုဘူး။ အစိုးရကနေ ရပ်တန်းက ရပ်ပါ ဆိုတဲ့ဟာမျိုး လုပ်လာရင်တော့လည်း ၁၉၈၈ အရေးတော်ပုံ ကာလကြီးရဲ့ တာဝန်ရှိတဲ့အတိုင်းပဲ ကျနော်တို့ဟာ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားရမှာပဲ။ တာဝန်တွေကို ထမ်းရွက်သွားရမှာပဲ တာဝန်တွေကို ဖြည့်ဆည်းသွားရမှာပဲလို့ ကျနော်တို့က ယူဆပါတယ်။ ဦးငွေလင်း ပြောပါဦးခင်ဗျ။


ဦးငွေလင်း။ ။ အခု ဆရာပြောပြတဲ့ဥစ္စာက အင်မတန် အားရစရာကောင်းပါတယ်ဆရာ။ သေချာပါတယ်။ ကျနော်တို့ က လူထုဆီမှာ မှတ်ပုံတင်ထားတယ်။ အရေးတော်ပုံကြီးမှာ မှတ်ပုံတင်ထားတယ်ဆိုတာ အမှန်ပဲ ဆရာ။ တကယ်တမ်းကျတော့ NLD ပဲဖြစ်ဖြစ်၊ (၉၀) ရွေးကောက်ပွဲရလဒ်ပဲဖြစ်ဖြစ် အဲဒါတွေအားလုံးက လူထုတွေ အသက်တွေ၊ ဆန္ဒတွေ အကုန်ပေးပြီတော့မှ ရယူထားတဲ့ ဥစ္စာတွေဖြစ်တယ်ဆရာ။ ဖြစ်တာကြောင့်မို့လို့ အဲဒီ ဥစ္စာတွေကို ဘယ်သူက ဘယ်လိုတားတား၊ ဘယ်လို စိတ်ဆန္ဒနဲ့ပဲတားတား ဒီဥစ္စာ တားလို့မရဘူးဆရာ။ ကျနော်တို့ ဆက်ပြီးရပ်လို့ရတယ်။

အစောက ဆရာပြောသလိုပဲ လူထုရဲ့ အကျိုးကို ကျနော်တို့ သယ်ဆောင်နေသမျှ၊ လူထုက ကျနော်တို့ကို ထောက်ခံဝန်းရံနေသမျှ၊ ဘယ်သူဖျက်လို့မှ မရဘူးဆရာ၊ အဲဒါကို ကျနော်တို့ရဲရဲပဲ လူထုရဲ့အရိပ်၊ လူထုရဲ့ အကာအကွယ်နဲ့၊ လူထုကိုရှေ့ဆောင်ပြီး သွားကြရမှာပဲ ဆရာ။ အဲဒီအတွက် ကျနော်တို့အပြည့်အဝ ထောက်ခံပါတယ်ဆရာ။ ကျနော်တို့ ပါတီအနေနဲ့ပဲဖြစ်ဖြစ်၊ ကျနော်တို့ပါတီနဲ့ သက်ဆိုင်တဲ့အဝန်းအဝိုင်းတွေအနေနဲ့ပဲ ဖြစ်ဖြစ်၊ ကျနော်တို့အပြည့်အဝထောက်ခံပါတယ်။

အဲဒီနည်းနဲ့ပဲ လူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုနဲ့အတူ ချီတက်တဲ့နည်း၊ အဲဒီနည်းကသာလျှင် ကျနော်တို့အတွက် အကောင်းဆုံးအရိပ်ဖြစ်လိမ့်မယ်၊ အကောင်းဆုံးအကာ အကွယ်ဖြစ်လိမ့်မယ် ကျနော်တို့လည်း ယုံကြည်ပါတယ် ဆရာ။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့။ အချိန်ကလည်း နည်းသွားပြီဆိုတော့ ကိုငွေလင်းရေ။ အဲတော့ နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင် တာကတော့ ကျနော်တို့ဟာ စောစောက ပြောသလို လူထုကို အခြေပြုတဲ့ပါတီ၊ လူထုရဲ့ဝန်းရံမှုကို ရရှိတဲ့ပါတီ၊ ဦးဆောင်မှုကို ရရှိတဲ့ပါတီ ဒီပါတီတစ်ရပ်အနေနဲ့ကတော့ ကျနော်တို့မှာ လူထုရဲ့တာဝန်အများကြီးရှိနေတယ်လို့ပဲ ယူခံပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးမျိုးသော အတားအဆီး အပိတ်အပင်တွေ ကြားကပဲ၊ လူထုနဲ့တွေ့ဖို့ကို ကြိုးစားမြဲ ကြိုးစားနေတာ ဖြစ်တယ်လို့ ကျနော် ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုကို စွန့်ခွာခြင်းမပြုဘူး၊ စွန့်ပယ်ခြင်းမပြုဘူး၊ ကျောခိုင်းခြင်း မပြုဘူး၊ သူ့မှာ ရှိတဲ့ တာဝန်တွေ၊ ဦးဆောင်မှုတွေ၊ ရတဲ့နည်းနဲ့ အားထုတ်နေတယ်။ သို့သော် တစ်ခုရှိတယ် သူရဲ့ အားထုတ်မှုတွေက ကျနော်တို့ ချိန်ဆရမှာပေါ့။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တစ်ဦးလည်းဖြစ်နေပြီး၊ အမျိုးသားခေါင်းဆောင်လည်း ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အများကြီးချိန်ဆရတွေတော့ရှိပါတယ်။

အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား စဉ်းစားကြည့်ဗျာ။ ပါတီအနေနဲ့ကတော့ လူထုကြားထဲ တိုးဝင်ဖို့အတွက် လူထုကို ရှေ့ဆောင်သွားဖို့အတွက်၊ လူထုနဲ့ လက်တွဲဖို့အတွက် ကျနော်တို့ကတော့ အမြဲတမ်းအဆင်သင့်ရှိနေတယ်ဆိုတာကိုတော့ ကျနော် အဲလောက်တော့ ပြောပြချင်ပါတယ်ဗျာ။

ဦးငွေလင်း။ ။ ကျနော်တို့သေသေချာချာပဲ ဆရာ။ ရွှေဂုံတိုင်ကြေညာစာတန်းမှာ ပါသလိုပဲ ကျနော်တို့ လုပ်စရာရှိတဲ့ အလုပ်တွေကိုတော့ ကျနော်တို့ သေသေချာချာလုပ်ရလိမ့်မယ် ဆရာ။ ပြီးတော့ လူထုကို ကျနော်တို့ အစောက ဆရာပြောသလိုပဲ လူထုကို အလုပ်အကျွေးပြုရေး၊ လူထုဆန္ဒတွေကို အပြည့်အဝ အကောင်အထည်ဖော်ရေးဆိုတဲ့ကိစ္စဟာ ကနေ့ လူထုရဲ့ တပ်ဦးပါတီတွေရဲ့ တာဝန်အစစ်ပဲ ဖြစ်တာမို့လို့ ဆရာတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဦးဆောင်မှုနဲ့အတူ ဒီ NLD က သေသေချာချာပဲ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တို့လည်း ယုံကြည်ပါတယ်ဆရာ။

ဆရာတို့နှင့်အတူ CRPP အဖွဲ့အစည်းတွေလည်း အားလုံး ပူးပေါင်းပြီးတော့မှ ပြည်တွင်း၊ ပြည်ပ အင်အားစုတွေ အားလုံးပူးပေါင်းပြီးတော့မှ လူထုနဲ့အတူ ကျနော်တို့ အောင်ပွဲကို အရယူနိုင်မှာပဲ၊ မုချရယူနိုင်မှာပါ၊ ဘယ်သူဖျက်ဖျက် မပျက်နိုင်ဘူးဆိုတာကို ကျနော့်အနေနဲ့လည်း အာမခံပြီးတော့မှ တကယ့်ရဲရဲတင်းတင်း ပြောချင်ပါတယ်ဆရာ။ ဆရာတို့ကို နှုတ်ဆက်ပါတယ်ဆရာ။

ဦးဝင်းတင်။ ။ ဟုတ်ကဲ့။ တကယ်လည်း အားရှိပါတယ်ဗျာ။ ဆက်ပြီးတော့ ကျနော်တို့လည်း လူထုကို အခြေပြုတဲ့ပါတီတစ်ရပ်အနေနဲ့ ဆက်လက်ပြီးတော့ ဘာပဲပြောနေနေ ကျနော်တို့ဘာမှ စိတ်ပျက်အားငယ်စရာမရှိပါဘူး။ ရုန်းကန်လှုပ်ရှားသွားကြရမှာပါပဲ။ ကျေးဇူးတင်ပါတယ်ဗျာ။

No comments:

Post a Comment