Saturday, June 11, 2011

တောင်းပွဲ တိုက်ပွဲတွေမှသည် – ကျော်ဆွေ

“ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတောင်းဆိုတဲ့ လှုပ်ရှားမှု၊ စာနယ်ဇင်းနဲ့ အနုပညာလောကမှ ပုဂ္ဂိုလ် ၃၂၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမျိုးများကို ပိုမို အားကောင်းအောင် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုများကို လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းအဖြစ် ပေါင်းစုံသွားစေရပါလိမ့်မယ် …”

(၁)

နဝတ-နအဖက တိုင်းပြည်ကို စစ်ကျွန်ထာဝရပြုရေးအတွက် ရေးဆွဲထားတဲ့ ၂ဝဝ၈ နာဂစ် ဖွဲ့စည်းအုပ်ချုပ်ပုံအရ လုပ်ဆောင်ခဲ့တဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲက ပေါ်ပေါက်လာတဲ့ လွှတ်တော်ကနေ ဘောင်းဘီချွတ် အရပ်သားအစိုးရ ဆိုတာကို ဖွဲ့စည်းပေးလိုက်ပါပြီ။

အရပ်သားအစိုးရရဲ့သမ္မတဆိုသူကလည်း သမ္မတမိန့်ခွန်းကို မစားရဝခမန်း ကောင်းပေ့ဆိုတဲ့စကားတွေ ရွေးပြောသွားခဲ့တယ်။ ဒီမိန့်ခွန်းကို ဘာမှ ဝေဖန်ချက်မပေးလိုပေမယ့် တိုင်းပြည်မှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာရေးနဲ့ ပတ်သက်လို့တော့ သုံးသပ်ကြည့်လိုပါတယ်။

(၂)

ဒါပေမယ့် အနီးခေတ်သမိုင်းကိုတော့ ပထမဆုံးအနေနဲ့ ပြန်သုံးသပ်တင်ပြဖို့ လိုလိမ့်မယ်။

ဗမာပြည်ဟာ ရေခံမြေခံကောင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်တယ်ဆိုတာ အထူးပြောနေဖို့ မလိုပါဘူး။
ဒါပေမယ့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်မီးဟာ ဒီနေ့အထိ မငြိမ်းသေးဘူး။ အနှစ် ၆ဝ ကျော်သွားခဲ့ပြီ။ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဒီနေ့ နဝတ-နအဖ အပါအဝင် ဖောက်ပြန်ရေးသမား အဆက်ဆက်ကြောင့် တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံဘဝ ကျရောက်နေခဲ့ရတယ်။ ဒီနေ့အထိ ဒီဘဝက ရုန်းမထွက်နိုင်သေးဘူး။

အဓိက အကြောင်းရင်းက တိုင်းပြည်မှာ အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းစစ်ဖြစ်နေမှုကြောင့်ပါပဲ။

ဒီပြည်တွင်းစစ်ကာလတွေမှာ အာဏာရ ဖောက်ပြန်တဲ့ ဗျူရိုကရက် အရင်းရှင်လူတန်းစား အုပ်စိုးသူများဟာ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားသွေးစည်းညီညွတ်ရေးကို အားထုတ်လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ ‘ရောင်စုံသောင်းကျန်းသူ အမြစ်ပြုတ်ရေး’ ဆိုတာကိုသာ စစ်ဆင်ရေးနာမည် အမျိုးမျိုးပေးပြီး လုပ်ဆောင်ခဲ့တယ်။ ‘၆ လ အတွင်း အမြစ်ပြုတ်ရေး’ ‘တနှစ်အတွင်း အမြစ်ပြုတ်ရေး’ စီမံကိန်းတွေချ စစ်အင်အား တိုးချဲ့ခဲ့တာပါ။ ပြည်တွင်းစစ်မီးအရှိန်ကို မြှင့်တင်လုပ်ဆောင်ခဲ့တာပါ။ ပြည်တွင်းစစ် အစပိုင်းမှာ တပ်မတော်အနေနဲ့ တပ်ရင်း ၁ဝ ရင်း လောက်ရှိနေခဲ့ရာက ဖဆပလ အစိုးရ ဆယ်နှစ်ဆယ်မိုး အုပ်ချုပ်မှုအတွင်း တပ်ရင်း ၁ဝဝ လောက်အထိ ဖြစ်လာခဲ့ပါတယ်။ တပ်မဟာတွေဖွဲ့ကာ စစ်ဆင်ရေးတွေကို အားထုတ်လုံးပန်းခဲ့တာပါ။

ဒါပေမယ့် ၁၉၄၉ ခုနှစ် တရုတ်ပြည်သစ်ပေါ်လာတော့ တရုတ်ပြည်ဘက်က ဝင်ရောက်လာတဲ့ တရုတ်ဖြူကူမင်တန်တပ်များ ပြန်လည်တိုက်ခိုက်ရေးကို အမျိုးသားရေးတာဝန်တရပ်အဖြစ် တက်တက်ကြွကြွ မလုပ်ခဲ့ပါဘူး။ စစ်တပ်အင်အား အများတကာ့ အများစုကို ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် တော်လှန်ရေးအင်အားစုများအား ချေမှုန်းရေးမှာပဲ အသုံးချခဲ့တယ်။

ဒီတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီက ကူမင်တန်တပ်များအား ပြန်လည်တိုက်ထုတ်ရေးကို အမျိုးသားရေးတာဝန်တရပ် အဖြစ် ပြည်တွင်းစစ်ကိုရပ်ကာ အမေရိကန်နယ်ချဲ့ဆန့်ကျင်ရေး၊ ကူမင်တန်တိုက်ခိုက်ရေး၊ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးကို တင်ပြခဲ့တယ်။ ဒါပေမယ့် ဖဆပလ အစိုးရက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ မိမိတပ်များဖြင့် ကူမင်တန်ကို တိုက်ထုတ်သွားမယ်။ အစိုးရတပ်များက လမ်းခရီးမှာ မနှောင့်ယှက်ပါနဲ့လို့ တင်ပြ တောင်းဆိုခဲ့ပေမယ့်လည်း လက်မခံခဲ့ပါဘူး။

ပြည်သူလူထုကြီးတရပ်လုံးရဲ့ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတောင်းဆိုမှုကတော့ တပြည်လုံး ဆူညံနေခဲ့တယ်။ ဒါပေမယ့် ဆဖပလ အစိုးရက ဘာမှ မဆောင်ရွက်နိုင်ခဲ့ဘူး။

ဖဆပလ လက်ယာဂိုဏ်းထိပ်သီးများနဲ့ ဝန်ကြီးချုပ် ဦးနုရဲ့ ကွန်မြူနစ် ချေမှုန်းရေးစိတ်ဓာတ်အောက်မှာ ကွန်မြူနစ် ဆန့်ကျင်ရေး အခြေခံ ပြင်းထန်တဲ့ ဗိုလ်နေဝင်းကို အပြိုင်မွေးကြရင်းက ဗိုလ်နေဝင်းဟာ စစ်ဦးစီးချုပ်ကနေ တစတစနဲ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ကြည်း၊ ရေ၊ လေ တပ်မတော် အားလုံးရဲ့ အာဏာပိုင်ဖြစ်လာခဲ့တယ်။ စစ်တပ်အတွင်းမှာ စစ်အုပ်စုကို စတင်ထူထောင်ခွင့်ရလာခဲ့တယ်။
ဒီကာလတွေအတွင်း တိုင်းပြည်အတွက် စီးပွားရေးစီမံကိန်း ဆိုတာတွေရဲ့ ရည်မှန်းချက်တွေကလည်း “တိုင်းပြည်ကို စစ်မဖြစ်ခင်က အနေအထားရောက်ရှိရေး” ဆိုတဲ့ ရည်မှန်းချက်သာ ချမှတ်နိုင်ခဲ့တာပါ။

ဒါပေမယ့် အဲဒီ စီးပွားရေး စီမံကိန်း အားလုံးဟာ ဒီဗျူရိုကရက် အရင်းရှင်လူတန်းစားရဲ့ ကိုယ်ကျိုးစီးပွား လှိုက်စားမှုအောက်မှာ ကျဆုံးခဲ့ရတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်ဦးနု ကြွေးကြော်ခဲ့တဲ့ “လူတကိုယ် တိုက်တလုံး၊ ကားတစီး၊ လစဉ်ဝင်ငွေ ၈ဝဝ ကျပ်” ဆိုတဲ့ စီမံကိန်းကို လက်တွေ့ သိမီလိုက်သူများအားလုံး သတိရနေမှာပါ။ ဘာမှ မဖြစ်ခဲ့ပါဘူး။
နိုင်ငံရေးအရ အတိုက်အခံအင်အားစု ဆိုတာကိုထားရှိခဲ့ပေမယ့် အဲဒီ နိုင်ငံရေးအင်အားစုတွေကို အာဏာရ ဖဆပလအဖွဲ့ရဲ့ လက်ကိုင်တုတ်အဖြစ် ဖွဲ့ထားတဲ့ ‘ပျူစောထီးတပ်’ကို သုံးကာ အတိုက်အခံအင်အားစုတွေကို သတ်ဖြတ်နှိပ်ကွပ်ခဲ့တာပါ။

ဒီ ဖဆဆိုရှယ် လက်ယာဂိုဏ်းရဲ့ တော်လှန်ရေးဆန့်ကျင်ရေး စိတ်ဓာတ်အခြေခံပေါ်မှာ ဗိုလ်နေဝင်းဟာ စစ်အုပ်စု ဖွဲ့လာနိုင်ပြီး နောက်ဆုံးမှာ စစ်တပ်နဲ့ အာဏာသိမ်းကာ တိုင်းပြည်ကို တပါတီအာဏာရှင်စနစ် ကျင့်သုံးခွင့်ရသွားခဲ့တယ်။ ဗမာပြည်နိုင်ငံရေး ဇာတ်ခုံပေါ်ကို တက်လှမ်းနိုင်ခွင့်ရခဲ့တယ်။ ဖဆပလ အစိုးရ ဇာတ်သိမ်းသွားတယ်။

(၃)

တိုင်းပြည်မှာ ဗိုလ်နေဝင်း အာဏာရလာတော့ ပြည်သူလူထုရဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီလှိုင်းအောက်မှာ လက်နက်ကိုင် တော်လှန်ရေး အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဟန်ပြလုပ်လာပါတယ်။ ဆွေးနွေးပွဲ အရှိန်မြင့်တက်လာပြီး၊ ပြည်သူလူထုရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှု ပိုမိုပြင်းထန်လာတဲ့အောက်မှာ ဗိုလ်နေဝင်းဟာ ဟန်မဆောင်နိုင်တော့ဘဲ ဆွေးနွေးပွဲများကို တဖက်သတ် ရပ်လိုက်တယ်။ ပြည်တွင်းစစ် အရှိန်အဟုန်ကို မြှင့်တင်လိုက်ပြန်တယ်။

ဒီကာလတွေမှာပဲ တပ်မဆိုတာတွေ ဖွဲ့၊ ဖြတ်လေးဖြတ် ဆိုတဲ့ စီမံကိန်းချကာ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို အပြင်းအထန် ထိုးစစ်ဆင်လာပါတယ်။ နောက်ဆုံးမှာ တပ်ရင်းအရေအတွက် ၁၈ဝ လောက်အထိ ရှိလာခဲ့တယ်။ စစ်အင်အားက ၁သိန်း ၈ သောင်းလောက်အထိ ဖြစ်ခဲ့တယ်။ အဓိက ဦးတည်ရန်သူကတော့ ကွန်မြူနစ်တွေပဲ ဖြစ်မြဲဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးဘက်မှာကတော့ ပိုမိုရှင်းလင်းလာပါတယ်။ သူရဲ့မဆလပါတီ တပါတီတည်းသာ တည်ရှိခွင့်ရှိပြီး ကျန်တဲ့ နိုင်ငံရေး အင်အားစုအားလုံးကို ချေမှုန်းပစ်လိုက်ပါတော့တယ်။ တိုင်းပြည်လည်း ဒီမိုကရေစီ ဆိတ်သုဉ်းသထက် ဆိတ်သုဉ်းကာ တပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ကျရောက်သွားရတော့တယ်။

စီးပွားရေးဘက်မှာတော့ အဲဒီတုန်းက လွတ်လပ်ပြီးစ အမျိုးသားနိုင်ငံတော်များမှာ ခေတ်စားနေတဲ့ ဆိုရှယ်လစ်စနစ် စီးပွားရေးစနစ်ကျင့်သုံးတယ်ဆိုပြီး တတိုင်းပြည်လုံးမှာ လမ်းဘေးကွမ်းယာဆိုင်ပါမကျန် ပြည်သူပိုင် သိမ်းလိုက်ပါတော့တယ်။ ဒီလိုနည်းနဲ့ စစ်တပ်ဟာ စီးပွားရေး၊ နိုင်ငံရေးဘက်တွေမှာ အခြေခံတွေရကာ ခိုင်မာသထက် ခိုင်မာလာခဲ့တယ်။ တိုင်းရင်းသား အရင်းရှင်များကတော့ လုံးဝ အညွန့်ကျိုးသွားခဲ့ရတော့တယ်။

တချိန်တည်းမှာလည်း ဗိုလ်နေဝင်းဟာ တပ်တွင်းမှာ သူ့ကိုပြန်လှန်နိုင်မယ့် အင်အားလို့ထင်သမျှကို သူ့အာဏာမြဲရေးအတွက် အကုန်ရှင်းလင်းသုတ်သင်ကာ သူ့ရဲ့အာဏာရှင်စနစ်ကို ခိုင်မြဲသထက် ခိုင်မြဲအောင် ထူထောင်လာနိုင်ခဲ့တယ်။

ဒီလိုနဲ့ မဆလ တပါတီ အာဏာရှင်စနစ် အနှစ် ၂ဝ ကျော် စိုးမိုးခဲ့မှုအောက်မှာ အင်မတန် ရေခံမြေခံကောင်းတဲ့ ဗမာပြည်ဟာ ကမ္ဘာ့ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ (LDC) အဆင့်သို့ ၁၉၈၇ ခုနှစ်မှာ ကျရောက်သွားရတယ်။ တိုင်းပြည်မှာ ဒီမိုကရေစီ မိုးမှောင်ကျနေခဲ့ရသလို စစ်ကျွန်ဘဝမှာ ပြည်သူလူထုဟာ ဆင်းရဲတွင်း နက်သထက် နက်သွားရတော့တယ်။

ပြည်သူလူထုကြီးဟာ အာဏာရှင်စနစ်ကို ခေါင်းငုံ့မခံခဲ့ဘဲ ၇၄, ၇၅, ၇၆ မှာ ဏာဏာရှင်စနစ်ကို စိန်ခေါ် တိုက်ပွဲဝင်လာခဲ့ပါတယ်။ ၁၉၈၈ မှာတော့ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးဟာ အထွေထွေ အကျပ်အတည်း ဆိုက်လာတဲ့အောက်မှာ လှည်းနေ လှေအောင်း မြင်းစောင်းမကျန် တပြည်လုံးက လူတန်းစား လူ့အလွှာပေါင်းစုံက လမ်းပေါ်ထွက်ကာ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်တိုက်ပွဲဝင်လာတော့တယ်။

(၄)

၈၈ ပြည်သူလူတုကြီးရဲ့ စိန်ခေါ်တိုက်ပွဲဝင်လာတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အာဏာရှင် ဗိုလ်နေဝင်းက “စစ်တပ်ဆိုတာ ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်တယ်” ဆိုတဲ့ မာန်ဖီနေတဲ့ အာဏာရှင်ပီပီ ခြိမ်းခြောက်စိန်ခေါ်မှုနဲ့အတူ ‘နဝတ’ စစ်အုပ်စုကို မွေးဖွားပေးကာ သမိုင်းဇာတ်ခုံပေါ် ထိုးတင်ပေးလိုက်ပါတယ်။

ဒီနေ့ ဗိုလ်နေဝင်းမွေးပေးလိုက်တဲ့ နဝတ-နအဖ စစ်အုပ်စုဟာ တိုင်းပြည်ကို စစ်အာဏာရှင်စနစ်နဲ့ ဆက်လက်ခြယ်လှယ် သွေးစုပ်အုပ်စိုးလာခဲ့တာ အနှစ် ၂ဝ ကျော်သွားခဲ့ပါပြီ။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရ ခိုင်မာသထက် ခိုင်မာရေးမှတပါး တိုင်းပြည်ကို တိုးတက်အောင် ဘာမျှ လုပ်ဆောင်ခဲ့တာ မရှိဘူး။ ဒီစစ် ၃ စစ်ခိုင်မာရေးအတွက် နည်းသဏ္ဍာန်မျိုးစုံ လုံးပန်းအားထုတ်ခဲ့တယ်။ ဒီနေ့ ဗမာပြည်မှာ တိုင်းပြည်နဲ့ မလိုက်အောင် စစ်အင်အား တိုးချဲ့ခဲ့တယ်။

စစ်အင်အားတောင့်တင်းရေးကို တိုင်းပြည်ဘဏ္ဍာငွေတွေ အရမ်း သုံးစွဲခဲ့တယ်။ (ဒီနေ့ ဗိုလ်သိန်းစိန် အစိုးရလက်ထက်မှာလည်း ဘတ်ချက်ရဲ့ ၂ဝ ရာခိုင်နှုန်းကို စစ်ရေးအသုံးစရိတ်အဖြစ် ပြဋ္ဌာန်းထားတယ်။) တပ်ရင်း ၅ဝဝ အထိတောင် တိုးချဲ့ခဲ့တယ်။ အာဆီယံအတွင်း စစ်သားဦးရေ အများဆုံးနိုင်ငံလို့ ဆိုနေပါပြီ။

စီးပွားရေးဘက်မှာတော့ စစ်အုပ်စုနဲ့ သူတို့အသိုင်းအဝိုင်း လက်တဆုပ်စာလောက်သာ ကျိကျိတက်ချမ်းသာနေတဲ့ CRONY စီးပွားရေးသာ ဒီနေ့ဖြစ်ထွန်းခဲ့တယ်။ စစ်အုပ်စုပိုင် ဦးပိုင်လီမိတက်နဲ့ စစ်အုပ်စုလက်ဝေခံများကသာ တိုင်းပြည် စီးပွားရေးလုပ်ငန်းတွေရော မြေယာအပါအဝင် သယံဇာတတွေကို လက်ဝါးကြီးအုပ် လုယက်သွေးစုပ်နေတယ်။

လက်တွေ့မှာ တိုင်းပြည်ကတော့ ဒီနေ့အထိ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့်က ရုန်းမထွက်နိုင်သေးဘူး။ အဲဒီလို ရုန်းမထွက်နိုင်ရုံမက အာဆီယံအတွင်းမှာ နောက်အကျဆုံးနိုင်ငံလေး ၂ နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ လာအိုထက်တောင် တိုင်းပြည် စုစုပေါင်းထုတ်ကုန်တန်ဖိုး GDP ဟာ နိမ့်နေသေးကြောင်း ဗိုလ်သန်းရွှေက အသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ ဘောင်းဘီချွတ် ခေါင်းပေါင်းပေါင်းထားတဲ့ အရပ်သား သူ့ရုပ်သေးအစိုးရ ဝန်ကြီးအဖွဲ့ကို တွေ့ဆုံနှုတ်ခွန်းဆက် ပြောကြားရာမှာ အတိအလင်း ဝန်ခံပြောကြားသွားခဲ့ပြီ။

တိုင်းပြည်တွင်းမှာ ဘယ်ခေတ်နဲ့မှ မတူအောင် လူ့အခွင့်အရေးများ ချိုးဖောက်မှုတွေ များပြားလှပြီး ပြည်သူလူထုကြီး တရပ်လုံးအဖို့ ဒီမိုကရေစီအခွင့်အရေး မိုးမှောင်အကျဆုံးကာလလို့ ပြောနိုင်တဲ့ခေတ်ပါ။ နိုင်ငံရေးအကျဉ်းသားတွေ များလွန်းလှပြီး ၂ဝဝဝ ကျော်အထိတောင် ရှိနေခဲ့ပါတယ်။ (စစ်အစိုးရကတော့ နိုင်ငံရေးအကျဉ်းသမားမရှိဘူး။ ဥပဒေကို ချိုးဖောက်လို့ အရေးယူထားသူများသာ ရှိနေတယ်လို့ မျက်နှာပြောင်တိုက် ပြောခဲ့တာပါ။)

လွတ်လပ်ရေးရခဲ့တာ ဒီနေ့ နှစ် ၆ဝ ကျော်သွားခဲ့ပြီ။ ဖဆပလရဲ့ဖောက်ပြန်တဲ့ ဗျူရိုကရက် ဓနရှင်လူတန်းစားနဲ့ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ တိုင်းပြည်ဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံဘဝ ကျရောက်သွားခဲ့ရတယ်။ အခုထိ ဒီဘဝက ရုန်းမထွက်နိုင်ခဲ့ဘူး။ ပြည်တွင်းစစ်ကို တိုးချဲ့ရင်း စစ်ဗျူရိုကရက် လက်တဆုပ်စာ လူတန်းစားဟာ ခိုင်မာသထက် ခိုင်မာလာတယ်။ ကျိကျိတက် ချမ်းသာသထက် ချမ်းသာလာတယ်။ ပြည်သူလူထုကတော့ ဒုက္ခဆင်းရဲတွင်း နက်သထက် နက်လာတယ်။

(၅)

ဒီနေ့ ဗိုလ်သန်းရွှေက သူ့ရဲ့ရုပ်သေး အရပ်သားအစိုးရ ပွဲထုတ်လာတော့ သမ္မတဆိုသူ ဗိုလ်သိန်းစိန်ကို အလွန် ရိုးသားသူ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးတယောက်လို ပြောဆိုပြီး အပြောင်းအလဲတွေ ပေါ်နိုးနိုး မျှော်ကိုးပြောဆိုနေသံတွေ ကြားရပါတယ်။

လူတိုင်း အပြောင်းအလဲကို တောင့်တနေတာမို့ အပြစ်မတင်လိုပါဘူး။

ဒါပေမယ့် ဒီနေ့ဗမာပြည်ရဲ့ အပြောင်းအလဲဆိုရာမှာ အရေးကြီးဆုံးက “ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး” လုပ်မ လုပ်ဆိုတာဟာ စံတရပ်ပါပဲ။ ဒီပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့အတူ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းအတိုင်း ချီတက်သွားရမှာပါ။ ပေါ်ထွက်လာတဲ့ အစိုးရသစ်ဟာ တိုင်းပြည်မှာ အစိုးရသစ်တရပ်ပေါ်ထွက်လာခြင်းဟာ မင်္ဂလာတရပ်အဖြစ်နဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ထုတ်ပြန်ကာ “နိုင်ငံရေးအကျဉ်းသား” အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးပြီး အပြောင်းအလဲကို ဖော်ဆောင်သွားသင့်ပါတယ်။ ဒီနိုင်ငံရေး အပြောင်းအလဲကို မလုပ်ဆောင်သေးသမျှ တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။

ဒီနေ့ နဝတ-နအဖ အစိုးရဟာ ဟိုအရင် ဖောက်ပြန်တဲ့ဗျူရိုကရက် ဓနရှင်လူတန်းစား အစိုးရလိုပဲ နိုင်ငံရေးအကျဉ်းသား လုံးဝ မရှိဘူးဆိုတာ ငြင်းဆိုထားခဲ့ရုံမက အဲဒီနအဖ အစိုးရဝန်ကြီးချုပ်ကနေ သမ္မတအဖြစ် ပြောင်းလဲလာသူ ဗိုလ်သိန်းစိန်ဟာ ဒီကိစ္စကို ရေငုံနှုတ်ပိတ် လုပ်နေခဲ့တယ်မဟုတ်လား။ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခွင့်ကို သမ္မတနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအရ အပ်ထားပါတယ်။ ဗိုလ်သိန်းစိန်ဟာ သမ္မတဖြစ်သလို အဲဒီကောင်စီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ဒါကြောင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သူဟာ လုပ်ပိုင်ခွင့်ရှိသူလို့ ဆိုနိုင်ပါတယ်။ ဗိုလ်သိန်းစိန် ဘာမှ မလုပ်ဝံ့ပါဘူး။ သူ့နောက်မှာ သူ့ကို ကြိုးကိုင်ထားသူ ရှိနေတယ်။ သူဟာ ရုပ်သေးရုပ်သာဖြစ်တယ်ဆိုတာ လက်တွေ့က သက်သေပြနေပြီမဟုတ်လား။

ဒီနေ့တိုင်းပြည်မှာ ပေါ်ထွက်လာတဲ့ ဘောင်းဘီချွတ် အရပ်သား အစိုးရဆိုတာ တကယ်တော့ စစ်ဗျူရိုကရက် လူတန်းစား အစိုးရပါ။ အရပ်သား အနည်းအကျဉ်းပါတယ်ဆိုပေမယ့် အဲဒါကလည်း သူတို့ရဲ့လက်ဝေခံတွေပါ။ ဒါကြောင့် ဒီနေ့ ပေါ်ထွက်လာတဲ့ အရပ်သားအစိုးရဆိုတဲ့ ဒီစစ်ဗျူရိုကရက် ဓနရှင် လူတန်းစားဟာ တပြည်လုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကိုယ်စားမပြုပါဘူး။

ဒါကြောင့် လွှတ်တော်တွင်းမှာ ပြည်တွင်းစစ်ရပ်စဲရေး အဆိုကို တင်ပြ မဲခွဲဆုံးဖြတ်တဲ့အခါ ဒီစစ်ဗျူရိုကရက် ဓနရှင်လူတန်းစားကို ကိုယ်စားပြုတဲ့ ကြံ့ဖွတ်ပါတီနဲ့ စစ်တပ်က တိုက်ရိုက် ရွေးပေးလိုက်တဲ့ ကိုယ်စားလှယ်တွေက အများစုဖြစ်တော့ ဒီအဆို ရှုံးနိမ့်သွားခဲ့ရပြီ မဟုတ်ပါလား။ သူတို့ဟာ ပြည်တွင်းစစ်နဲ့အတူ ချမ်းသာကြွယ်ဝလာသူများဖြစ်ကြလို့ ပြည်တွင်းစစ်ကို အမှန်တကယ်ရပ်ပစ်လိုစိတ်လည်း မရှိပါဘူး။

ဒါကြောင့် ဗမာပြည်ရဲ့အနာဂတ်ဟာ ပြည်တွင်းစစ်သံသရာ လည်နေဦးတော့မှာပဲ။ ဒီနေ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများကို ထိုးစစ်ဆင်နေမှုတွေကလည်း သက်သေခံနေပြီမဟုတ်လား။

တကယ်တော့ နဝတ-နအဖ အစိုးရဟာ အပစ်ရပ်အဖွဲများကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းလိုစိတ် မရှိခဲ့ပါဘူး။ နောက်တက်လာမယ့် အစိုးရနဲ့မှ ဆွေးနွေးဖြေရှင်းကြဆိုပြီး ဒီအဖွဲ့တွေကို အချိန်ဆွဲကာ နောက်ဆုံး နယ်ခြားစောင့်တပ် (BGF) အဖြစ် ပြောင်းခိုင်းခဲ့တာပါ။

အခု အစိုးရသစ်ပေါ်လာတော့လည်း ဘာနိုင်ငံရေးမှ ဆွေးနွေးခွင့်မပေးတော့ဘဲ ဒီအဖွဲ့တွေကို စစ်ဆင်ရေးတွေလုပ်၊ ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ ဆက်လုပ်လာတာပါ။ အခုအခါ ‘ဝ တိုင်းရင်းသား သွေးစည်း ညီညွတ်ရေးအဖွဲ့’ နဲ့ ‘မုန်းလား အထူးဒေသ ၄ ’ ဆိုတာတို့ကို မိမိဒေသရှေ့ရှိ တပ်များအား မိမိဒေသအတွင်း ပြန်ဆုတ်ရေးတောင်းဆိုသံတွေ ကြားနေရပါပြီ။ ကေအိုင်အေတပ်တချို့ကိုလည်း ရှမ်းပြည်မြောက်ပိုင်းမှာ ရေနံပိုက်လိုင်း စောင့်ရန်အတွက် လက်ရှိနေရာက ဖယ်ပေးဖို့ အစိုးရတပ်က တောင်းဆိုနေပါပြီ။

အခုနောက်ဆုံး သမ္မတ အကြံပေးအဖွဲ့ဆိုတာကို ဖွဲ့လာပြန်ပါပြီ။ ဗမာပြည် ဖောက်ပြန်ရေးသမား အုပ်စိုးသူလူတန်းစား အဆက်ဆက်ဟာ အကြံပေးအဖွဲ့တွေ ဖွဲ့ခဲ့တာချည်းပါပဲ။ ဖဆပလ အစိုးရလည်း ဒီလိုလုပ်ခဲ့သလို ဗိုလ်နေဝင်း လက်ထက်မှာလည်း ၃၃ ဦး အကြံပေးအဖွဲ့ဆိုတာ ဖွဲ့ခဲ့ဖူးပြီ။ ပြည်သူလူထုသာ ဆင်းရဲတွင်းနက်သထက် နက်ခဲ့ရတာပဲ အဖတ်တင်တာ ပါတယ်။ သမိုင်းက အဖြေပေးခဲ့ ပြီးပါပြီ။ အကြံပေးအဖွဲ့များဟာလည်း နောက်ဆုံး ဖျက်သိမ်းသွားရတာချည်းပါပဲ။ ဘာအပြောင်းအလဲမှ ဖြစ်လာခဲ့တာ မရှိဖူးပါဘူး။

အခုလည်း ဒီလမ်းဟောင်းအတိုင်း ဗိုလ်သိန်းစိန် အစိုးရဟာ လုပ်လာပြန်ပါပြီ။
တကယ်ရိုးသားရင်၊ တိုင်းပြည်အကျိုးစီးပွားကို တကယ်လိုလားရင် အကြံပေးအဖွဲ့တောင် မလိုပါဘူး။ ပြည်တွင်းစစ်ကိုရပ်။ ပြည်သူလူထုတရပ်လုံးက ခေတ်အဆက်ဆက် မျှော်လင့်တောင့်တနေတဲ့ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကို ပြည်သူတွေနဲ့အတူ လက်တွဲအကောင်အထည်ဖော်ရုံမှတပါး တခြား ရွေးစရာ လမ်းမရှိပါဘူး။

ဒီလို ပြည်သူ့ဆန္ဒကို ပြည်သူတွေနဲ့ ဝိုင်းဝန်းဆောင်ရွက်နိုင်လိုက်ရင် အကြံဉာဏ်တွေလည်း ဒီထက် ပိုများပြားလာပြီး အမျိုးသားစည်းလုံးညီညွတ်ရေးရကာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တက်လှမ်းသွားနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စစ်ဗျူရိုကရက် ဓနရှင်လူတန်းစား ကိုယ်စားပြုတဲ့ ဒီအရပ်သားအစိုးရဟာ ဒီလမ်းကို လျှောက်လှမ်းဖို့ မရှိတော့တာကို သူ့လွှတ်တော်အတွင်းက ဆုံးဖြတ်ချက်အရ တွက်ဆနိုင်လောက်ပါပြီ။ ဟန်ပြ လိမ်ညာမှုတွေ လုပ်ဆောင်ပြရုံကလွဲလို့ ဘာ အပြောင်းအလဲမှ ပေါ်ထွက်မလာနိုင်ပါဘူး။ ပြည်တွင်းစစ်တိုက်ရင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလည်း ဘယ်လိုမှ တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ ပြည်တွင်းစစ်ပြဿနာဟာ နိုင်ငံရေး ပြဿနာ။ ဒီ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်သရွေ့ ဗမာပြည်မှာ အဓိပ္ပာယ်ရှိတဲ့ ဘယ်လိုအပြောင်းအလဲမှ ပေါ်ထွက်လာနိုင်မှာ မဟုတ်ဘူး။

ဒီနေ့ ဒီချုပ်အပါအဝင် ဒေသအသီးသီးမှ ‘ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားသူများ’ ရဲ့ ‘အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းသာယာရေးကို ရှေးရှူသည့် လုပ်ဆောင်ချက်ကို အကောင်အထည်ဖော်ပေးပါရန် မေတ္တာရပ်ခံပန်ကြား ခြင်း’ ကို သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တင်ပြတောင်းဆိုတဲ့ လှုပ်ရှားမှု၊ စာနယ်ဇင်းနဲ့ အနုပညာလောကမှ ပုဂ္ဂိုလ် ၃၂၄ ဦးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုးတောင်းဆိုတဲ့ လှုပ်ရှားမှုမျိုးများကို ပိုမို အားကောင်းအောင် ထောက်ခံအားပေးရမှာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုများကို လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှု ရေစီးကြောင်းအဖြစ် ပေါင်းစုံသွားစေရပါလိမ့်မယ်။

တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးဟာ ပေါ်ထွက်လာတဲ့ အရပ်သားအစိုးရကို ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူ့အခွင့်ရေးများအတွက် နည်းသဏ္ဍာန်မျိုးစုံနဲ့ ဆက်လက် တောင်းပွဲ၊ တိုက်ပွဲတွေ အပါအဝင် လွှတ်တော်ပ တိုက်ပွဲသဏ္ဍာာန်မျိုးစုံကို တက်လှမ်းသွားနိုင်မှသာ မိမိတို့လိုချင်တဲ့ အပြောင်းအလဲကို ရရှိနိုင်ပါလိမ့်မယ်။

ဒီလို မတက်လှမ်းနိုင်လို့ကတော့ ဘာအပြောင်းအလဲမှ ပေါ်လာမှာ မဟုတ်ပါဘူး။ ဗမာပြည်ဟာလည်း အာရှလူမမာကြီးအဖြစ် ဆက်လက် ဖြစ်မြဲ ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ တန်ဖိုးရှိလှတဲ့ လူသားအရင်းအမြစ်တွေဟာ ဆုံးရှုံးမြဲ ဆုံးရှုံးနေဦးတော့မှာပါပဲ။ နိုင်ငံတကာအလယ်မှာ ကျွန်တော်တို့အမျိုးသားတွေရဲ့ အမျိုးသားဂုဏ်သိက္ခာဟာလည်း ဆက်လက်ကျဆင်းနေဦးတော့မှာပါပဲ။

ဒါကြောင့် လွှတ်တော်ပ တိုက်ပွဲသဏ္ဍာန်မျိုးစုံသို့ တက်လှမ်းသွားနိုင်ရေးကို ဘက်စုံမှ ပြင်ဆင်သွားရပါလိမ့်မယ်။

ဒီလမ်းမှတပါး တိုင်းရင်းသား ပြည်သူလူထုကြီးတရပ်လုံးအနေနဲ့ ရွေးစရာ တခြားလမ်းမရှိတော့ပါဘူး။

မေ ၁၊ ၂ဝ၁၁။

No comments:

Post a Comment