Monday, May 16, 2011

တိုက်ပွဲသဏ္ဍာန်ပေါင်းစုံဆိုတဲ့စကားကို များများပြောရမယ် - ရဲဘော်ဖိုးသံချောင်း

ပြည်သူလူထုက ကြောက်နေကြတယ်။

ဟဲ-ဟဲ။ ခင်ဗျားရော မကြောက်ဘူးလား။

နအဖကို ခင်ဗျားလည်း မကြိုက်ဘူး၊ ပြည်သူလူထုလည်း မကြိုက်ဘူး။ ခင်ဗျားကတော့ လမ်းမပေါ်မတက်ဘဲ ပြည်သူ လူထုကိုတော့ လမ်းမပေါ်မတက်လို့ ကြောက်တယ်လို့ပြောတယ်။ တရားသလား။

ထားပါ။ ခင်ဗျား ကြောက်တယ်ဆိုရင်လည်း ကျနော် အပြစ်မတင်ပါဘူး။ မလိုလားအပ်တဲ့ ဆုံးရှုံးမှု၊ အချိန်မတိုင်သေးတဲ့ ဆုံးရှုံးမှုကို ဘယ်သူမှ မလိုလားပါဘူး။ ကိုယ်က ဘာလုပ်နေသလဲ၊ ဘာဟောနေသလဲ။ ဒါကိုပဲ ပထမဆုံးစဉ်းစားပါ။

ဒီအရေးတော်ပုံဟာ လူထုမပါရင်မပြီးဘူးဆိုတာ ခင်ဗျား မငြင်းဘူး ထင်ပါတယ်။ အပိုစကားပြောနေတာ မဟုတ်ပါဘူး။ တချို့က အမေရိကန်ဝင်လာရင် ပွဲပြတ်ပြီထင်နေကြ၊ ပြောနေကြတာမို့ပါ။

အမေရိကန်ဝင်လာနိုင်အောင် အမေရိကန်ကို ဆွဲဆောင်လို့ရမယ်ထင်တဲ့ စကားတွေ ပြောနေကြတယ်။ ဟိုက အထူးတမန်ဆိုတာကိုပဲ လွှတ်တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ ဗမာပြည်မှာ အုပ်စိုးသူ အပြောင်းအလဲဖြစ်ရေးအတွက် သိပ်ပြီး ထက်သန်လှတာ မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

အဲတော့ လူထုပါလာအောင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ဒါထက်။ မေးရဦးမယ်။ နိုင်ငံရေးလှုပ်ရှားမှုကြီးတခု ဖော်ထုတ်ဖို့ဆိုရင် ပြည်သူလူထုထက် နိုင်ငံရေးသမားတွေမှာ ပိုပြီးတာဝန်ရှိတယ်ဆိုတဲ့အချက်ကို ခင်ဗျားလက်ခံသလား။ ခင်ဗျားနဲ့ ကျနော်နဲ့ တူပါတယ်။ ဒါဖြင့်ရင် လူထု မကြောက်အောင် ကျနော်တို့ ခင်ဗျားတို့ ဘာလုပ်ပေးနိုင်သလဲ။


နံပါတ်တစ်အားဖြင့် လူထုကို အတွေးအခေါ်ပိုင်းအရ နအဖ စစ်အုပ်စုနဲ့ အခုနောက်ဆုံးတက်လာတဲ့ စစ်အစိုးရတို့ကြောင့် ကျနော်တို့နိုင်ငံကြီး ဒီလိုဖြစ်နေရတယ်၊ ဒီအသွင်အမျိုးမျိုးသော စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းသရွေ့ သိသာတဲ့ ဘာအပြောင်းအလဲမှ ဖြစ်မလာဘူးဆိုတာ လူထုကို သဘောပေါက်အောင် လုပ်ရမယ်။ ဒါပေမယ့် များများလုပ်ဖို့တော့ မလိုပါဘူး။ လူထုက ဒါကို သဘောမပေါက်တာ မဟုတ်ပါဘူး။

ဒါလောက် မျက်စေ့လည်လောက်အောင် ပြည်တွင်း ပြည်ပ မီဒီယာပေါင်းစုံက ပြောနေ၊ ရေးနေကြတဲ့အထဲက နည်းနည်းမှ မျက်စေ့မလည်၊ နားမယောင်တာဟာ ကျနော်တို့ ပြည်သူတွေပါပဲ။

လူထုကို အတွေးအခေါ်ပိုင်းမှာ သိပ်ပြီး အထူးပြောနေစရာမလိုဘူးဆိုပေမယ့် နိုင်ငံရေးအရတော့ လုပ်စရာတွေ ရှိတယ်။ ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ။ သိန်းနဲ့သန်းနဲ့ချီတဲ့ လူထုကြီးဆီကို ဘယ်လို သွားထိတွေ့ကြမလဲ။ နိုင်ငံရေးအယူအဆတွေ ဘယ်လိုအရောက်ပို့ကြမလဲ။

ဟုတ်တယ်၊ တဦးစီကို လိုက်တွေ့နေပြောနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ သူတို့အထဲက တက်ကြွသူတွေရှာ၊ အဲဒီလူတွေကို အရင်စည်းရုံး၊ သူတို့ကတဆင့် အချိန်ရောက်တဲ့အခါ လူထုကို ဆွဲတင်ရမှာပဲ။ နေပါဦး၊ အဲဒီတက်ကြွသူတွေကို စည်းရုံးလို့ စစ်အစိုးရနဲ့ ပြဿနာတွေတက်မကုန်နိုင်ဘူးလားလို့ မေးမယ် မဟုတ်လား။ ဟုတ်တယ်၊ တက်တာပေါ့။ သိပ်တက်တာပေါ့။ ဒါကို လျှို့လျှို့ဝှက်ဝှက် သိုသိုသိပ်သိပ်နဲ့ ရေရှည်လုပ်ရမှာ။

ဒါဖြင့် ယူဂျီလုပ်ရမယ်လို့ ဆိုချင်တာလား။ မြေအောက်လုပ်ငန်း လုပ်ရမှာလား။

ဟုတ်တယ်။ အဲဒီလိုမလုပ်လို့ မဖြစ်ပါဘူး။ မြေအောက်လုပ်ငန်းဆိုတာဟာ ဒီစစ်အစိုးရလောက် မရက်စက်တဲ့ အစိုးရတွေလက်ထက်မှာတောင် လုပ်ခဲ့ရတယ်။ အင်္ဂလိပ် ကိုလိုနီလက်ထက်၊ ဂျပန် လက်ထက်၊ ဖဆပလ အစိုးရ လက်ထက်၊ မဆလ လက်ထက် ဒီဘက် ခေတ်သမိုင်း လက်ထက်တိုင်းမှာ ရှိခဲ့တာပဲ။ ဒီခေတ်မှာမှ မြေအောက်လုပ်ငန်း မလုပ်ဘဲနေရအောင် မြေပေါ်မှာ ဒီမိုကရေစီက အလျှံပယ်ဖြိုးကြွယ်နေလို့လား။

ခြေဆုံးခေါင်းဆုံး လက်နက်တပ်ထားတဲ့ စစ်အစိုးရနဲ့ကိုယ်နဲ့ မြေပေါ်မှာ စီးချင်းထိုးနိုင်တယ် ထင်လို့လား။ စစ်အစိုးရခွင့်ပြုထားတဲ့ ဘောင်အတွင်းမှာ လှုပ်ရှားရုံနဲ့ ဒီမိုကရေစီရမယ်လို့ ထင်သလား။

နည်းသဏ္ဍာန်ပေါင်းစုံကို သုံးရမှာပါ။ စစ်အစိုးရကိုယ်တိုင်က ဥပဒေပနည်းပေါင်းစုံနဲ့ ထင်တိုင်းကြဲနေချိန်မှာ ကိုယ်က (သူတို့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့) ဥပဒေဘောင်အတွင်းမှာ ကိုယ့်ကိုယ်ကို တုပ်နှောင်ထားလို့ မဖြစ်ပါဘူး။ ကျနော်တို့ အခုအရေးတော်ပုံဟာ အမေရိကန်က ဒီမိုကရက်နဲ့ ရီပါဘလစ်ကင်၊ အင်္ဂလန်က လေဘာနဲ့ ကွန်ဆာဗေးတစ်တို့ အားပြိုင်ကြတဲ့ နိုင်ငံရေးမျိုးမဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်။

သူတို့က သူတို့နိုင်ငံမှာ တည်ရှိနေတဲ့ စနစ်ကြီးတခုကို ဘယ်လို၊ ဘယ်သူက ဆက်ခံကာကွယ်မယ်ဆိုတာ အတွက် ရွေးကောက်ပွဲတွေ လုပ်ကြ၊ ပြောကြ၊ ဟောကြတာပါ။ ဒီမှာ ကျနော်တို့လှုပ်ရှားနေကြတာက စစ်အုပ်စုနဲ့ကိုယ် တလှည့်စီ အစိုးရလုပ်ရေးအတွက် မဟုတ်ပါဘူး။ လက်ရှိရှိနေတဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဖြစ်ပါတယ်။

အမေရိကန်တို့ အင်္ဂလန်တို့မှာက သမ္မတလောင်းတွေဟာ ရွေးကောက်ပွဲရှုံးသွားလို့လည်း ဘာမှမဖြစ်ပါဘူး။ သန်းကြွယ်သူဌေးဟာ သန်းကြွယ် သူဌေးပါပဲ။ ဒါပေမယ့် ဗမာပြည်မှာကတော့ အာဏာလက်လွတ်သွားရင် စည်းစိမ်ပြုတ်၊ ဥစ္စာပြုတ်၊ သေသော်မှတည့် သြော်ကောင်း၏ ဆိုတာမျိုးဖြစ်နေတော့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အသေအလဲ ကာကွယ်မှာပဲ။ ဗမာပြည်ရဲ့အရေးတော်ပုံဟာ စနစ်ကြီးတခုနဲ့ နှစ်ပေါင်းများစွာ အာဏာရထားတဲ့ စစ်အုပ်စုတခုရဲ့ အကျိုးစီးပွားတွေကို ဖယ်ရှားရမှာဆိုတော့ တကယ်ပဲ ခက်ခဲပါတယ်။

ဒါကို တော်လှန်ရေး ခေါ်မလား၊ နိုင်ငံရေးလုပ်ငန်း ခေါ်မလား။ “တချို့က တော်လှန်ရေးလို့ ခေါ်လိုက်ရင်” ဆိုပြီး လန့်ဖြန့်ကုန်ကြတယ်။ ထားပါ။ အခေါ်အဝေါ်က အဓိက မဟုတ်ပါဘူး။

သာမန်လွယ်လွယ်မဟုတ်ဘူးဆိုတာ အသိအမှတ်ပြုရင် ရပါပြီ။ ဆက်မယ်။ ယူဂျီကို ဘယ်လိုသဏ္ဍာန်နဲ့ လုပ်ကြမလဲ။ ပုံသဏ္ဍာန်က အဓိကမဟုတ်ဘူး ထင်ပါတယ်။ ဖေ့စ်ဘွတ် (Facebook) နဲ့လုပ်လုပ်၊ ဖယောင်းစက္ကူနဲ့လုပ်လုပ်၊ ကြွက်သေတာ လိုရင်းပါ။ သဏ္ဍာန်တွေမတူရင် ပိုတောင်ကောင်းပါတယ်။ ဗမာပြည်က ယူဂျီလောက် အတွေ့အကြုံကြွယ်ဝတာ ကမ္ဘာမှာ နည်းပါတယ်။ ကိုလိုနီခေတ်ကနေ ဒီနေ့အထိ ယူဂျီသက်တမ်းကိုက ရာစုနှစ်တခုနီးပါး ရှိနေပြီပဲ။ တပါတည်းမှာ သင်ခန်းစာတွေ များလှပြီဆိုတာလည်း မမေ့သင့်ဘူး။

ယူဂျီကို သူငယ်ချင်းတစု စိတ်ကူးပေါက်လို့ ထလုပ်တာမျိုး မဖြစ်သင့်ဘူး။ စနစ်ကျရမယ်၊ လျှို့ဝှက်မှု ထိပ်တန်းတင်ရမယ် ဆိုတဲ့ အခြေခံဥပဒေသကို ဘယ်လိုမှ ဖောက်ဖျက်လို့မရဘူး။

ကိုယ်ရင်ဆိုင်နေရသူဟာလည်း ယူဂျီဖြိုခွဲမှုမှာ အင်မတန် အတွေ့အကြုံရှိတယ်ဆိုတာ သတိပြုရမယ်။ တခုတော့ ပြောချင်တယ်။ ဒီလို သက်စွန့်ဆံဖျားလုပ်ငန်းတခုကို ကိုယ် မလုပ်ချင်ရင် နေပါ။

သူများလုပ်နေတာကို အပြစ်မပြောဖို့ အရေးကြီးပါတယ်၊ တချို့က ယူဂျီလုပ်ငန်းကို ခိုးကြောင်ခိုးဝှက်၊ လူကြီးလူကောင်း မဆန်တဲ့လုပ်ငန်းလို့ ထင်သလားမသိဘူး။ ကျုပ်တို့က ဒါမျိုးမလုပ်ဘူးဆိုတာကို နှာခေါင်းရှုံ့ ပြောကြတယ်။ တချို့ကတော့ လက်နက်ကိုင် တော်လှန်ရေးတာကိုလည်း အပြစ်ပြောကြတယ်။ ဟုတ်ပါတယ်။ မြေပေါ်မှာ လှုပ်ရှားနေသူတွေအနေနဲ့ ဒါတွေနဲ့ကင်းကြောင်း ဖော်ပြဖို့လိုပါတယ်။ ဒါပေမယ့် တချိန်တည်းမှာ စစ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ အင်အားစုအချင်းချင်း အပြန်အလှန် လေးစားဖို့လိုပါတယ်။

ကျနော်တို့မမေ့သင့်တာက အာဏာရနေသူမှာ ဖိနှိပ်ဖို့နည်းနာတွေ အများကြီးရှိတယ်ဆိုတာပဲ။ ဒီနေ့တည်ရှိနေတဲ့ ဥပဒေတွေဟာ သူတို့ဘက်က အထက်စီးရအောင် လုပ်ထားတာတွေဖြစ်တဲ့အပြင် လက်ရှိဖွဲ့စည်းပုံဥပဒေ၊ လွှတ်တော်တွေနဲ့ သူတို့လိုချင်တဲ့ဥပဒေကို အချိန်မရွေး ပြဋ္ဌာန်းလို့ ရပါတယ်။

အဲဒီလို မမျှမတရင်ဆိုင်နေရချိန်မှာ ကိုယ့်ခြေကိုယ် တုပ်ထားရာကျမယ့်အပြောတွေကို သတိထားသင့်ပါတယ်။ နိုင်ငံရေးပါတီတခု၊ ဒါမှမဟုတ် နိုင်ငံရေးလုပ်သူတဦးဟာ အခြေအနေပြောင်းလဲရင် ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ အလျင်အမြန် ပြောင်းလဲ လုပ်ကိုင်နိုင်ဖို့လိုတယ်ဆိုတာ အထူးပြောနေစရာမရှိဘူး။

အထူးသဖြင့် အတိုက်အခံဘဝရောက်နေသူတွေ။ ကိုယ်က ပြင်ဆင်မှု မလုံလောက်လို့၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို တုပ်နှောင်ထားတာတွေများနေလို့ ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ သာဓကတွေ အနိုင်နိုင်ငံမှာ ရှိပါတယ်။

ဒီနေ့အခါမှာ ဗိုလ်သန်းစိန်တို့ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ မာနတွေတက်နေပါတယ်။ ကြိတ်ကြံနေတာတွေလည်း မများပါဘူး။ အင်ဒိုနီးရှားမှာသာ သူတို့အောင်မြင်မှုရခဲ့ရင် ပိုမာနတက်၊ ပိုရမ်းကားလာနိုင်ပါတယ်။ ဒီအချိန်ဟာ ကိုယ့်ဘက်က ရင်စည်းပြင်ရမယ့်အချိန်လို့ ထင်ပါတယ်။ ။

No comments:

Post a Comment