Sunday, April 10, 2011

ဥက္ကဋ္ဌဦးအောင်မိုးဇော် ၏ အစိုးရသစ်နှင့် ပတ်သက်သည့် အမြင်သဘောထား

aungmoezaw_dpns

"ဒီအစိုးရကိုယ်နှိုက်က တကယ်တမ်း ပြောမယ်ဆိုရင် တရားဝင်အစိုးရ လို့ ပြောဖို့ခက်ပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့အစိုးရ ပြည်သူတွေဆီက အာဏာကို လိမ်လည်လှည့်ဖြားပြီးတော့ တက်လာတဲ့အစိုးရဖြစ်တဲ့အတွက် ဒီအစိုးရက တရားဝင်အစိုးရ ဟုတ်တယ်လို့ ပြောဖို့ခက်တယ်။ ကျနော် အဓိက ပြောချင်တာက ဒီအစိုးရကိုယ်နှိုက်က de facto ပဲဖြစ်တယ်လို့ ကျနော်ပြောချင်တာ ဖြစ်တယ် ..."

အခုတော့ တိုက်ရိုက်လေလှိုင်းအစီအစဉ် အလှည့်ကျလာပါပြီခင်ဗျာ။ ဒုတိယပိုင်းအစီအစဉ်ပါ။ မကြာခင်ကဖွဲ့လိုက်တဲ့ အစိုးရအသစ်ဟာ အပြောင်းအလဲအတွက် မျှော်လင့်စရာများရှိသလားဆိုတာ ဆွေးနွေးမှာဖြစ်ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ “ဦးအောင်မိုးဇော်” လေလှိုင်းအပေါ်ကို ရောက်နေပါတယ်။ ကိုအောင်မိုးဇော် ကြားရမယ်ထင်ပါတယ် ခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ ဟုတ်ကဲ့။ ကြားရပါတယ် ခင်ဗျာ။

မေး။ ။ ကိုအောင်မိုးဇော်ရေ ပြီးခဲ့တဲ့ မေလ (၃၀) ကတော့ အာဏာသိမ်းစစ်ကောင်စီကို သူတို့ ဖျက်သိမ်းလိုက်ပါပြီ။ ရွေးကောက်ပွဲရလဒ်အရ အရပ်ဘက်အစိုးရအသစ်ကို ဖွဲ့လိုက်ပါပြီ။ နောက် စစ်ခေါင်းဆောင်မှုအသစ်ကလည်း တွေ့လာရပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်အသစ်ဖြစ်လာတဲ့ သဘောပေါ့နော်။ အဲ့ဒီတော့ လူအပြောင်းအလဲတော့ တွေ့လာရပါပြီးခင်ဗျာ။ အဲ့ဒီတော့ အခြေအနေက အာဏာအပြောင်းအလဲ အခြေအနေရှိနေပြီလို့ ယူဆလို့ရပါသလား။



ဦးအောင်မိုးဇော်။ ။ ကျနော့်အနေနဲ့ ကျနော်မြင်တာကတော့ လူအပြောင်းအလဲလို့တောင် ကျနော် မြင်ဖို့ တော်တော်ခက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကနေပြီးတော့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို အာဏာလွှဲလိုက်တဲ့ သဘောလို့ပဲ မြင်တယ်။ ဒီနေရာမှာ လူအသစ်တစ်ချို့ ပါလာတယ်။ အများစုက အခုနကလို ယူနီဖောင်းချွတ်ထားတဲ့ ဗိုလ်ချုပ်အဟောင်းတွေ ဖြစ်တယ်။ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်တွေလည်း အရေးကြီးတဲ့ ၀န်ကြီးဌာနတွေကို ကိုင်တွယ်ထားတယ်။ အရပ်သားအချို့ပဲ ပါတယ်။ ကျနော်မြင်တာကတော့ သူတို့စစ်အုပ်စုအချင်းချင်းပဲ ဗိုလ်သန်းရွှေကနေပြီးတော့ ဗိုလ်ချုပ်သိန်းစိန်ကို အာဏာလွှဲတဲ့သဘောလို့ပဲ ကျနော် မြင်လို့ ရသေးတယ်။ အခုအချိန်ထိတော့။

မေး။ ။ ဟုတ်ကဲ့ ခင်ဗျာ။ အခု ဒီသမ္မတဦးသိန်းစိန်ပေါ့နော်။ သူကျမ်းသစ္စာဆိုတဲ့မိန့်ခွန်းတရပ်ကို ကျနော် ဒီမှာဖွင့်ပြပါမယ်။ နားထောင်ကြည့်ပါအုံး။

“နိုင်ငံသားများရဲ့မူလအခွင့်အရေး၊ တစ်နည်းအားဖြင့် လူ့အခွင့်အရေးများနဲ့ပတ်သက်ပြီး အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကိုလည်း အကောင်အထည်ဖော်နိုင်ဖို့အတွက် တည်ဆဲဥပဒေများကို လိုအပ်ပါက ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ ဥပဒေအသစ် ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

မေး။ ။ ကိုအောင်မိုးဇော် ကြားရမယ်ထင်ပါတယ်။ အခုနက ဦးသိန်းစိန်ပြောသွားတဲ့အထဲမှာ လူ့အခွင့်အရေး ဆိုတဲ့စကားပါ အလေးပေးပြီးတော့ ပြောလာတာတွေ့ရတယ်ဆိုတော့ ဘာပဲပြောပြော အခုလာမယ့် အစိုးရအသစ်အထဲမှာ လူထုအတွက် အခွင့်အရေး အခွင့်အလမ်းအသစ်တွေကို ပွင့်လာတော့မယ့် သဘောလို့ကော ယူဆလို့ရပါသလား။

ဦးအောင်မိုးဇော်။ ။ ကျနော်အဓိကပြောချင်တာကတော့ သူ့မိန့်ခွန်းကို ကျနော်တို့ သေသေချာချာ နားထောင်ကြည့်တဲ့အခါမှာ အခုနကပြောတဲ့ လူ့အခွင့်အရေးတို့၊ တရားဥပဒေစိုးမိုးရေးတို့၊ (good) တို့၊ (clean government) ဆိုတဲ့ကိစ္စတွေကို သူတို့အလေးထားပြီးတော့ ပြောဆိုသွားတာကို ကျနော်တို့ တွေ့ရတယ်။ ဒါပေမယ့် ဒီကိစ္စတွေက အခြေခံအားဖြင့်ပေါ့နော်။ ဒီမိုကရေစီအစိုးရတခု ဒီမိုကရေစီစနစ် တခုမှာ အခြေခံအကျဆုံးကတော့ အုပ်ချုပ်တဲ့အာဏာကိုင်ထားတဲ့ပုဂ္ဂိုလ်တွေ၊ အုပ်ချုပ်ရေးအာဏာ ကိုင်ထားတဲ့ အဖွဲ့အစည်းတွေကို သူတို့လုပ်ချင်တာ လုပ်လို့မရအောင် ထိန်းညှိတဲ့ (Institution) တွေ တိုင်းပြည်အထဲမှာ ခိုင်ခိုင်မာမာရှိဖို့ လိုပါလိမ့်မယ်။ နောက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရကို ခွင့်ပြုထားတဲ့ ဒီကနေ့ အုပ်ချုပ်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကို ထိန်းညှိဖို့အတွက် သူတို့ (၁၄) ရက် ကျင်းပသွားတဲ့ လွှတ်တော်ကိုကြည့်။ ဥပဒေပြုလွှတ်တော်အဖွဲ့အစည်းတွေဖြစ်တယ်။ အဲ့ဒီ (၁၄) ရက်၊ တနေ့ကို (၁၅) မိနစ်လောက် ကျင်းပသွားတဲ့ လွှတ်တော်ကိုကြည့်မယ်ဆိုလို့ရှိရင် ဥပဒေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ဗမာပြည်မှာ ဘယ်လိုရှိသလဲဆိုတာ ထင်ထင်ရှားရှား မြင်လို့ရတယ်။ တပြိုင်နက်တည်းမှာလည်း တရားစီရင်ရေး အဖွဲ့အစည်းတွေကိုကြည့်။ အဲ့ဒီတော့ ဒီ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းတွေကို ထိန်းညှိနိုင်တဲ့ (Institution) တွေ တိုင်းပြည်အထဲမှာ ချို့တဲ့နေတုန်းပဲ။ မရှိဘူးလို့ ပြောလို့ရတယ်။ ဒီဟာတွေကို ဖန်တီးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ကြည့်ပါဦး။ အဓိကပြောချင်တာကတော့ ယနေ့ တိုင်းပြည်အထဲမှာရှိတဲ့ သမ္မတဦးဆောင်တဲ့ အစိုးရ၊ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့အစည်းအသီးသီးကို ထိန်းညှိနိုင်တဲ့ (Institution) တွေ ဒီမိုကရေစီရဲ့ အဓိက အခြေခံတွေတောင်မှ တိုင်းပြည်အထဲမှာရှိတယ်လို့ ပြောလို့ရတဲ့အနေအထား မရှိဘူး။ သဏ္ဌာန်အရပဲ ရှိတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ ပြည်သူတွေရဲ့အခွင့်အရေးတို့ အခုနကလို (Good government) တို့၊ (clean government) တို့ ဆိုတဲ့ကိစ္စတွေကို လုပ်ဆောင်ဖို့အတွက် အတော်ခက်လိမ့်မယ့်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဒါပေမယ့် ဒီမိုကရေစီဆိုတာ ခဏထားပေါ့။ ဖွဲ့စည်းပုံအတိုင်း၊ ဖွဲ့စည်းပုံဘောင်အထဲက သူတို့ ဒီအတိုင်းလုပ်လာမယ်ဆိုရင်ရော ဘာပဲပြောပြောဥပဒေစိုးမိုးမှု ရှိလာမယ်လို့လည်း အကောင်းဘက်က တွေးလို့ မရဘူးလားခင်ဗျ။

ဦးအောင်မိုးဇော်။ ။ ဥပဒေစိုးမိုးမှုဆိုတာကိုကြည့်ပါ။ ကျနော်တို့ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကြည့်ပါ။ အသွင်ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်တွေမှာ (၄၄၅) (၄၄၆) (၄၄၇) တွေမှာ သေသေချာချာ ပြန်ကြည့်ပါ။ နအဖ လက်ထက်၊ န၀တ လက်ထက် က ဥပဒေတွေ၊ နအဖ ၀န်ကြီးတွေ၊ ဗိုလ်ချုပ်တွေ အခုနကလို။ ဘယ်လိုခေါ်မလဲ။ ဥပဒေအရ တရားစွဲဆိုမှုတွေ ကင်းလွတ်ဖို့အတွက်ကို ခွင့်ပြုထားတယ်။ တည်ဆဲဥပဒေတွေလည်း ယနေ့အခြေအနေတွေအထိ ရှိနေတယ်။ ပြည်သူ့လွှတ်တော်ကျင်းပနေတဲ့ကာလ၊ မကျင်းပမီ ကာလတွေအထဲမှာတောင်မှ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ဥပဒေတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးပြီး ထုတ်ပြန်ခဲ့တာ။ ခင်ဗျားတို့အားလုံးအသိပဲ။ လွှတ်တော်ကနေပြီးတော့ အတည်ပြုပေးရတဲ့အဆင့်တောင် ရှိသလားမရှိသလားဆိုတာတောင် သေသေချာချာ မသိဘူး။ အဲ့ဒီဥပဒေအရလည်း ယနေ့အချိန်အထိရှိနေတုန်းပဲ။ အဲ့ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရပဲ ဒီအစိုးရကို ဆက်ပြီးသွားမယ်ဆိုလို့ရှိရင်တော့၊ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရှိနေသရွေ့ကတော့ ကျနော်တို့အားလုံး စစ်အုပ်စုလက်အောက်က လွတ်မြောက်မှာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ် အောက်ကလွတ်မြောက်မှာမဟုတ်ဘူး။ ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လည်းပဲ အလှမ်းဝေးနေဦးမယ်လို့ ကျနော် အဲ့ဒီလိုပဲ ပြောချင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော်အခုနကဦးသိန်းစိန် သမ္မတကျမ်းသစ္စာကျိန်ဆိုတဲ့နေ့က မိန့်ခွန်း နိုင်ငံရေးနဲ့ ပတ်သက်လို့ တပိုင်းကိုလည်း ထပ်ဖွင့်ပြချင်ပါတယ်။

“မူဝါဒလမ်းစဉ် (၇) ရပ်အပေါ် သံသယရှိနေသေးတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်ကြသေးသူများကိုလည်း သူတို့ရဲ့သံသယတွေပျောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ပါဝင်ပူးပေါင်းလုပ်ဆောင်လာအောင် ကျနော်တို့ရဲ့မှန်ကန်တဲ့စေတနာတွေကို ပြတ်သားနိုင်ဖို့လည်း လိုအပ်နေပါသေးတယ်။ အလားတူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များအပေါ် အပြုသဘော မမြင်နိုင်သေးတဲ့နိုင်ငံအချို့ကိုလည်း ကျနော်တို့သည်မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာကို သိမြင်နားလည်လက်ခံလာအောင် ပြသဖို့ လည်း လိုပါသေးတယ်။”

ဟုတ်ကဲ့ခင်ဗျာ။ ကိုအောင်မိုးဇော်ရေ။ အခုနက ဦးသိန်းစိန် ပြောသွားတဲ့အထဲမှာ တစုံတရာပေါ့နော်။ သူတို့နဲ့အမြင်မတူတဲ့ ပြည်တွင်းပြည်ပ အင်အားစုရှိတယ်ဆိုတာကို ၀န်ခံတဲ့သဘောတော့တွေ့ရပါတယ်။ အဲ့ဒီတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တစုံတရာလက္ခဏသူတို့လုပ်မယ်ဆိုတဲ့ သဘောကို ပြတာလားခင်ဗျ။ အဲ့ဒီမေးခွန်းကို ကြည့်ရင်။

ဦးအောင်မိုးဇော်။ ။ ကျနော်အဓိကပြောချင်တာကတော့ အဲ့ဒီလိုပြောဆိုချက်တွေဟာ ပြည်သူတွေကို တွေဝေအောင်၊ ဆန့်ကျင်ဘက် အုပ်စုတွေကို ကွဲပြားအောင်လုပ်နေတာလို့ပဲ ကျနော်ပြောချင်တယ်။ ကျနော် အခုပြောနေတဲ့စကားတွေက (speculation) မဟုတ်ဘူး။ တကယ်ကိုပဲ အခုနက သက်သေ အထောက်အထားတွေ ဖြစ်တယ်လို့ ကျနော်ပြောချင်တယ်။ မနေ့တနေ့ကပဲ ရွေးကောက်ပွဲ လုပ်သွားတယ်။ ရွေးကောက်ပွဲ သူတို့ ဘယ်လိုလုပ်သွားသလဲ။ ဒီအစိုးရက ရွေးကောက်ပွဲကနေဘယ်လို အစိုးရဖြစ်လာသလဲ ဆိုတာ တကမ္ဘာလုံး သိတယ်။ ပြည်သူတွေ တရပ်လုံးသိတယ်။ အဲ့ဒီ ရွေးကောက်ပွဲမဖြစ်ခင်က ကျနော်တို့ ဆန္ဒခံယူပွဲ၊ အဲ့ဒီဆန္ဒခံယူပွဲ မဖြစ်ခင်က ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၊ သူတို့ မနေ့တနေ့ကမှ လုပ်ဆောင်ခဲ့တဲ့ အချက်တွေကို သေသေချာချာ ကြည့်မယ်ဆိုလို့ရှိရင် ဒီအစိုးရဘယ်လို ပေါ်ပေါက်လာတာလဲ၊ ပြည်သူတွေက တကယ်ပဲ ရွေးချယ်ပြီးတော့ ပေါ်ပေါက်လာတဲ့အစိုးရလား၊ ပြည်သူတွေဆီက အာဏာကို လိမ်လည်လှည့်ဖြားပြီးတော့ အစိုးရဖြစ်လာတဲ့ အဖွဲ့အစည်းလားဆိုတာ သေသေချာချာ သိနိုင်တယ်။ ဒီအခြေအနေ ဒီသက်သေတွေကိုကြည့်ခြင်းအားဖြင့် အခု ဗိုလ်ချုပ်သိန်းစိန် ပြောနေတာ၊ ဗိုလ်သိန်းစိန် ပြောနေတာတွေက ကျနော်တို့ပြည်သူတွေကို နောက် ကျနော်တို့ အတိုက်အခံ အင်အားစုတွေကို တွေဝေအောင်၊ ကွဲပြားအောင်ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျနော် အဲ့ဒီလိုပဲပြောချင်တယ်။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပါ ဘောင်အထဲကဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ အမျိုးသားအသီးသီး၊ ကျနော်တို့ပြည်သူတွေ လွတ်မြောက်ဖို့အတွက်၊ သက်သာရာ သက်သာကြောင်းဖြစ်ဖို့အတွက်ကို အတော်ခက်ခဲ့လိမ့်မယ်။ နောက် ဒီအစိုးရကိုယ်နှိုက်က တကယ်တမ်း ပြောမယ်ဆိုရင် တရားဝင်အစိုးရလို့ ပြောဖို့ခက်ပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ ရွေးကောက်ပွဲကတဆင့် တက်လာတဲ့ အစိုးရ ပြည်သူတွေဆီက အာဏာကို လိမ်လည်လှည့်ဖြားပြီးတော့ တက်လာတဲ့အစိုးရဖြစ်တဲ့ အတွက် ဒီအစိုးရက တရားဝင်အစိုးရ ဟုတ်တယ်လို့ ပြောဖို့ ခက်တယ်။ ကျနော်အဓိကပြောချင်တာက ဒီအစိုးရ ကိုယ်နှိုက်က de facto ပဲဖြစ်တယ်လို့ ကျနော်ပြောချင်တာ ဖြစ်တယ်။

မေး။ ။ ဒါပေမယ့် အခုလက်ရှိရွေးကောက်ပွဲအရဆိုရင် အစိုးရအသစ်ပေါ်လာတဲ့အခါမှာ တစုံတရာသော နိုင်ငံတကာ အသိအမှတ် ပြုမှုအပေါ် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေ တရုတ်တို့ အာဆီယံရဲ့ အသိအမှတ်ပြုမှုတွေ တွေ့လာရပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲက တက်လာတဲ့အစိုးရပုံစံမျိုး သူတို့ လုပ်ထားတာရှိတယ်။ ဒီအခြေအနေဖြစ်လာတော့ အရင် (၁၉၉၀) ရွေးကောက်ပွဲ ရလဒ်တွေ၊ နောက် အတိုက်အခံတွေရဲ့ တရားဝင်မှုဆိုတာကိုရော တစုံတရာ ထိခိုက်တယ်လို့မမြင်ဘူးလား ခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ ကျနော်ထင်ပါတယ် နအဖစစ်အုပ်စု တချိန်လုံးဆောင်ရွက်နေတာ (၁၉၉၀) ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းရေး၊ (၁၉၈၈) အရေးတော်ပုံကြီးရဲ့ အောင်သီးအောင်ပွင့်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့၊ နိုင်ငံရေး အင်အားစုတွေအားလုံးကို ဖျက်သိမ်းရေး ဒါ နအဖ အစိုးရတောက်လျှောက်လုပ်ခဲ့တာ ဖြစ်တယ်။ ယနေ့ရွေးကောက်ပွဲတွေ ပေါ်လာတယ်။ ယနေ့ ရွေးကောက်ပွဲကတဆင့် လွှတ်တော်တွေပေါ်လာတယ်။ အစိုးရတွေ ပေါ်လာတယ်။ စသည်ဖြင့် သဏ္ဌာန်အရပေါ့ဗျာ။ အုပ်ချုပ်ရေး သဏ္ဌာန်အရ အသစ်တွေပေါ်ထွန်းလာတဲ့အခါမှာတော့ ကျနော် အရှိကိုအရှိအတိုင်းပြောမယ်ဆိုလို့ရှိရင် အခုနကလို ဒီမိုကရေစီအင်အားစုတွေအတွက် (၁၉၉၀) ရွေးကောက်ပွဲ အဓိကရလာဒ်အတွက် ဒီ (၁၉၈၈) အရေးတော်ပုံကြီးကနေပေါ်ထွန်းလာတဲ့ နိုင်ငံရေးအင်အားစုတွေအတွက် မေးခွန်းတွေ အခုနကလိုပေါ့နော် ထိခိုက်မှုတွေ ဒါတွေကတော့ရှိပါတယ်။ ဒါတွေကတော့ မရှိဘူးလို့တော့ ပြောလို့မရပါဘူး။

မေး။ ။ ဟုတ်ကဲ့ခင်ဗျာ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အခု အစိုးရမှာဆိုလို့ရှိရင် သမ္မတ ဦးသိန်းစိန်ပေါ့။ စစ်တပ်မှာဆိုရင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ရှိပါတယ်။ လွှတ်တော်အထဲမှာဆိုရင် သူရဦးရွှေမန်းတို့၊ ဦးခင်မောင်မြင့် ဆိုတာရှိတော့ အာဏာဖြန့်ကျက်မှုတွေပေါ့။ အရင်ကလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အာဏာအားလုံးကို ချုပ်ကိုင်တာမဟုတ်ဘဲနဲ့ လူတွေအထဲမှာ ပြန့်ကျဲသွားပြီလို့ရော အဲ့ဒါကရော အကောင်းအခြေအနေကို ဦးတည်လာနိုင်ပြီလို့ ယူဆလို့ရနိုင်မလား ခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ သဏ္ဌာန်အရပြောမယ်ဆိုလို့ရှိရင်တော့ အခုနက အာဏာကွဲပြားမှုတွေ ရှိလာတာတော့ ကောင်းပါတယ်။ သို့သော် တဖက်မှာလည်းပဲ ကျနော့်အနေနဲ့ပြောချင်တာက ဒီလွှတ်တော်ကြီးတခုလုံး နောက်တခုက အစိုးရတဖွဲ့လုံးက တကယ်တမ်းကျတော့ ကြံ့ဖွံ့ပါတီနဲ့ ဗိုလ်ချုပ်ဟောင်းတွေက စီးထားတာ ဖြစ်တယ်။ အဲ့ဒီ ကြံ့ဖွံ့ပါတီနဲ့ ဗိုလ်ချုပ်ဟောင်းတွေ နောက် သူတို့ကိုယ်နှိုက်က ကိုင်တွယ်လို့မရတဲ့ တချို့ တိုင်းပြည်ရဲ့ အရေးကြီးတဲ့အာဏာတွေကို စစ်ဗိုလ်ချုပ်တွေ လက်ထဲမှာ ဒီကနေ့အထိ ရှိနေတုန်းပဲ။ တပ်ကိစ္စ နဲ့ပတ်သက်လို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ ပတ်သက်လို့ ဒီကနေ့ အစိုးရကိုယ်နှိုက်၊ သမ္မတ ဦးသိန်းစိန်ကိုယ်နှိုက်၊ သူကိုယ်နှိုက်က အခွင့်အာဏာရှိရှိ ဖြေရှင်းနိုင်တဲ့အခြေအနေတွေ ကျနော်တို့ ဒီ (constitution) မှာ မတွေ့ရဘူး။ ဆိုလိုတာက ကျနော်တို့တိုင်းပြည်ကို တကယ့်တမ်းကျတော့ စစ်တပ်ကနေပြီးတော့ အနှစ်သာရအရ တစုံတရာ ကိုယ်တွယ်ထားဦးမယ်ဆိုတဲ့ အခြေအနေအောက်မှာ ရှိနေသေးတယ်။ ကောင်းတယ် ဆိုးတယ်ဆိုတာကတော့ ဒီစနစ် သူတို့ပေါ်ထွက်လာတဲ့ အခုနက ပုံသဏ္ဌာန်အသစ်တွေအထဲမှာ ဘယ်လို ပြဿနာတွေဖြစ်လာဦးမယ် မသိဘူး။ အခုနက အာဏာကွဲပြားမှုတွေအကြားမှာ တဦးနဲ့တဦးပေါ့နော် အဝေတည့်တာတွေ မတည့်တာတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒီစနစ်က ကောင်းလာမှာလား။ ဆိုးလာမှာလားဆိုတဲ့ကိစ္စကတော့ ကျနော်တို့ နည်းနည်းတော့ စောင့်ကြည့်ရဦးမယ်လို့ ထင်ပါတယ်။

မေး။ ။ ဟုတ်ကဲ့ပါခင်ဗျာ။ ဒါကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ဖြစ်ပါတယ် ခင်ဗျာ။ ကျနော်တို့ တိုက်ရိုက်လေလှိုင်းအစီအစဉ် အချိန်လည်းစေ့သွားလို့ ကျနော်တို့ ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကိုအောင်မိုးဇော်ရေ ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

ဦးအောင်မိုးဇော်။ ။ ကျေးဇူးပဲဗျာ။

http://www.voanews.com/mp3/voa/eap/burm/burm0000aWED.mp3

သတင်းဌာန။ ။ (ဗွီအိုအေ)
ရက်စွဲ ။ ။ (၅. ၄. ၂၀၁၁)
အချိန် ။ ။ (နံနက် ၆း၃၀ မှ ၇း၃၀)
အသံဖိုင်နားဆင်ရန် မိနစ်ကတော့(၁၅း၂၈ မှ ၂၆း၅၃)

No comments:

Post a Comment