Thursday, June 30, 2011

အလုပ်သမားအခွင့်အရေးနှင့် အသင်းအပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ဆိုင်ရာ ဆွေးနွေးခြင်း

VOA 12 6 2011 တနင်္ဂနွေနေ့ မနက်ပိုင်း တိုက်ရိုက်လေလှိုင်း အစီအစဉ်

ပါဝင်ဆွေးနွေးသူများ

ဦးငွေလင်း (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) အထွေထွေအတွင်းအရေးမှူး

ဦးအောင်သိန်း (ရှေ့နေ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေရေးရာ။

ကိုအောင်မျိုးဝင်း (အလုပ်သမားအရေးလှုပ်ရှားသူ) ပဲခူးမြို့။

ကိုသားညွန့်ဦး။ မင်္ဂလာပါခင်ဗျာ၊ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်ကကြိုဆိုပါတယ်။ ဒီအပတ်မှာတော့အလုပ်သမားအခွင့် အရေးနဲ့ အသင်း အပင်းလွတ်လပ်စွာဖွဲ့စည်းခွင့်ကိစ္စကို ဆွေးနွေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာဆိုလို့ရှိရင် (ILO) ရဲ့(Convention) ကို လက်မှတ်ထိုး ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (ILO) က သူ့ (Convention) မှာပါတဲ့အတိုင်း ဒီမြန်မာနိုင်ငံအထဲမှာ အလုပ်သမားသမဂ္ဂတွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပေးဖို့ဆိုပြီးတော့ တောင်းဆိုနေပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒီမြန်မာအစိုးရ ဘက်က ဒါကိုလိုက်လျောမယ့် လက္ခဏာမျိုး တွေ ပြလာတာတွေ့ရပါတယ်။ နောက်ပြီးတော့ဒီအစိုးရအသစ်ကလည်း နိုင်ငံသား တွေရဲ့ လူ့အခွင့်အရေးတွေကို ပေးမယ်ဆိုပြီးတော့ ကတိက၀တ် ပြုထားတာလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ အခု ဒီသီတင်းတစ် ပတ်မှာတော့ အသင်းအပင်း ဖွဲ့စည်းရေးကိစ္စ အထူးသဖြင့်အလုပ်သမားသမဂ္ဂတွေ ပေါ်လာရေးကိစ္စဟာ အခုဒီအစိုးရအသစ် နောက်ပိုင်း အခြေအနေမှာ ဘယ်လောက်အထိ ဖြစ်လာနိုင်ခြေ ရှိသလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဓိက ပင်တိုင်ဆွေးပေးမယ့်သူ နှစ်ဦးရှိပါတယ်။ တစ်ဦးက တော့ဦးအောင်သိန်းပါ။ သူကတော့ လူ့အခွင့်အရေးအမှုတွေကို ရှေ့နေလိုက်ပေးခဲ့သူ ဖြစ်ပါတယ်။ ဥပဒေရေးရာ ကျွမ်း ကျင်သူဖြစ်ပါတယ်။ နောက်တစ်ဦးက တော့ကိုငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းဖြစ်ပါတယ်။ ဦးငွေလင်းကတော့ လူ့ ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဖြစ်ပါတယ်။ ကျနော်တခြား အလုပ်သမားအရေးလှုပ်ရှားသူ အချို့ကိုလည်း ကျနော်တို့လေလှိုင်းအပေါ်တင်ပြီးတော့ ဒီမှာဆွေးနွေးမေးမြန်းမှာဖြစ်ပါတယ်ခင်ဗျာ။ အရင်ဆုံး အန်ကယ် ဦးအောင်သိန်း ရောက်ပြီထင်ပါတယ်။ အန်ကယ်ဦးအောင်သိန်းကို အရင်ဆုံးမေးချင်ပါတယ်ခင်ဗျ။



ကိုသားညွန့်ဦး ။ ။ အန်ကယ်ဦးအောင်သိန်းခင်ဗျ၊ လက်ရှိ မြန်မာနိုင်ငံ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင်ပေါ့နော် အလုပ်သမားသမဂ္ဂ တွေအပါအ၀င် အသင်းပင်းဖွဲ့စည်းခွင့်ကို လွတ်လပ်ခွင့် ဘယ်လောက်အထိပေးထားပါသလဲခင်ဗျ။ အကန့်အသတ်တွေရော ဘာ တွေရှိပါသလဲ။

ဦးအောင်သိန်း။ ။ အသင်းအဖွဲ့သို့မဟုတ် အစည်းအရုံးများဖွဲ့စည်းဆောင်ရွက်ခွင့်ဆိုတာက ဒီ နိုင်ငံသားရဲ့အခွင့်အရေးဆိုတဲ့ ခေါင်းစည်းအောက်မှာထားပေးထားတာပေါ့လေ။ သို့ပေမယ့် ဒီအသင်းအပင်းဖွဲ့စည်းရေးကို ၂၀၀၈ ဖွဲ့စည်းပုံနဲ့ကိုက်ညီတဲ့ ဥပဒေ ရေးဆွဲထားတာတော့ ဒီကနေ့အထိမရှိသေးဘူးပေါ့ဗျာ။

ကိုသားညွန့်ဦး။ ။ အဲဒီတော့ ဒီ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာရော အသင်းပင်းဖွဲ့စည်းမှုဆိုင်ရာကို ဘယ်လောက်အထိလွပ် လပ်ခွင့်ပေးထားလဲ။ ကန့်သတ်မှုတွေရော ဘာတွေများရှိသလဲ အဓိက။

ဦးအောင်သိန်း။ ။ သူ့ကန့်သတ်ချက်တွေတော့ ရှိတယ်ခင်ဗျ။ သူ့ကန့်သတ်ချက်တွေရဲ့ အဓိကပြဿနာကတော့ ဒီနိုင်ငံသား တိုင်းက ဒီနိုင်ငံတော် လုံခြုံရေး တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး။ ပြည်သူတို့ရဲ့ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်း ထားသော ဥပဒေများနှင့် မဆန့်ကျင် လျှင် ဆိုတော့ ဒီပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ မဆန့်ကျင်လို့ရှိရင် အသင်းအဖွဲ့ ဒါမှမဟုတ် အစည်းအရုံးကို ဖွဲ့စည်းဆောင်ရွက်ခွင့် ပေးတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့မဆန့်ကျင်လျှင်ဆိုတဲ့ဥစ္စာက ကျနော် တို့ အများကြီးစဉ်းစားစရာ ရှိတာပေါ့နော့်။ ဒါတွေက တနည်းအားဖြင့် တော့ ကန့်သတ်ချက်သဘောမျိုးလည်း သက်ရောက်သွားနိုင် ပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ကျယ်ပြန့်တဲ့ကိစ္စကိုး။

ကိုသားညွန့်ဦး။ ။ ကျနော်ကိုငွေလင်းကိုဒီမှာမေးချင်ပါတယ်ခင်ဗျာ။ ကိုငွေလင်းအခုနောက်ပိုင်းမှာ သတိထားမိမယ် ထင်ပါ တယ်။ မြန်မာနိုင်ငံ အထဲမှာက အလုပ်သမားဆန္ဒပြမှုတွေက ကြိုကြားကြိုကြားဆက်တိုက်ဆိုသလို အခုနောက်ပိုင်းမှာခဏခဏ ဖြစ်လာပါတယ်ခင်ဗျ။ အဲဒီတော့ အလုပ်သမားသမဂ္ဂတွေပေါ်ပေါက်လာရေးအခြေအနေ အစိုးရသစ် လက်အောက်မှာဘယ် လောက်အထိမြင်ပါသလဲခင်ဗျ။ လွတ်လပ်တဲ့ အလုပ်သမား အသင်းအပင်းတွေပြောတာပါ။

ဦးငွေလင်း။ အဓိကက အလုပ်သမားသမဂ္ဂတွေရဲ့အဓိပ္ပါယ်က အလုပ်သမားတွေရဲ့အခွင့်အရေးကို အပြည့်အဝအာ မခံပြီးတော့မှ အကာအကွယ် ပေးဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တာကိုး။ အဲဒီတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေး ဖို့ရာအတွက် ဒီအစိုးရမှာ ဘယ် လောက် အာသီသရှိသလဲ။ ဘယ်လောက်သူ့မှာ စိတ်ရင်းစေတနာ အမှန်ရှိသလဲဆိုတဲ့ ကိစ္စဟာ အတော်ရေးကြီးပါတယ်။ အဲဒီတော့ ကျနော် တို့ဆီ မှာက ပြီးခဲ့တဲ့နှစ်ထဲမှာဆိုလို့ရှိရင် စက်မှုဇုန် အလုပ်သမားသပိတ် တွေတခြိမ်းခြိမ်းပေါ်တယ်။ ဒီနှစ်ထဲမှာလည်း အခုပဲ လှိုင်သာယာမှာ ဖြစ်နေ တယ်။ ပဲခူးမှာဖြစ် နေတယ်။ စသည်ဖြင့်ပေါ့ဗျာ။ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ဘယ်လိုမှ အာမခံချက်ပေးထားတာ မတွေ့ရသေး ဘူး။ ဦးသိန်းစိန် မိန့်ခွန်းတွေအထဲမှာတွေ့တယ်။ အခြေခံဥပဒေအထဲမှာ တစ်စနှစ်စတွေ့တယ်၊ ကျေနပ်လောက်အောင် အထိဘာမှမတွေ့ရဘူး။ မတွေ့ရတော့ အခု (ILO) ရဲ့တောင်းဆိုမှုကို နိုင်ငံတကာဖိအားဖြစ်နေတဲ့အတွက် ဒါကို Cover လုပ်ချင်တဲ့အတွက် တစုံတရာလိုက်လျောတယ်ဆိုတဲ့ ပုံသဏ္ဍာန်မျိုး ပြရုံကလွဲလို့ ထိရောက်တဲ့အလုပ်သမားသမဂ္ဂ တွေဖွဲ့စည်းခွင့်တွေပေးလိမ့်မယ်လို့ ကျနော်တို့ဘယ်လိုမှမျှော်လင့်လို့မရပါဘူး။

ကိုသားညွန့်ဦး။ ။ ပဲခူးက အလုပ်သမားအရေးလှုပ်ရှားသူ ကိုအောင်မျိုးဝင်း မေးချင်ပါတယ်။ ကိုအောင်မျိုးဝင်းတို့ ဒီရက်ပိုင်း ပဲခူးမှာ စက်ရုံဆန္ဒပြမှုတွေဖြစ်ခဲ့တယ်။ အခုပြေလည်သွားပြီလို့သိရပါတယ်။ အဲဒီတော့ ဖြစ်ခဲ့တဲ့အခြေအနေ နောက်ဆုံးအခြေအနေ အတိုချုပ်လေး ပြောပြပေးပါဦး။

ကိုအောင်မျိုးဝင်း။ ။ နောက်ဆုံးအခြေအနေကို ပြောမယ်ဆိုရင်။ သူတို့ဖက်က လိုက်လျောမှုလုပ်ပေးခဲ့တယ်လို့ ကျနော်တို့ ပြော လို့ရပါတယ်။ လိုက်လျောမှုဆိုတာက ကျနော်တို့ ဒီစက်ရုံရဲ့ ရန်ကုန်ရုံးချုပ်က ဒါရိုက်တာတွေကိုယ်တိုင်ဆင်းလာတယ်။ အစိုးရဖက် ကလည်း တာဝန်ရှိပုဂ္ဂိုလ်တွေ ၀င်ရောက်ဖြေရှင်းပေးတယ်ပေါ့ဗျာ။ အခုက ဒီတောင်းဆိုမှုထဲမှာ ကျနော်တို့ ဒီ လစာတိုးမြင့်ရေးဆို တာ မရနိုင်ဘူးဆိုတာသိပေမယ့်လည်း တောင်းဆိုမှုထဲမှာ ထည့်ရေးထားပါတယ်။ အဓိကက စက်ရုံအုပ်ချုပ်တဲ့ အပေါ်ပိုင်း အုပ်ချုပ် ရေးပိုင်းက ပုဂ္ဂိုလ်တွေက ဖိနှိပ်ချုပ်ချယ်ပြီး မတရားတဲ့စည်းကမ်းတွေထုတ်တဲ့အတွက် အလုပ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့် တောင်းဆိုပိုင်ခွင့်ကို သူတို့ ပြတ်ပြတ်သားသား တောင်းဆိုလှုပ်ရှားသွားတာ တွေ့ရပါတယ်။ အများကြီးလည်း အားရမှုရှိပါတယ်။

ကိုသားညွန့်ဦး။ ။ အခု ဒီဟာ ပြေလည်သွားတာက ကြားက ဘယ်လိုအဖွဲ့အစည်းက ၀င်ရောက်ဖြေရှင်းပေးတာလဲ။ တစုံတရာ ပြေလည်မှုရတယ် ဆိုတဲ့အတိုင်းအတာက။

ကိုအောင်မျိုးဝင်း။ ။ ကျနော်က အရင်ကတည်းကလည်း အလုပ်သမားအရေးတွေ ကူညီဆောင်ရွက်ပေးခဲ့တာ ရှိတယ်။ လေးငါး ခြောက်ကြိမ် လောက်ရှိပါပြီ။ ပဲခူးမှာဆိုရင်လည်း စက်ရုံက ခြောက်ခု ခုနှစ်ခုလောက်ရှိတယ်။ အခု ဒီ စက်ရုံကတော့ မနှစ်ကစပြီးဖွင့် တဲ့စက်ရုံပေါ့။ အကြီးကြီး တော့မဟုတ်ပါဘူး။ အလုပ်သမား ၁၈၀ နဲ့ ၂၀၀ လောက်တော့ရှိတယ်။ သို့ပေမယ့်လည်း ဒီစက်ရုံက အခု ဆိုလို့ရှိရင် နှစ်ကြိမ်ရှိသွားပြီပေါ့ အလုပ်သမားဆန္ဒပြမှုဖြစ်တာ။ ဒီတခါလည်း ကျနော့်ဆီပဲ ဒီအလုပ်သမားတွေက ဦးတိုက်ရောက် လာကြတော့ ကျနော်က သူတို့ရဲ့တောင်းဆိုမှုကို ဥပဒေဘောင်ထဲကဖြစ်အောင် ကျနော် ဦးဆောင်ပြီးတော့မှ အလုပ်သမားရုံးကို သွားတယ်။ အလုပ်သမားဦးစီးဌာနကိုသွားတယ်။ အဲဒီမှာ တာဝန်ရှိတဲ့သူတွေကို ကျနော့်အနေနဲ့ ဒီစက်ရုံက ကလေးတွေကတော့ ဒီအချက်တွေကို ဒီလိုဖြစ်စေချင်တယ်။ အဲဒါ ခင်ဗျားတို့ ဘယ်လိုမျိုး ဆောင်ရွက်ပေးနိုင်မလဲလို့ မေးတော့ သူတို့အနေနဲ့ အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်း ဆောင်ရွက်ပေးခဲ့လို့ ပြေလည်သွားတယ်လို့ ပြောလို့တော့ ရပါတယ်။ သို့ပေမယ့် ကျနော်ပြောတာ အစိတ်အပိုင်းတစ်ခုလောက်ကိုပဲပြောတာပါ။ အလုပ်သမား အခွင့်အရေး အားလုံးကိုတော့ ကျနော်မဆို လိုဘူး။ လိုအပ်ချက်တွေတော့ အများကြီးရှိနေသေးတယ်။

ကိုသားညွန့်ဦး။ ။ အန်ကယ်ဦးအောင်သိန်းရေ ခုနက အလုပ်သမားအရေးဆန္ဒပြမှုတွေအကြောင်း အန်ကယ်လည်း ဒီကြားထဲ မှာ ကြားမိမှာပါ။ အကယ်၍သာ အလုပ်သမားတွေအနေနဲ့ လက်ရှိရှိနေတဲ့ ဥပဒေအတိုင်းဆိုလို့ရှိရင် သူတို့ရဲ့ ရပိုင်ခွင့်ကို တောင်း ဆိုနိုင်တဲ့အခြေအနေမျိုးရှိသလားခင်ဗျ။ ဘယ်လို ဘယ်နည်းနဲ့ တောင်းဆိုခွင့်ရှိပါသလဲ။

ဦးအောင်သိန်း။ ။ အမှန်တော့ ဒီအလုပ်သမားတွေက သူတို့ရဲ့ ပိုင်ခွင့်တွေကို သက်ဆိုင်ရာ စက်ရုံအလုပ်ရုံတွေမှာရှိတဲ့ အလုပ် ကြပ်တွေ တာဝန်ရှိ သူတွေကနေတဆင့် အလုပ်သမားအရာရှိပေါ့လေ အလုပ်သမားဝန်ကြီးဌာနက ခန့်ထားတဲ့ တာဝန်ရှိသူတွေက တဆင့် တောင်းဆို တင်ပြနိုင်တဲ့ အနေအထားတွေရှိတာပေါ့နော်။ ဒါပေမယ့် အဲဒီလို အလုပ်သမားရဲ့ အခွင့်အရေးတောင်းဆိုတယ် ဆိုတဲ့ကိစ္စတွေမှာလည်း အလုပ်သမားတွေ ဖက်က နေပြီးတော့ ကျနော်တို့ လူမှုဖူလုံးရေးခံစားခွင့်ဆိုတာဟာ ကျနော်တို့ ပြည့်ပြည့်ဝ ၀ မရှိနေဘူးလို့ ကျနော်ထင်တယ်။ အထူးသဖြင့် အမျိုးသမီး အလုပ် သမားအများစုက အထည်ချုပ်စက်ရုံတွေမှာရှိတာပေါ့ဗျာ။ အဲဒီ တော့ ဒီစက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး အလုပ်သမားတွေဟာ မဆလ ခေတ်က အလုပ်ရုံတွေလောက်တောင် အခွင့်အလန်း တွေ ရှိပုံမပေါ်ဘူးလို့ ကျနော်တော့ ထင်တယ်ခင်ဗျ။ နောက်တော့ သူတို့မှာ တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ လုပ်ခလစာနဲ့တွက်ကြည့် ရင်လည်း သူတို့မှာ မ၀မလင်နဲ့ ဒီလိုပဲ တစ်နေ့လာလုပ် ညနေမိုးချုပ်ပြန် ဒီလိုဘ၀တွေနဲ့ လည်နေတာ။ သူတို့ရဲ့ တိုးတက်မှုလည်း ဘာမှ မယ်မယ်ရရမရှိဘူး။ အဲဒီအပေါ်မှာ ဒီလိုဆန္ဒပြမှုတွေ မကြခဏပေါ်နေဦးမှာပဲခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဒီနေရာမှာကိုငွေလင်းကိုမေးကြည့်ချင်ပါတယ်ခင်ဗျာ။ ဦးငွေလင်းကြားမယ်ထင်ပါတယ်။ ကိုငွေ လင်းအခုအလုပ်ရှင် အလုပ်သမားပြဿနာ အခုနောက်ပိုင်းပေါ့နော်။ ဒီစစ်အစိုးရနောက်ပိုင်းမှာ ပုဂ္ဂလိကစက်ရုံတွေ၊ ပုဂ္ဂလိကလုပ်ငန်းတွေ အများကြီးပေါ်လာတယ်။ ပုဂ္ဂလိကအလုပ်ရှင်တွေနဲ့အလုပ်သမားတွေအကြားအထဲမှာလည်း ပြဿနာတွေဒီကြားအထဲမှာ အများကြီးတင်းတင်းမာတာဖြစ်ခဲ့တယ်ခင်ဗျာ။ အဲ့ဒီတော့ဒီအခြေအနေမျိုးမှာ အစိုးရတစ် ရပ်အနေနဲ့ အလုပ်သမားတွေဘက်ကမှန်မှန်ကန်ကန်ရပ်တည်နိုင်မယ့် အခြေအနေမျိုးပေါ့။ ဘာတွေဆောင်ရွက်သင့် တယ်လို့ထင်သလဲခင်ဗျာ။

ကိုငွေလင်း။ ။ အဓိကဆောင်ရွက်ရမယ့်ကိစ္စကတော့ ဒီအလုပ်သမားတွေရဲ့ ဗမာပြည်မှာရှိနေတဲ့အလုပ်သမား တွေရဲ့ အခြေအနေပေါ့ဗျာ။ သူတို့က အနိမ့်ဆုံးလစာ ဘယ်လိုသတ်မှတ်ပေးရမလဲ။ သူတို့ရဲ့ (Daily wages) ပေါ့ နေ့စဉ်လုပ်အားခဟာ ဒီလောက်တော့အခြေခံရှိသင့်တယ်။ သူတို့ရဲ့ အခွင့်အရေးဟာဘယ်လိုရှိသင့်တယ်။ သူ တို့ရဲ့လုပ်ပိုင်ခွင့် တနည်းအားဖြင့်ဆိုရင် သူတို့အဖိအနှိပ်ခံနေရတယ်။ ခေါင်းပုံဖြတ်ခံနေရတယ်လို့ အခြေအနေမျိုးဖြစ် လို့ရှိရင် တင်ပြနိုင်မယ့်(သို့မဟုတ်)ဆန္ဒပြပိုင်ခွင့် ဒါတွေကိုအပြည့်အ၀နိုင်ငံတော်အစိုးရကသာမှန်ရင် ဒီကိစ္စကိုတာဝန် ယူပေး ရမှာပဲ။ အဓိကအားဖြင့်ဆိုရင်တော့ ဒီအလုပ်သမားတွေရဲ့အခြေခံရပိုင်ခွင့်တွေ၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ပေး ဖို့ရာ အတွက် သူတို့မှာတာဝန်ရှိတယ်။ ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ လုပ်ထုံးလုပ်နည်း တွေနဲ့ အသင်းအပင်းဖွဲ့စည်းခွင့်တွေ ဖွဲ့စည်းပေးဖို့ သူ့မှာ တာဝန်ရှိတယ်။ အခုဖြစ်နေတဲ့ကိစ္စက ကျနော်တို့လေ့လာမိသလောက်ဆိုလို့ရှိရင် ဒီအလုပ်သမားတွေရဲ့အခြေခံလစာ(၁၀၀၀၀)ပဲရှိတယ်။ (၁၀၀၀၀) ပဲသတ်မှတ်ထားတယ်။ အဲ့ဒီ (၁၀၀၀၀)အထဲမှာမှ သူကတနေ့(၁)နာရီအတွက်လုပ်ခကို (၅၅)ကျပ်သို့မဟုတ် မြန်မာငွေကျပ်(၆၀)ပဲပေးတယ်လို့ ကျ နော်တို့သိရတယ်။ အဲ့ဒီလိုဖြစ်တဲ့အတွက် တနေ့ကို(၈)နာရီနဲ့မြှောက်လိုက်လို့ရှိရင်ရတဲ့ဥစ္စာရယ် အချိန်ပိုကိုပေးတဲ့ ဥစ္စာ ရယ်ပေါင်းလိုက်လို့ရှိရင် သူဟာဘယ်လောက်ပဲရသလဲဆိုလို့ရှိရင် လချုပ်တဲ့အချိန်မှာ(၂၀၀၀၀)၀န်းကျင်ပဲရတယ်။ အဲ့ဒီ (၂၀၀၀၀)၀န်းကျင်မှာမှ အချိန်ပိုအမြဲဆင်းလို့ရှိရင် အပိုကြေး(၅၀၀၀)ပေးတယ်။ ရက်လုံးလုံးမှမပျက်ဘူးဆိုလို့ရှိရင် အပို ကြေး(၅၀၀၀)ပေးတယ်ဆိုတဲ့ အဆောင်းကလေးတွေထည့်လိုက်တဲ့အချိန်မှာ လစာ(၄၀၀၀၀)လောက်ရတယ်လို့ဆိုပါ တယ်။ အဲ့ဒီ(၄၀၀၀၀)လောက်က ယနေ့ကုန်ဈေးနှုန်းနဲ့တွက်ကြည့်လိုက်လို့ရှိရင် ထမင်းဝယ်စားရင်တောင် နပ်(၂၀) လောက်စားလိုက်လို့ရှိရင် အဲ့ဒီ(၄၀၀၀၀)ဟာကုန်သွားတယ်။ အဲ့ဒီတော့နပ်(၂၀)ဆိုတာ(၁၀)ရက်စာပဲရှိတယ်။ အဲ့ဒီ တော့ ဒီဥစ္စာဟာ (၁၀) ရက်စာနဲ့ ဘယ်လိုမှလုပ်လို့မရဘူး။ ဒီဥစ္စာဟာ အဲ့ဒီအလုပ်သမားရဲ့ရပိုင်ခွင့်ကို အများကြီးဒုက္ခ ရောက်နေတယ်ဆိုတဲ့ကိစ္စဟာ အစိုးရက ဒါကို သိနား လည်ရမယ်။ အဲ့ဒီကိစ္စကိုမကျေနပ်လို့ဆန္ဒပြတယ်ဆိုရင် ဘယ် ဘက်ကရပ်ရမလဲဆိုတာကို သေသေချာချာသူ့ရဲ့ရပ်တည်ချက်က ရှင်းလင်းရ မယ်။ အခုတော့ စောစောကဦးသိန်း အောင်တို့ဆွေးနွေးသလိုပဲ ဒီအစိုးရရဲ့ရပ်တည်ချက်က အင်မတန်မှားယွင်းတယ်။ ဘက်လိုက်ပြီးတော့မှ ဒီရပ်တည် ချက်တွေဆိုတာမျိုးတွေကိုတွေ့ရတယ်။ အဓိကအားဖြင့်တော့ အလုပ်သမားတွေရဲ့ အခြေခံလစာနဲ့ယနေ့ကုန်ဈေးနှုန်းနဲ့ ဘယ်လိုမှ “အဟပ်မမိဘူး” ဆိုတဲ့ကိစ္စကိုသူနည်းနည်းမှထည့်သွင်းမစဉ်းစားဘူး။ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာပါပေမယ့် လုံး လုံးမှကောင်အထည်မဖော်သေးဘူး။ ဒါကြောင့်မို့လို့လဲ အခုစောစောက ဦးအောင်သိန်းတို့ပြောသလို အလုပ်သမား တိုက်ပွဲတွေ၊ ဆန္ဒပြမှုတွေနောက်ထပ်လည်း တောက်လျှောက်တခြိမ်းခြိမ်းပေါ်ဖို့ရှိတယ်။ အဲ့ဒီဥစ္စာတွေရဲ့ ဖြေရှင်းနည်း ကို စစ်အစိုးရကသေသေချာချာမစဉ်းစားဘူး။ မဖြေရှင်းဘူးဆိုလို့ရှိရင် သူအလုပ်သမားသမဂ္ဂတွေအတုအယောင် ဖန် ဆင်းပေးသည့်တိုင်အောင် ဘာမှဖြစ်လာမှမဟုတ်ဘူးလို့ ကျနော်တို့အဲ့ဒီလိုနားလည်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ခင်ဗျာ။ ကိုငွေလင်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment