Wednesday, July 6, 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးစာ နဲ့ပတ်သက်လို့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ အမြင်

VOA တိုက်ရိုက်လေလိုင်း အစီအစဉ် (၁-၇-၂၀၁၁) တွင် ပြောခဲ့သည့် သဘောထား။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အခုလို မြန်မာအစိုးရကနေပြီးတော့ တရားဝင်နိုင်ငံရေးပါတီ မဟုတ်ဘူး၊ နိုင်ငံရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ သတိပေးစာ ထုတ်တာနဲ့ပတ်သက်လို့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ အမြင်ကို သိချင်ပါတယ်။ NLD ကို တကယ်ပဲ သူတို့ ဖျက်သိမ်းဖို့ ပြင်နေပြီလား။ ဘယ်လိုမြင်ပါသလဲ ခင်ဗျာ့။ ဆိုတဲ့မေးခွန်းကို အခုလိုဖြေကြားခဲ့ပါတယ်။

“အခြေခံအားဖြင့်တော့ အကြောင်း (၂) ခုတော့ ရှိလိမ့်မယ်လို့ ကျနော်တော့ ထင်တယ်။ ပထမတစ်ခုကတော့ ကျနော်တို့ ခင်ဗျားတို့ အားလုံးသိတဲ့အတိုင်းပဲ မြောက်ပိုင်းမှာ ဒီတိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတယ်။ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အရှိန်ကလည်းပဲ ခုနလို့ တိုးလိုက် လျော့လိုက်ပေါ့နော်။ ပြန်ပြီးတော့လည်းပဲ လက်နက်ကိုင်တိုက်ပွဲတွေ ခေါင်းထောင် လာနိုင်တဲ့အနေအထားရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ တဖက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်းပဲ နယ်တွေကို သွားမယ်ဆိုတဲ့ သတင်းတွေ ပြန့်နေတယ်။ အဲဒီ နယ်တွေကို သွားလို့ရှိရင်လည်း ဒေါ်အောင်ဆန်းစုကြည်သွားတဲ့အခါမှာ ပြည်သူလူထုက ဘာပဲပြောပြော အုံးအုံးကျွတ်ကျွတ်နဲ့ ပါမယ့် အနေအထားမျိုး ဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးကို ဒီ နအဖ စစ်အုပ်စုက၊ နအဖ စစ်အုပ်စုလို့ပဲ ပြောပါတော့ဗျာ၊ နဂိုလူတွေနဲ့ အခုလူတွေနဲ့ သိပ်ကွာတာ မဟုတ်တော့၊ ဒီလူတွေက နည်းနည်းတားချင်ပုံရတယ်။ သွေးတိုးစမ်းပြီးတော့ တားကြည့်တာ ဖြစ်လိမ့်မယ်လို့ ကျနော်တော့ ပထမ တစ်ချက်အနေနဲ့ ကျနော် အဲဒီလို ပြောချင်ပါတယ် “



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ်တန်းဆိုလို့ရှိရင်တော့ အဓိက အတိုက်အခံအင်အားစုလို့ ပြောလို့ရပါတယ်ခင်ဗျာ့။ အဲဒီတော့ မြန်မာအစိုးရကတော့ ဘာပဲပြောပြော သူတို့ပြောနေတာကတော့ ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်ကို ထူထောင်မယ် သွားမယ်လို့ ပြောနေတဲ့အချိန်မှာ အတိုက်အခံကို မထားလိုတဲ့သဘောများ သက်ရောက်နေသလား။ ကိုအောင်မိုးဇော်ရဲ့ အမြင် ဘယ်လိုရှိပါသလဲ။ ဆိုတဲ့မေးခွန်းကို ဖြေကြားရာမှာ—

“ပထမ တစ်ချက်ပြောချင်တာက အခု နအဖ တဖြစ်လဲပေါ့ဗျာ ဒီအစိုးရပြောနေတဲ့ပုံစံက နိုင်ငံရေးနဲ့ပတ်သက်လို့ ပြောချင် ဆိုချင်လို့ရှိရင် အကန့်အသတ်နဲ့ လွှတ်တော်ထဲမှာ လာပြော၊ သူတို့ခွင့်ပြုတာကို လွှတ်တော်ထဲမှာ ပြောရမယ်။ အပြင်ကလူတွေ နိုင်ငံရေးကိစ္စ မလုပ်နဲ့ နိုင်ငံရေးမပြောနဲ့ ဆိုတဲ့ ပုံစံကို သူတို့လုပ်နေတာပဲ။ တကယ်တန်း ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း ခုနပြောတဲ့ နိုင်ငံသားတဦးချင်းစီရဲ့ လွတ်လပ်ခွင့်၊ နိုင်ငံရေးပါတီတွေရဲ့ အခြေအနေ။ ကျနော်တို့ဆီက နိုင်ငံရေးပါတီတွေရဲ့ အနေအထားလည်း ခင်ဗျားသိတဲ့အတိုင်းပဲ။ ဆိုတော့ နိုင်ငံရေးပါတီတွေကို ဘယ်လိုပုံစံနဲ့ ခွင့်ပြုထားတယ်ဆိုတာတော့ သိတဲ့အတိုင်းပဲ။ သူလုပ်နေတဲ့ ပုံစံကတော့ ခုန သူတို့ခေါင်းဆောင်မှုနဲ့ သူတို့ဘာသာသူတို့ တိုင်းပြည်ကိုရှေ့ဆက်သွားမယ်။ အဲဒီနောက်မှာ သိပ်များများစားစား မပြောနဲ့။ ပြောချင်လည်း လွှတ်တော်ထဲမှာ နည်းနည်းပါးပါး လာပြော။ ဒီအတိုင်းဆက်သွားမယ်ဆိုတဲ့ အချိုးမျိုးကို ချိုးနေတာပဲ။ ဆိုတော့ ကျနော့်အနေနဲ့ ပြောချင်တာကတော့ ခုနက ပုဂ္ဂိုလ်တွေ ပြောခဲ့တဲ့အတိုင်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သာမန်နိုင်ငံရေး အဖွဲ့အစည်းမဟုတ်ဘူး။ သာမန်နိုင်ငံရေးပါတီ တစ်ခုမဟုတ်ဘူး။ တခြား အခုရှိနေတဲ့ နိုင်ငံရေးပါတီနဲ့ သွားနှိုင်းယှဉ်လို့ မရဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လူထု နှလုံးသားထဲမှာရှိတဲ့ နိုင်ငံရေးပါတီတစ်ခုဖြစ်တယ်။ အဲဒီလိုပဲ တကမ္ဘာလုံးက ထောက်ခံတဲ့ နိုင်ငံရေးပါတီတခု ဖြစ်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး ဒီကိစ္စတွေကို တိုးတက်စေချင်တယ်ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဍကို ကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်နေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို လက်ရှိအစိုးရက တစုံတရာ အသိအမှတ်ပြုရလိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးရလိမ့်မယ်။ တပြိုင်နက်တည်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဆွေးနွေးသလိုပဲ။ ဒီဘက်မှာရှိတဲ့ ကျနော်တို့ တိုင်းရင်းသားအင်အားစုတွေနဲ့ လည်းပဲ ကနေ့ KIO နဲ့ပဲဖြစ်ဖြစ်၊ ၀သပ နဲ့ပဲဖြစ်ဖြစ်၊ တခြား KNU နဲ့ပဲ ဖြစ်ဖြစ်ပေါ့နော်။ ဒီအင်အားစုတွေနဲ့ ဆွေးနွေးရလိမ့်မယ်။ ဒီနှစ်ခုကို ဒီအစိုးရ မလုပ်ဘူးဆိုလို့ရှိရင် ကနေ့ ကျနော်တို့တိုင်းပြည် ပြန်ပြီးတော ဖွံ့ဖြိုးတိုးတက်နိုင်တဲ့အခြေအနေ၊ စီးပွားရေးအရ တိုးတက်နိုင်တဲ့ အနေအထား၊ ငြိမ်းချမ်းမှုကို ရှေ့ရှုနိုင်တဲ့ အနေအထား ရောက်မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ အဲဒီလိုပဲ ပြောချင်တယ်။ အဓိက ကျနော်ပြောချင်တာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကနေ့ စစ်အုပ်စု ကနေ့အစိုးရက အလေးထားပြီးတော့ ဆွေးနွေးရမယ့် နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဆွေးနွေးပါလို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ “

အစိုးရသစ်ရဲ့ အခုလုပ်တဲ့ခြေလှမ်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လုံးဝ ဖျက်သိမ်းနိုင်မယ့် ဖျက်သိမ်းတော့မယ့် ခြေလှမ်းလို့ မြင်ပါသလား။ ကိုအောင်မိုးဇော် ဘယ်လိုမြင်ပါသလဲ။ လို့ VOA ကမေးမြန်းခဲ့ရာမှာ—–

“ကျနော့်အနေနဲ့ မြင်တာကတော့ သူတို့ အနှေးနဲ့ အမြန်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်သတ်လာလိမ့်မယ်။ သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်က ဖယ်ရှားနိုင်ဖို့ ကြိုးစားလိမ့်မယ်။ သူတို့ကြိုးစားလာတာ အနှစ် ၂၀ လောက်ရှိနေပြီ အခုအချိန်ထိတောင် မအောင်မြင်သေးဘူး။ ဆက်ပြီးတော့လည်း ကြိုးစားလိမ့်မယ်လို့ ကျနော်အဲဒီလိုပဲ ယူဆတယ်။ ”

ဟုတ်ကဲ့ တကယ်တန်းသူတို့ကြိုးစားသလို တကယ်တန်းရော ပထုတ်လို့ ရပါ့မလား။ ကိုအောင်မိုးဇော် အမြင် သိချင်ပါတယ်။

” ကျနော် တင်ပြခဲ့သလိုပါပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရှိတယ်။ တပြိုင်နက်တည်းမှာ တကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ရထားတာဖြစ်တယ်။ ဒီလို လွယ်လွယ်နဲ့တော့ ဖျောက်ဖျက်လို့ ဖယ်ထုတ်လို့ ရမယ်လို့ ကျနော်တော့ မယူဆပါဘူး။ ”

ဟုတ်ကဲ့ ကျနော်တို့ ဟိုတနေ့က အင်တာဗျူးမှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းပေါ့နော် မြန်မာနိုင်ငံကို မကြာခင်ကသွားခဲ့သူက ပြောပါတယ်။ အခုလုပ်ရပ်ဟာ အမေရိကန်ပြည်ထောင်စုအပါအ၀င် ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာအစိုးရသစ်က ဆက်ဆံရေးကောင်းဖို့ ကြိုးပမ်းနေတယ်ပေါ့နော်။ ဒီကြိုးပမ်းမှုတွေကို ထိခိုက်လာစရာရှိတယ်လို့ မြင်ပါတယ်။ အဲဒီတော့ ဒီလိုများလုပ်လို့ရှိရင် နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာ နိုင်ငံတကာရဲ့ တုန့်ပြန်မှုကရော ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ ကိုအောင်မိုးဇော် အမြင်ကို သိချင်ပါတယ်။

” အခြေခံအားဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ဖြစ်ဖြစ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကိုပဲဖြစ်ဖြစ် ဒီတွေ့ဆုံဆွေးနွေးပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေကို အဖြေရှာတာဟာ အကောင်းဆုံးပဲလို့ ကျနော်တော့ ထင်တယ်။ နောက်တခုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တည်ရှိမှုကို မထိခိုက်တာ၊ တည်ရှိမှုကို အသိအမှတ်ပြုတာဟာ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော်တော့ အဲဒီလို ယူဆတယ်။ အဲလိုမှ မဟုတ်ဘူး ဆိုလို့ရှိရင် တိုင်းပြည်ထဲမှာ တခြား နောက်ဆက်တွဲပြဿနာတွေ အများကြီး ဖြစ်ပေါ်လာနိုင်တယ်။ အခု ကျနော်တို့ စကားပြောနေတဲ့ အချိန်မှာပဲ ခုနလို မြောက်ပိုင်းမှာရော တောင်ပိုင်းမှာရော အလယ်ပိုင်းမှာရော စသည်ဖြင့် တိုက်ပွဲတွေက နေ့စဉ်နှင့်အမျှတွေလည်း ဖြစ်နေတယ်။ တိုင်းပြည်ရဲ့အခြေအနေက ရေရှည်အလားအလာကတော့ သိပ်မကောင်းဘူး။ ကနေ့အစိုးရမှာ တကယ်တန်းကျတော့ ရန်သူတွေ တအားများနေတယ်။ ဒီလိုအခြေအနေမျိုးတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေပြေလည်လည်နဲ့ ဖြေရှင်းနိုင်ဖို့ လိုတယ်လို့ ကျနော့်အနေနဲ့ အဲလိုပဲပြောချင်တယ်။ ဒါမှလည်း နိုင်ငံတကာရဲ့ထောက်ခံမှု၊ နိုင်ငံတကာရဲ့စာနာမှု ရရှိမှာဖြစ်တယ်လို့ ကျနော် အဲဒီလို ပြောချင်ပါတယ်။ “

1 comment:

  1. ကျနော့်အနေနဲ့ မြင်တာကတော့ သူတို့ အနှေးနဲ့ အမြန်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကန့်သတ်လာလိမ့်မယ်။ သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်က ဖယ်ရှားနိုင်ဖို့ ကြိုးစားလိမ့်မယ်။ သူတို့ကြိုးစားလာတာ အနှစ် ၂၀ လောက်ရှိနေပြီ အခုအချိန်ထိတောင် မအောင်မြင်သေးဘူး။ ဆက်ပြီးတော့လည်း ကြိုးစားလိမ့်မယ်လို့ ကျနော်အဲဒီလိုပဲ ယူဆတယ်။ ”

    ဒီယူဆချက်ကတော့ လုံဝငြင်းမရတဲ့အချက်ပဲ။

    ReplyDelete