Monday, May 16, 2011

မြန်မာအစိုးရသစ်အား အာဆီယံဥက္ကဋ္ဌနေရာ ပေးမပေးနှင့်ပတ်သက်၍

မြန်မာအစိုးရသစ်အား အာဆီယံဥက္ကဋ္ဌနေရာ ပေးမပေးနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် RFA သတင်း ဌာန အင်တာဗျူး

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရတက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်ရေး အချက် (၇) ချက်ကိုဆောင်ရွက်တဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြန်လွှတ်ပေးတဲ့အကြောင်း၊ ဒါကြောင့် အာဆီယံမှာ ဥက္ကဋ္ဌနေရာရသင့်တဲ့အကြောင်း ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရဟာ မြန်မာနိုင်ငံမှာ တကယ်ပဲ ဒီမိုကရေစီဖော်ဆောင်ရေးတွေ လုပ်လိုတဲ့ စိတ်သဘောထားရှိပါသလား ဆိုတာနက်ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ သဘောထားကိုသိဖို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

RFA – အာဆီယံအရှေ့တောင်အာရှအသင်းမှာ မြန်မာအစိုးရကနေပြီးတော့ အလှည့်ကျဥက္ကဋ္ဌဖြစ်ခွင့် တောင်းထားတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအရတော့ လက်ခံတဲ့သတင်းမျိုး ထွက်လာပါတယ်။ အဲဒီတော့ မြန်မာအစိုးရက ဒီလိုနေရာမျိုးကိုယူဖို့ တကယ် တမ်းအပြောင်းအလဲဖြစ်ပါပြီလား။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လို အမြင်သဘောထားမျိုးရှိပါသလဲ။


ဦးအောင်မိုးဇော် – လက်တွေ့မှာ အာဆီယံနိုင်ငံတွေအနေနဲ့ဖြစ်ဖြစ် အာဆီယံခေါင်းဆောင်တွေအနေနဲ့ပဲ ဖြစ်ဖြစ် ဗမာပြည်ကို ဒီ ဥက္ကဋ္ဌနေရာပေးဖို့ အထိကတော့ တော်တော် စဉ်းစားလိမ့်ဦးမယ်လို့ ကျနော် အဲဒီလိုပဲ ယူဆတယ်။ ဥပမာ – ဒီ အခုဆွေးနွေးပွဲမှာတောင်မှ စင်္ကာပူလိုနိုင်ငံမျိုးက တော်တော်လေး ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ကြားရတယ်။ မူအရသဘောတူတယ်လို့ ပြောတဲ့နိုင်ငံတွေကလည်းပဲ ဗမာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေဆက်လုပ်ဖို့ လိုအပ်သေးတယ်ဆိုတာကို ထောက်ပြကြတယ်။ အကယ်၍ ဗမာပြည်က အာဆီယံမှာ ဥက္ကဋ္ဌနေရာယူမယ်ဆိုလို့ရှိရင်တော့ ဥရောပသမဂ္ဂနဲ့သော်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စုနဲ့သော်လည်းကောင်း အာဆီယံနဲ့ဆက်ဆံရေးဟာ တစုံတရာ အဖုအထစ် ဖြစ်နိုင်တယ်လို့ ကျနော်တော့ အဲဒီလိုယူဆတယ်။

RFA – ဟုတ်ကဲ့။ အခု အစိုးရရဲ့ သမ္မတ ဦးသိန်းစိန်ကလည်း ကတိကဝတ်ပြုပြီး ပြောတာတွေရှိတယ်။ တိုင်းပြည်မှာ ဘယ်လိုဖြစ်လာအောင် ဆောင်ရွက်မယ်ပေါ့လေ။ အခုဆိုလို့ရှိရင်လည်း သူတို့ရဲ့ (၇) ချက်အရ ဖော်ဆောင်ရေးတွေ လုပ်တယ်ဆိုတဲ့ စသည်ဖြင့် ပြောတာတွေလည်း ရှိတယ်လေ။ အဲဒီတော့ တကယ်တမ်းပဲ ဒီ ဗမာပြည်မှာ ပြုပြင်ပြောင်းလဲရေးလုပ်လာနိုင်တဲ့ အနေအထားရှိပါသလား။ ဆိုလိုတာက ဒီ သမ္မတ ဦးသိန်းစိန်ရဲ့အစိုးရ ကိုယ်၌ကိုက လုပ်မယ်ဆိုတဲ့ သံန္နိဋ္ဌာန်မျိုး၊ လက္ခဏာမျိုးတွေ့ရှိရပါသလား လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။

ဦးအောင်မိုးဇော် – ပြဿနာက ကျနော်တို့တိုင်းပြည်မှာ လောလောဆယ် အခြေခံအားဖြင့် ဖြေရှင်းရမယ့် ပြဿနာကြီး (၂) ရပ်ရှိတယ်လို့ ကျနော်တော့ မြင်တယ်။ တခုကတော့ ဒီကနေ့ နအဖစစ်အုပ်စုပဲ ပြောပြော၊ အခု အသစ်ပေါ့ဗျာ အစိုးရပဲပြောပြော၊ ဒီပုဂ္ဂိုလ်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဘယ်လိုပြေလည်အောင် ဆောင်ရွက်မလဲဆိုတဲ့မေးခွန်းကို ကနေ့ အစိုးရသစ်က ဖြေရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။
 
ဒုတိယတခုအနေနဲ့ကတော့ အပစ်အခတ်ရပ်စဲရေး အင်အားစုတွေ နောက် လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ ဘယ်လိုဖြေရှင်းမလဲ။ ပြဿနာတွေကို ပြေလည်အောင်။ ဒီ နှစ်ခုကို ပြေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုလို့ရှိရင်တော့ ကျန်တဲ့ကိစ္စတွေဆောင်ရွက်ဖို့ အတော်ဝေးပါလိမ့်မယ်။ နအဖ အသည်းအသန်လိုချင်နေတဲ့ သူ့ရဲ့ တရားဝင်မှုကိစ္စကလည်းပဲ အကန့်အသတ်တွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ကျနော် အဲဒီလိုပြောချင်ပါတယ်။

RFA – နောက်တခုက တရုတ်ပြည်က စစ်ရေးကော်မရှင်အကြီးအကဲကလည်း ဒီ မြန်မာနိုင်ငံကို သွားရောက်တာရှိပါတယ်။ ဆိုတော့ အခုလိုအခြေ အနေမျိုးမှာ ဒီ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ ခေါင်းဆောင်တယောက် လာတယ်ဆိုတာကိုလည်း ဘယ်လိုသုံးသပ်ချင်ပါသလဲ။ နောက်တခုက ဒါက ပုံမှန် လာရောက်တဲ့ ဆက်ဆံရေးမျိုးလား။ ဒါမှမဟုတ် တရုတ်ရဲ့ အခု မြန်မာပြည်အပေါ်မှာပေါ့လေ ဒီ ကျောထောက်နောက်ခံပေးမှု အနေအထားကလည်း မြန်မာပြည်ဒီမိုကရေစီ အပြောင်းအလဲအတွက် ဘယ်လို သက်ရောက်မှုတွေရှိတယ်လို့ သုံးသပ်ချင်ပါသလဲ။

ဦးအောင်မိုးဇော် – တရုတ်နိုင်ငံအနေနဲ့ကတော့ ဒီကနေ့ အစိုးရကို အသိအမှတ်ပြုတဲ့သဘော ရှိတယ်။ နောက်တခုက ကနေ့အစိုးရကို တစုံတရာ ကျောထောက်နောက်ခံပြုထားတဲ့သဘောရှိတယ်။ သို့သော်လည်းပဲ ကျနော်တို့တိုင်းပြည်ထဲမှာ နိုင်ငံရေးအရ တစုံတရာ မတည်ငြိမ်သေးဘူး။ ပြေလည်မှု မရှိသေးဘူး။ တိုင်းပြည်ကို တည်ငြိမ်အောင်လုပ်ဖို့လိုသေးဆိုတာကိုလည်း တရုတ်အစိုးရအနေနဲ့ မြင်ပုံရတယ်လို့ ကျနော် ထင်ပါတယ်။ သို့သော်လည်းပဲ ဒီအပေါ်မှာတော့ ကျနော်တို့ အများကြီးမျှော်လင့်ဖို့ တော်တော်ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်အစိုးရက တက်လာတဲ့ အစိုးရက ဘယ်အစိုးရဖြစ်ဖြစ် ဆက်ဆံမယ်။ ဒီနေ့ နအဖနဲ့ဆက်ဆံနေတာ၊ ဒီနေ့အစိုးရနဲ့ ဆက်ဆံနေတဲ့ကိစ္စဟာ သူတို့အတွက် ပိုပြီးတော့ အကျိုးရှိနေတယ်လို့ သုံးသပ်နေပုံရတယ်။

No comments:

Post a Comment