Thursday, July 28, 2011

တွေ့ဆုံမှုမှ ဆွေးနွေးရေးသို့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၄/၂၀၁၁)
(၂၀၁၁-ခုနှစ် ဇူလိုင်လ ၂၈ ရက်)

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ ဇူလိုင်လ (၂၅) ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် အချိန် (၁) နာရီကြာ တွေ့ဆုံခဲ့ကြသည်။ ထိုတွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့အကြား (၁၀) ကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

ယခင်တွေ့ဆုံခဲ့သည့် (၉) ကြိမ်မှာ
၁။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၅ ရက်
၂။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၉ ရက်
၃။ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
၎။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်
၅။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်
၆။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၃ ရက်
၇။ ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၇ ရက်
၈။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
၉။ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တို့ ဖြစ်သည်။


အထက်ပါ (၉) ကြိမ်ကို လေ့လာကြည့်လျှင် ဆက်တိုက်တွေ့ဆုံမှု နှစ်ကြိမ်အဖြစ် တွေ့နိုင်ပါသည်။
၂၀၀၇ ခုနှစ် အောက်တိုဘာလ (၂၅) ရက်နေ့မှ ၂၀၀၈ ဇန်နဝါရီလ (၃၀) ရက်နေ့အထိ လေးလအတွင်း (၅) ကြိမ်ဆက်တိုက် တွေ့ခဲ့သည်။

ထိုကာလသည် ၂၀၀၇ သံဃာတော်များ၏ ရွှေဝါရောင်လှုပ်ရှားမှုကို စစ်အစိုးရမှ ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခဲ့ခြင်းကြောင့် နိုင်ငံတကာနှင့် ပြည်သူတို့မှ ပြင်းပြင်းထန်ထန် တုံ့ပြန်နေချိန်ဖြစ်သည်။ နိုင်ငံတကာအလယ်တွင် စစ်အစိုးရအနေဖြင့် မျက်နှာပန်းမလှ ဖြစ်နေရချိန်ဖြစ်သည်။ ထိုအခြေအနေကို ကုစားရန်အတွက် ဗိုလ်ချုပ်အောင်ကြည်ကို ဆက်ဆံရေးဝန်ကြီးအဖြစ် အရေးပေါ်ခန့်အပ် တာဝန်ပေးပြီး တွေ့ဆုံဆွေးနွေးမှုများကို ရုပ်ပြဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုတွေ့ဆုံမှုများကြောင့် မြန်မာပြည်သူများအတွက် မည့်သည့်အကျိုးရလာဒ်မှ ထွက်မလာခဲ့။ စစ်အစိုးရဘက်တွင်မူ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈)အား ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန် တစုံတရာ ပြင်ဆင်ချိန်ရသွားစေခဲ့သည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့မှ ၂၀၁၀ ခုနှစ် ဇန်န၀ါရီလ (၁၅) ရက်အထိ (၄) လအတွင်း (၄) ကြိမ် ဆက်တိုက် ဒုတိယအကျော့တွေ့ဆုံမှုများကို ဆောင်ရွက်ခဲ့ပြန်သည်။

ထိုကာလသည် ဒေါ်အောင်ဆန်းစုကြည်အား ဂျွန်ယက်တောဖြင့် အမှုဆင်၍ သြဂုတ်လ (၁၁) ရက်နေ့တွင် ထောင်ချထား သောကြောင့် အာဆီယံ အပါအဝင် နိုင်ငံတကာတွင် နအဖစစ်အစိုးရ မျက်နှာပျက်နေရုံသာမက ပြည်သူလူထုက အမျက်ဒေါသထွက်နေချိန်လည်း ဖြစ်သည်။

တဖက်တွင် ၂၀၁၀ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပသွားနိုင်ရန် နှင့် ထိုရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာစေရေး သိမ်းသွင်းရမည့် အချိန်လည်းဖြစ်သည်။ နိုင်ငံတကာနှင့် လူထု၏အရှိန်ကို လျှော့ချရန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို သိမ်းသွင်းရန် သို့မဟုတ် ဖဲ့ထုတ်ရန် ရည်ရွယ်၍ တွေ့ဆုံမှု အတုအယောင် (၄) ကြိမ်ကို ဆက်တိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဒုတိယအကျော့ တွေ့ဆုံမှု (၄) ကြိမ်ကြောင့်လည်း မြန်မာပြည်သူများအတွက် မည့်သည့်အကျိုးရလာဒ်မှ ထွက်မလာခဲ့။ စစ်အစိုးရဘက်တွင်မှာသာ ရည်ရွယ်ချက်ပေါက်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ယခု (၁၀) ကြိမ်မြောက် တွေ့ဆုံမှုကို ကြံ့ဖွံ့အစိုးရဘက်မှ လျှပ်တပြက် ဆောင်ရွက်လာပြန်သည်။
ဤကာလသည် ကြံ့ဖွံ့အစိုးရအနေနှင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူခွင့်ရရှိရေးနှင့်ပတ်သက်ပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု တစုံတရာပြသရန် လိုအပ်နေသော အချိန်၊ နိုင်ငံတကာနှင့် ပြည်သူလူထု၏ ဖိအားများကို လျှော့ချပစ်ရန် ကြိုးပမ်းနေသော အချိန်ဖြစ်သည်။

ထို့အပြင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ကြံ့ဖွံ့အစိုးရမှ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည့်အတွက် ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာမှ အပြင်းအထန် ကန့်ကွက်ရှုတ်ချနေသည့် အချိန်လည်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းပြီးဖြစ်ကြောင်း ကြံ့ဖွံ့အစိုးရ ပြည်ထဲရေးဝန်ကြီးမှ သတိပေးစာ ပေးပို့ထားသည့် အချိန်လည်းဖြစ်သကဲ့သို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နယ်စည်းရုံးရေးခရီးစဉ်များထွက်ရန် ပြင်ဆင်နေသည့် အချိန်လည်းဖြစ်သည်။

ဤကဲ့သို့သော အချိန်မျိုးတွင် ယခုကဲ့သို့ တွေ့ဆုံလိုက်ခြင်းဖြစ်သည်။ တွေ့ဆုံရုံသာမက တွေ့ဆုံပွဲအပြီးတွင် တကြိမ်တခါကမျှ မဆောင်ရွက်ခဲ့ဖူးသော သတင်းစာရှင်းလင်းပွဲကို ပြုလုပ်၍ ပူးတွဲထုတ်ပြန်ချက် ဆိုသည်ကို ဦးအောင်ကြည်မှ ကိုယ်တိုင်ဖတ်ပြခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းပြည်ပ အင်အားစုအသီးသီးမှ ယနေ့ အခြေအနေအရပ်ရပ်ကို ဖြေရှင်းရန်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်ရန် တလျှောက်လုံး တောင်းဆိုခဲ့ကြသည်။ မည်သည့်အဆင့်မှပဲ စတင်နိုင်သည်ဖြစ်စေ အမျိုးသားပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးရေး ခြေလှမ်းအစများဖြစ်ကြရမည် ဖြစ်သည်။

ယခုတွေ့ဆုံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအတွက် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေး၏ ပထမ ခြေလှမ်း ဟုတ်နိုင် မဟုတ်နိုင်ဆိုသည်ကို ယခင်အတွေ့အကြုံများအရ ပြောရန်အလွန်ပင်ခဲယဉ်းလှသည်။ ယခုတွေ့ဆုံမှုသည် ယခင် တွေ့ဆုံမှုများကဲ့သို့ ထူးမခြားနား ဖြစ်မသွားစေရေးအတွက် သတိချပ်ကြရလိမ့်မည်။

စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေးအတွက်ဆိုလျှင် အနည်းဆုံး “တွေ့ဆုံမှုများကို များများနှင့် မြန်မြန် လုပ်ဆောင်ရန်၊ ဆွေးနွေးပွဲအချိန်ဇယားတခုကို နှစ်ဖက်အကြား ညှိနှိုင်းလုပ်ဆောင်သွားရန်နှင့် ဆွေးနွေးပွဲရလဒ်များကို ပြည်သူလူထုသို့ ထုတ်ပြန်ပေးသွားရန်” လိုအပ်ပါလိမ့်မည်။

No comments:

Post a Comment