Thursday, June 30, 2011

ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်သည့်ကြေညာချက်

letter-head
ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပေးပို့သော အကြောင်းကြားစာကို ပြင်းထန်စွာ ကန့်ကွက်ပါသည်။

၁။ ၂၈-၆-၂၀၁၁ ရက်စွဲဖြင့် ဦးသိန်းစိန်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြာင်း ထိုနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် သတင်းစဉ်အဖြစ် ဖော်ပြထားပါသည်။ ထိုအကြောင်းကြားစာနှင့် အကြောင်းကြား စာပါ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးကြံရွယ်ချက်များကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။


၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် သာမန်အဖွဲ့အစည်းတရပ် မဟုတ်ပါ။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီတရပ်၊ လူမျိုး ပေါင်းစုံ မြန်မာပြည်သူတရပ်လုံး၏ ထောက်ခံဝန်းရံမှုကို ရရှိထားသော နိုင်ငံရေးအဖွဲ့ချုပ်တရပ်၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု များနှင့် နိုင်ငံတကာမှ ထောက်ခံအလေးအမြတ်ပြုထားသော ပါတီတရပ် ဖြစ်ပါသည်။ ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည်သည် သာမန် နိုင်ငံသားတစ်ဦး မဟုတ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး၊ လူမျိုးပေါင်းစုံမြန်မာပြည်သူတရပ်လုံးမှ အား ထားယုံကြည်လေးစားခြင်းခံရသော လူထုခေါင်းဆောင်၊ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုအသီးသီးနှင့် နိုင်ငံတကာမှ ထောက်ခံ အလေးအမြတ်ပြုခြင်းခံရသော နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။

၃။ ယနေ့ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာအရပ်ရပ်ကို ဖြေရှင်းကျော်လွှားနိုင်ရေးလုပ်ငန်း စဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသော အခန်းတွင်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက်ခံယူပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ထဲမှ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ပစ်ရန်၊ ချန်လှပ်ထားရန် ကြိုးစားမှု ကြံစည်မှုမှန်သမျှကို မိမိတို့ပါတီက ပြတ်ပြတ် သားသား ကန့်ကွက်ပါသည်။

၎။ ပြည်ထဲရေးဝန်ကြီးဌာန၏ ဤသတိပေးစာသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မကြာမီတွင် စတင်တော့မည့် နယ် စည်းရုံးရေးခရီးစဉ်များအား ဟန့်တားလိုက်ခြင်း၊ ကြိုတင်ကန့်သတ် ချုပ်ချယ်လိုက်ခြင်းလည်းဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။

၅။ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး၊ ပြည်တွင်းပြည်ပ အင်အားစုအသီးသီးနှင့် နိုင်ငံတကာအနေဖြင့်လည်း ဤအကြောင်းကြားစာ၏ နောက်ဆက်တွဲ လှုပ်ရှားလာနိုင်ချေများအတွက် ကြိုတင်သတိရှိကြဖို့၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်၏ ရပ်တည်မှုနှင့် လှုပ်ရှားမှုများကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ထောက်ခံဝန်းရံ အကာအကွယ်ပေးကြဖို့ အလေးအနက် ပန်ကြား တိုက်တွန်းအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်။

ဆက်သွယ်ရန် -
ဦးအောင်မိုးဇော် (ဥက္ကဋ္ဌ) ၀၈၁ ၂၈၁ ၅၃၅၀
ဦးငွေလင်း (အထွေထွေအတွင်းရေးမှူး) ၀၈၁ ၄၇၅ ၉၂၂၃

No comments:

Post a Comment