Friday, July 22, 2011

ဧရာဝတီကို ကာကွယ်ကြ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၃/၂၀၁၁)

(၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်)

(၁) ချီဖွေ၊ 
(၂) ပါရှီ၊ 
(၃) လာကင်၊ 
(၄) ဖီဇော၊ 
(၅) ခေါင်လန်းဖူး၊ 
(၆) လာဇာ။

ဧရာဝတီမြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်များပေါ်တွင် တည်ဆောက်မည့် ဆည်ခြောက်ခု၏ အမည်များဖြစ်သည်။ မေခ၊ မေလိခ မြစ်ဆုံတွင်ဆောက်မည့် ဆည်တခုအပါအဝင် ဆည် ၇ ခု တည်ဆောက်မည့် စီမံကိန်းစတင်သည့် အမြောက်သံသည် ဧရာဝတီမြစ်အတွက် သေမင်းတမန် ခေါင်းလောင်းထိုးသံဖြစ်သည်။

နှစ်ပေါင်းများစွာ အလွန်အကျွံ သစ်ခုတ်လှဲမှုများကြောင့် ရေဝေရေလဲဒေသများတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်နေခဲ့သည်။ မြစ်ရိုးတလျောက် စည်းကမ်းမဲ့ ရွှေထုတ်ယူမှု၊ ကျောက်မျက်တူးဖော်မှုများကြောင့် သောင်ထွန်းမှု၊ မြစ်ကြောင်းပြောင်းမှုများ ဖြစ်ပေါ်ပြီး ဧရာဝတီမှာ အသက်ငင်နေခဲ့ရသည်။ အရှည် ၁,၃၄၈ မိုင်ရှိသော မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှည်ဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်နှင့်ပတ်သက်၍ ပညာရှင်များက လွန်ခဲ့သည့် လေး၊ ငါးနှစ်လောက်ကတည်းက သတိပေးခဲ့ကြသည်။ ပြီးခဲ့သည့် နွေရာသီကဆိုလျှင် ဧရာဝတီမြစ်ကို လမ်းလျှောက်၍ ဖြတ်သန်းနိုင်လောက်အောင် ရေနည်းသွားသည့်အဖြစ်ကို မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာများက ဖော်ပြအသိပေးခဲ့သည်။ သို့သော် အာဏာပိုင်များက လျစ်လျူရှုခဲ့သည်။


ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုလျှင် ဒေသခံပြည်သူများ၏ဆန္ဒနှင့် ရေတိုရေရှည် အကျိုးစီးပွားများကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရမည် ဖြစ်သည်။ ဧရာဝတီသည် မြန်မာပြည်သူတရပ်လုံးပိုင်ဖြစ်သည့်အတွက် မြန်မာပြည်သူများ၏ ဆန္ဒနှင့် ရေတိုရေရှည် အကျိုးစီးပွားများကို ထည့်သွင်း တွက်ချက်ဆောင်ရွက်ရမည် ဖြစ်သည်။

ဧရာဝတီသည် မြန်မာ။ မြန်မာသည် ဧရာဝတီ ဖြစ်သည်။

ဧရာဝတီသည် မြန်မာပြည်သူတို့၏ အသက်သွေးကြော ဖြစ်သည်။

ဧရာဝတီမြစ်ရေကို သောက်သုံး၍ မြန်မာနိုင်ငံသားများ အသက်ရှင်ကြရသည်။

ဧရာဝတီမြစ်ရေကို ယူငင်၍ စိုက်ပျိုးမွေးမြူကြရသည်။

ဧရာဝတီမြစ်ရေကို အသုံးချ၍ ရောင်းဝယ်ဖောက်ကား ခရီးသွားကြရသည်။

ယခုမူ ဧရာဝတီ အသက်ငင်နေပြီ။

ထိုသို့ အသက်ငင်နေသည့် ဧရာဝတီ၏ မြစ်ညာဖြစ်သော မေခနှင့် မလိခ မြစ်ပေါ်တွင် ယခုဖော်ပြထားသည့် ဆည် ၇ ခု တည်ဆောက်မည့် စီမံကိန်းသည် …

စစ်အုပ်စုနှင့် ကြံ့ဖွံ့အစိုးရက ၎င်းတို့၏ အကျိုးစီးပွားအတွက် ဧရာဝတီနှင့် သဘာဝသယံဇာတများကို လက်ညှိုးထိုး ရောင်းစားခြင်း ဖြစ်သည်။ တရုတ်အစိုးရက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မြန်မာပြည်သူများ၏ ရေတိုရေရှည် အကျိုးစီးပွားများကို လျစ်လျူရှုခြင်း ဖြစ်သည်။

တရုတ်အစိုးရနှင့် ကြံ့ဖွံ့အစိုးရတို့သည် မြန်မာပြည်သူတို့၏ အသက်၊ မြန်မာပြည်သူတို့၏ ဘဝ၊ မြန်မာပြည်သူတို့၏ သမိုင်းကို အသိအမှတ်ပြုရန် မျက်ကွယ်ပြု၍ ယခုကဲ့သို့ ဆည်များတည်ဆောက်ရန် စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ အသက်ငင်နေသော ဧရာဝတီကို နောက်ဆုံးဇာတ်သိမ်းပေးရန် ခြေလှမ်းပြင်လိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ တာဝန်မဲ့မှုကြောင့် ဇီဝိန်ချုပ်တော့မည့် ဧရာဝတီ၏ နိဂုံးကို မြန်မာပြည်သူများအနေဖြင့် မျက်နှာလွှဲရန် မဖြစ်နိုင်ပါ။

ဧရာဝတီကို လူမျိုးစုံမြန်မာပြည်သူ တရပ်လုံးက ပိုင်ဆိုင်ကြသည်။ ထို့ကြောင့် ဧရာဝတီကို လူမျိုးစုံ မြန်မာပြည်သူတရပ်လုံးက ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်။

စစ်အုပ်စုနှင့် ကြံ့ဖွံ့အစိုးရက ဧရာဝတီကို မည်သို့ပင် တာဝန်မဲ့စွာ ပစ်ထားသည်ဖြစ်စေ တပ်မတော်သားများ အပါအဝင် မိမိတို့ ပြည်သူတရပ်လုံးအနေဖြင့် ဧရာဝတီကို ကာကွယ်စောင့်ရှောက်ရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရပါလိမ့်မည်။

No comments:

Post a Comment