Monday, April 11, 2011

တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ အစိုးရသစ်နှင့် ပတ်သက်သည့် အမြင်သဘောထား

RFA တနင်္ဂနွေစကားဝိုင်း
၁၀-၄-၂၀၁၁

RFA။ ။ ဒီအပတ် တနင်္ဂနွေစကားဝိုင်းကို စတင်ပါတော့မယ်။ ဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်များနဲ့ အရင်ဆုံး ကျနော် မိတ်ဆက်ပေးချင်ပါတယ်။

ပထမ တဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။
နောက်တဦးကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုငွေလင်းပါ။ နောက်တဦးကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က နိုင်ငံခြားရေးရာ တာဝန်ခံ ဦးမင်းနိုင်ပါ။ နောက်တဦးကတော့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး လှုပ်ရှားသူ ကိုမောင်မောင်လွင်ပါ။

သောတရှင်များခင်ဗျာ အခု မကြာခင်က မြန်မာနိုင်ငံမှာ ဦးသိန်းစိန် သမ္မတအဖြစ်ပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီ အခြေအနေပေါ်မှာ ပုဂ္ဂိုလ်တချို့က မြန်မာနိုင်ငံမှာ စစ်အစိုးရ မဟုတ်တော့ဘူး၊ အရပ်သားအစိုးရ ဖြစ်သွားပြီ။ အခြေအနေတွေ ပြောင်းလဲသွားတော့မယ် ပြောင်းလဲစပြုနေပြီ စသည်ဖြင့် ပြောနေကြပါတယ် ခင်ဗျာ။ ကျနော်တို့အမြင်မှာတော့ ပြည်သူ့လွှတ်တော်ဆိုတဲ့ နေပြည်တော်က ဒီ ခန်းမဆောင်ထဲမှာ အရပ်ဝတ် အရပ်စားနဲ့ ပုဂ္ဂိုလ်တွေ ကျနော်တို့ မြင်ရပါတယ်။ အဲဒီတော့ ပကတိ အနှစ်သာရ အားဖြင့်က ဘယ်လိုရှိသလဲခင်ဗျာ့။ လက်ရှိ မြန်မာနိုင်ငံက အစိုးရနဲ့ ပတ်သက်ပြီး —

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက ဦးငွေလင်းရေ။ ဦးငွေလင်း သဘောထားလေး ကြားပါရစေ။


ကျနော်တို့ မြင်တာကတော့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်က ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းဖို့၊ နောက်တစ်ခုက တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတိုင်း ကဏ္ဍတိုင်းကို စစ်အုပ်စုနဲ့ စစ်အုပ်စုရဲ့လက်ဝေခံ လူတစ်စုက လက်ဝါးကြီးအုပ်ဖို့ အဲဒီကိစ္စ တရားဝင်ဖြစ်သွားဖို့၊ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုပ်တယ်လို့ ကျနော်တို့က အဲဒီလိုမြင်ပါတယ်။ ဒါ တစ်ချက်ပါ။ နောက်တစ်ခုကတော့ ဒီလိုရည်ရွယ်ချက်ဆိုးတွေနဲ့ လုပ်တဲ့ အခြေအနေမှာတောင် ဒီရွေးကောက်ပွဲဟာ လူကြည့်လို့ ကောင်းသလား ဆိုလို့ရှိရင် လူကြည့်လို့ မကောင်းလောက်အောင် ရုပ်ပျက်ဆင်းပျက် ညစ်ပတ်ခဲ့ တယ်ဆိုတဲ့ဥစ္စာလည်း သေချာပေါက် ကျနော်တို့ အထင်အရှား တွေ့ရပါတယ်။ အဲဒီလို အထင်အရှားတွေ့ပြီးတော့ လွှတ်တော်ဖြစ်လာပြီ။ မျက်စိပိတ်၊ ပါးစပ်ပိတ်၊ နားပိတ် လွှတ်တော်လို့ ပြောရလောက်အောင် ဘာမှ အသက်မပါဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။ ကြံ့ဖွံ့ပါတီနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပြောသမျှ ခေါင်းညိတ်ပေးရတဲ့ လွှတ်တော်အဆင့်ပဲ ဖြစ်နေတယ်။ ဒါကလည်း တစ်ခု ဖြစ်ပါတယ်။ နောက်ပြီးတော့ သမ္မတ နှစ်ယောက်က စစ်ဗိုလ်ချုပ်တွေ ဖြစ်ပြီးတော့မှ သမ္မတ တစ်ယောက်က ကြံ့ဖွံ့ပါတီဝင် ဖြစ်နေတယ် .. စသည်ဖြင့်ပေါ့ဗျာ အကုန်လုံးကို နေရာလပ် မကျန်အောင် အတင်းအဓမ္မ လုယူထားတဲ့ကိစ္စ ဖြစ်တော့ ဒီအစိုးရက ကျနော်တို့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ၊ အရပ်ဝတ် အစိုးရ၊ လူထု အစိုးရလို့ ပြောဖို့ သိပ်ခက်တယ်။ စစ်အစိုးရပဲ၊ စစ်အာဏာရှင်စနစ်ပဲလို့ ကျနော်တို့တော့ အဲလိုပဲ မြင်ရပါတယ်။

RFA။ ။ အဲဒီတော့ တဆက်တည်းမှာပေါ့လေ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ နိုင်ငံတကာက ခေါ်ဝေါ်နေကြတဲ့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ရဲ့ ကဏ္ဍကိုလည်း ဒီနေ့ ကျနော်တို့ အချက်တစ်ခုအနေနဲ့ အဓိကထား ပြောချင်ပါတယ်ခင်ဗျာ့။ တဖက်မှာ အရပ်သားအစိုးရ ပေါ်လာပြီ မြန်မာပြည်ရဲ့ အနာဂတ်က တဖြည်းဖြည်း ပြောင်းလဲသွားတော့မယ်ဆိုပြီးတော့ ပြည်တွင်း ပြည်ပ ပြောနေကြတဲ့အသံတချို့လည်း ကြားရပါတယ်။ တချို့ ပုဂ္ဂိုလ်များကလည်း မိမိတို့ လွှတ်တော်မှာ ဝေဖန်ဆွေးနွေးလိုက်တဲ့အတွက် ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ အကျင့်စာရိတ္တ ပျက်ပြားမှု တိုက်ဖျက်ရေးတွေတောင် ပါလာပြီဆိုတာမျိုး ပြောကြဆိုကြတာလည်းပဲ သောတရှင်များ ကြားကြမှာပါ။ အဲဒီတော့ NLD ရဲ့ အနာဂတ်ကာလကိုလည်း တချို့က သေးသိမ်သွားတော့မယောင် ပြောဆိုနေကြတာတွေ ရှိပါတယ်။ တပြိုင်နက်တည်းမှာ ကျနော်တို့ မြင်နေရတာက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက်ပိုင်းမှာ ထင်ရှားကျော်ကြားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ ဖုန်းဆက်ပြီး အားပေးကြတယ် ထောက်ခံကြတယ်ဆိုတာတွေ ကျနော်တို့ တရားဝင် ထုတ်လွှင့်ခဲ့တာ ရှိပါတယ်။ ဥပမာအားဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပါပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်တို့ ဂျာမဏီဝန်ကြီးချုပ်၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ သြစတေးလျ စတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အခု လက်တလောမှာတင်ပဲ တရုပ်နိုင်ငံက နံပါတ် ထိပ်ပိုင်းခေါင်းဆောင်တစ်ယောက် မြန်မာပြည်သွားပြီးတော့ မြန်မာအာဏာပိုင်တွေ နဲ့ တွေ့စဉ်ကာလမှာ တရုပ်သတင်းထောက် နှစ်ယောက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ပြီး သူတို့ တရုပ်ပြည်သူလူထုတွေက ဒေါ်အောင်ဆန်းစုကြည်ကို အင်မတန် ချစ်ခင်ကြပါကြောင်း ဒေါ်အောင်ဆန်းစုကြည်ကလည်း တရုပ်ပြည်သူတွေကို ဘယ်လိုအမြင်ရှိပါသလဲ စသည်ဖြင့် မေးမြန်းသွားတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကဏ္ဍနဲ့ ပတ်သက်ပြီး အမြင်ကိုသိချင်ပါတယ်ခင်ဗျာ။

ကျနော်တို့ ဒီဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်သာမကဘူး ဒီကနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အရေးတော်ပုံကြီးပေါ့ဗျာ ဒီလှုပ်ရှားမှုကြီးတစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်တယ်၊ လူထုတစ်ရပ်လုံးရဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ ကျနော်တို့ အလေးအနက် သဘောထားပါတယ်။ ဒါက ကျနော်တို့ ပါတီမှ သဘောထားတာ မဟုတ်ပါဘူး။ ပြည်တွင်းပြည်ပ အင်အားစုတွေ အကုန်လုံး လူမျိုးပေါင်းစုံ ပြည်သူတစ်ရပ်လုံး နောက် နိုင်ငံတကာက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ စိတ်အားထက်သန် အကူအညီပေးနေကြတဲ့ အဖွဲ့အစည်း၊ အစိုးရ၊ ပြည်သူတရပ်လုံးကနေပြီးတော့မှ ဒီလိုပဲ သဘောထားကြတာ သိသာထင်ရှားပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုရင်လည်းပဲ ဒါဟာ ၉၀ ရွေးကောက်ပွဲရလဒ်ပိုင်ရှင်၊ တနည်းအားဖြင့်ဆိုရင် ၈၈ အရေးတော်ပုံကြီးကနေပြီးတော့မှ တကယ့် အောင်သီးအောင်ပွင့်တွေကို ထိန်းသိမ်းရယူထားတဲ့ ပါတီကြီး ဖြစ်ပါတယ်။ သူဟာ တခြား အနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ စုဖွဲ့ပြီးတော့မှ CRPP ကို ဖွဲ့စည်းထားနိုင်တယ်။ အဲဒီတော့ ဒီကနေ့အခြေအနေကြီးတခုလုံး၊ ဒီလှုပ်ရှားမှုကြီး တခုလုံးရဲ့ တပ်ဦးမှာ ဘယ်သူရှိသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရှိတယ်၊ NLD ရှိတယ်၊ CRPP ရှိတယ်လို့ ကျနော်တို့ ဒီလို အလေးအနက် သဘောထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်ပိုင်းမှာ သိသာထင်ရှားစွာပဲ လှုပ်ရှားမှုတွေ အရှိန်တက်လာတာ ကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒီတော့ အစောက ဆရာဦးအုန်းကြိုင် ဆွေးနွေးသလိုပဲ လူငယ်ကွန်ယက်တွေ ပေါ်လာတယ်။ လယ်သမား ကွန်ယက်တွေ ပေါ်လာတယ်။ ရှေ့နေကွန်ယက်တွေ ပေါ်လာတယ်။ နောက်ပြီးတော့မှ မြို့နယ်စည်း တိုင်း စည်းတွေနဲ့ တွေ့ဆုံပြီးတော့မှ ဒီ NLD ရဲ့ အင်အားကို ပြန်လည်ဖြည့်ဆည်းပြီးတော့မှ ပါတီတည်ဆောက်ရေး အသေအချာလုပ်လာတာ တွေ့ရတယ်။ နောက်ပြီးတော့မှ လူထုကူည်ီရေး လုပ်ငန်းတွေနဲ့အတူ ဆရာဦးဝင်းတင်ပြောသလိုပေါ့၊ Body politic ပေါ့ဗျာ။ လူထုနိုင်ငံရေးတွေဆီကို တဖြည်းဖြည်း တရွေ့ရွေ့ တက်လှမ်းနေတာတွေ ကျနော်တို့ တွေ့ရတယ်။ အဲဒါတွေဟာ အားရစရာကောင်းတယ်။ ဒီအတိုင်း ဆောင်ရွက်ကြရလိမ့်မယ်။ လူထုတွေ ကိုယ်တိုင် နိုးကြားတက်ကြွစွာနဲ့ ၀န်းရံပြီးတော့မှ ဒီမိုကရေစီ ရရှိအောင် ချီတက်နိုင်ဖို့ လိုပါတယ်။ အဲဒီကိစ္စမှာလည်းပဲ လူထုရဲ့ တပ်ဦးပါတီ ပီသစွာ လူထုရှေ့ကနေပြီးတော့မှ လူထုတွေ ဘာတွေလုပ်ကိုင်ကြမလဲဆိုတာကို ထောက်ပြလမ်းညွှန်ရင်းနဲ့ လူထုနဲ့အတူ ချီတက်နိုင်လိမ့်မယ် လို့ ကျနော်တို့ ယုံပါတယ်။ အဲဒီလိုလည်း NLD က မုချ လုပ်ရလိမ့်မယ်။ ဒါဟာ သူ့ရဲ့ ဒီ ပုခုံးပေါ်ကို ကျလာတဲ့ သမိုင်းပေးတာဝန်ပဲလို့ ကျနော်တို့ အဲလိုမြင်ပါတယ်။

RFA ။ ။ နိဂုံးချုပ်အနေနဲ့ ဦးငွေလင်းရေ ဘာများပြောလိုပါသေးလဲခင်ဗျာ။

ကျနော်တို့ ဒီ NLD ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ဟာ ဒီကနေ့ movement ကြီးတစ်ခုလုံးပေါ့ဗျာ။ လှုပ်ရှားမှုကြီးတစ်ခုလုံးအတွက် အင်မတန် အရေးကြီးတဲ့ အခန်းမှာရှိတယ်။ ဒီလို အရေးကြီးတဲ့အခန်းမှာရှိတယ်၊ လူထုရဲ့ တကယ်အသဲနှလုံး ဖြစ်တယ်ဆိုတာကို အုပ်စိုးသူ ဒီ ၂၀၁၀ အစိုးရလည်း သိပါတယ်။ သိတဲ့အတွက် သူက ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ တည်ရှိမှုတွေကို ရန်ရှာလိမ့်မယ်။ အဲဒါတွေကို တနည်းနည်းနဲ့ လူထုနဲ့အဆက်ဖြတ်တဲ့နည်းနဲ့ ချေဖျက်လိမ့်မယ်။ ဒီအန္တရာယ်ရှိပါတယ်၊ ဒီစိန်ခေါ်ချက် ရှိပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်ဦးအခန်းကနေပြီးတော့မှ ရဲရဲဝံ့ဝံ့ ဖေါက်ထွက်ပါ။ ကျနော်တို့ ပြည်သူတွေ တရပ်လုံး ၀န်းရံထောက်ခံပေးဖို့ ကျနော်တို့ အဆင်သင့်ရှိပါတယ်လို့ အဲလိုပဲ ကျနော် အလေးအနက် ပြောချင်ပါတယ်ခင်ဗျာ။

xxxxx

No comments:

Post a Comment