Sunday, March 20, 2011

တပ်မတော်၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်

ဒီမိုကရက်တစ်မြန်မာ့အသံ စကားဝိုင်းအစီအစဉ် လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် တပ်မတော်၏ အခန်းကဏ္ဍ တွင်ဆွေးနွေးသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်၏ ဆွေးနွေးချက်

(၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်)

သောတရှင်များခင်ဗျာ ဆက်လက်ထုတ်လွှင့်ပေးမှာကတော့ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပေးနေကျ တနင်္ဂနွေ သတင်းအစီအစဉ် ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ တပ်မတော်ရဲ့ အခန်းကဏ္ဍအကြောင်းကို ဒီမိုကရက်တစ်မြန်မာ့အသံက အယ်ဒီတာ ဦးခင်မောင်စိုးက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက ဦးအောင်မိုးဇော်နဲ့ အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေက ဦးညိုအုန်းမြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးတင်ပြထားတာ ဖြစ်ပါတယ် ခင်ဗျာ။

 ဦးအောင်မိုးဇော်

ဦးခင်မောင်စိုး။ ။ ဒီမိုကရက်တစ်မြန်မာ့အသံ စကားဝိုင်းအစီအစဉ်က ကြိုဆိုပါတယ်ခင်ဗျာ။ ကျနော် ခင်မောင်စိုးပါ။ ကျနော်တို့ ဒီနေ့ဆွေးနွေးမယ့် အကြောင်းအရာကတော့ လက်ရှိ မြန်မာနိုင်ငံရဲ့အနေအထားမှာ တပ်မတော်အစိုးရ ဒါမှမဟုတ်ရင် တပ်မတော်အစိုးရက ကိုယ်စားပြုထားတဲ့ တပ်မတော်အဖွဲ့အစည်း ဒါကိုတချို့ကတော့လည်းပဲ စစ်တပ် လို့ပဲခေါ်နေကြတာတွေ ရှိပါတယ်။ အဲ့ဒီစစ်တပ် သို့မဟုတ် တပ်မတော်ဟာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်မလဲဆို တာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။


ဦးအောင်မိုးဇော်။ ။ ကျနော်တို့ ပထမအချက်အနေနဲ့ပေါ့ အသွင်ကူးပြောင်းရေးကာလလို့ ပြောတဲ့အခါမှာ အခု ကျနော် တို့နိုင်ငံက အသွင်ကူးပြောင်းနေတာ၊ ဘယ်ကိုသွားနေတာလဲဆိုတဲ့ မေးခွန်းကလည်းပဲ ဖြေရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ ဒီမိုကရေစီကို အသွင်ကူးပြောင်းတာလား၊ ဒါမှမဟုတ်လို့ရှိရင် ဘာကိုအသွင်ကူးပြောင်း တာလဲ။ ဒီကိစ္စဟာ တော်တော်ကိုပဲ မသဲကွဲတဲ့ ကိစ္စဖြစ်ပါတယ်။ ကျိန်းသေတာကတော့ ဒီစစ်အုပ်ချုပ်ရေးစနစ်ကို ပြန်ပြီး တော့ အသက်သွင်းနေတာပဲဖြစ်တယ်ဆိုတာကို ပထမတစ်ချက်အနေနဲ့ ပြောချင်တယ်။ အခုပြဿနာက ကျနော်တို့ ကနေ့ပါလီမန်ကိုလုပ်မယ်။ အစိုးရတွေ ဖွဲ့မယ်။ ဝန်ကြီးစာရင်းတွေလည်း တင်ပြီးသွားပြီ။ ဒါပေမယ့် သမ္မတကလည်း ကျမ်းသစ္စာမကျိန်ဆိုရသေးဘူး။ ပြီးတော့ တိုင်းပြည်ရဲ့ နိုင်ငံတော်အကြီးအကဲက ဘယ်သူလဲဆိုတာလည်းပဲ သေသေချာချာမသိရသေးဘူး ဖြစ်နေတယ်။ အကယ်၍ သမ္မတကို ရွေးခြယ်တင်မြှောက်ပြီးသွားပြီ၊ သမ္မတကလည်း ကျမ်းကျိန်ပြီးသွားပြီဆိုရင် သမ္မတအထက်မှာ ဘယ်သူမှရှိစရာမလိုဘူး။ သမ္မတဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အကြီးအကဲ ဖြစ်ရလိမ့်မယ်။ ဒါပေမယ့် ခုချိန်ထိ သတင်းစာတွေထဲမှာပဲ ကြည့်ကြည့်၊ တီဗွီထဲမှာပဲ ကြည့်ကြည့် ဦးသန်းရွှေကြီး သွားလို့ရှိရင် နောက်က သမ္မတတို့၊ ဒုသမ္မတတို့၊ လွှတ်တော်ဥက္ကဋ္ဌတို့က နောက်က ကျို့ကျို့လေးတွေ လိုက်နေရတုန်း ပါပဲ။ ဆိုတဲ့အခါကျတော့ သူတို့ထဲမှာ ဘယ်သူက ဘာလုပ်မယ်ဆိုတဲ့ အာဏာခွဲဝေမှုကိစ္စက မပြီးပြတ်သေးဘူးလို့ ထင်တယ်။ နောက်တစ်ခု ခုနက ဗိုလ်ချုပ်မြင့်အောင် ကိစ္စကိုပဲကြည့်။ ဗိုလ်ချုပ်မြင့်အောင်က အခုဝန်ကြီးအဖွဲ့မှာ တာဝန် ယူမှာလား၊ ဒါမှမဟုတ်လို့ရှိရင် လုံးလုံးထွက်မှာလား။ တကယ်တမ်းဆို သူက ကာကွယ်ရေးဝန်ကြီးဖြစ်ရမယ်။ အချို့က ပြောကြတာကတော့ သူက ကာကွယ်ရေးဦးစီးချုပ်နေရာကို မှန်းတယ်လို့ ပြောတယ်။ ကာကွယ်ရေးဦးစီးချုပ်နေရာ မရတဲ့ အတွက် ဝန်ကြီးအဖွဲ့ကိုပြောင်းတဲ့အတွက် သူကမကျေမနပ်ဖြစ်တယ်လို့ ပြောတယ်။ တကယ်တမ်းဆိုလို့ရှိရင် ဗိုလ်ချုပ် ကိုကိုက သူ့ထက် စီနီယာနိမ့်တယ်၊ သူ့အောက်မှာရှိမယ်။ သူဖြစ်ရလိမ့်မယ်လို့ အများကထင်တယ်။ ဒါပေမယ့် အဲ့ဒီလို စစ်အုပ်စု ဗိုလ်ချုပ်တွေအတွင်းမှာ အာဏာခွဲဝေမှုက အခုချိန်အထိ မပြီးပြတ်သေးဘူး။ ဗိုလ်ချုပ်သန်းရွှေ ကိုယ်တိုင်က ကာကွယ်ရေးဦးစီးချုပ်နေရာကို လက်လွှတ်မလား၊ လက်မလွှတ်ဘူးလားလဲ မသေချာသေးဘူး။ ဗိုလ်ချုပ်သန်းရွှေရော၊ ဗိုလ်ချုပ်မောင်အေးရော အခုအချိန်အထိ ယူနီဖောင်းတွေ ဝတ်ထားတုန်းပဲ။ ပြီးတော့ အရန်တပ်ဖွဲ့ဥပဒေတို့၊ စစ်မှုမထမ်း မနေရဥပဒေတို့ ဆိုတာကလည်း တကယ်တမ်းကျတော့ ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မှူးကြီး ဆက်လုပ်ဖို့ကို ထုတ်ထားတဲ့ ဥပဒေလိုမျိုးလို ဖြစ်နေတယ်။

ဦးခင်မောင်စိုး။ ။ အဲ့တော့ဒီ ကျနော်တို့ ဖွဲ့စည်းပုံရဲ့အပေါ်မှာ နောက်ထပ်ကျနော်တို့ ဖုံးကွယ်နေတဲ့ ဖွဲ့စည်းပုံ တစ်ခုများ ရှိနေသလားလို့ စဉ်းစားစရာတော့ ရှိတယ်ပေါ့လေ။ ကျနော်တို့က သမ္မတဆိုတာနဲ့ပဲ ကျနော်တို့ပြည်သူလူထု အတွက် ဖွဲ့စည်းပုံအခြေခံကတမျိုး၊ သူတို့ရဲ့ ခေါင်းဆောင်တွေကြားထဲမှာ စစ်ခေါင်းဆောင်တွေကြားထဲမှာ ဖွဲ့စည်းပုံက တမျိုး၊ ဆိုလိုတာက လျှို့ဝှက်အစီအစဉ်တွေများ ရှိနေသလားပေါ့လေ။ ကျနော်တို့တောင် တခါတလေ စဉ်းစားမိတာ ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သမ္မတကတော့ဖြင့် နိုင်ငံတော် အကြီးအကဲလို့ ပြောထားတယ်။ ဘာပဲပြောပြော ဒီလိုအာဏာကို နှစ်ပေါင်းများစွာ ယူထားတဲ့ သူတွေက သူ့အာဏာလက်လွှတ်ဖို့ဆိုတာတော့ ကျနော်တို့ သိပ်မလွယ်ဘူး ပေါ့ဗျာ။ အဲ့တော့ သူတို့ရဲ့ဒီ လျှို့ဝှက်ထားတဲ့ ဖွဲ့စည်းပုံမှာဆိုလို့ရှိရင် မဟာသမ္မတဆိုတာလိုမျိုးကြီးများ ဖြစ်လာလေမလား ဆိုတာမျိုး ကျနော်လည်း စဉ်းစားမိပါတယ်။

ဦးအောင်မိုးဇော်။ ။ အဲ့လိုတော့ မဟုတ်ဘူးဗျ၊ ကျနော်တို့ ဒီအမျိုးသား ညီလာခံ အခြေခံမူတွေကို ပြန်ကြည့်။ တကယ်တမ်း ဖွဲ့စည်းပုံထွက်လာတဲ့ အခါကျတော့ အဲ့ဒီအမျိုးသား ညီလာခံ အခြေခံမူတွေထက်တောင်မှ ပိုဆိုးနေတယ်။ ဖွဲ့စည်းပုံအတိုင်း ရွေးကောက်ပွဲလုပ်တယ်။ ရွေးကောက်ပွဲလုပ်ပြီးတော့ လွှတ်တော်တွေ ဘာတွေ ခေါ်တယ်၊ သမ္မတတွေ ဘာတွေ ဖွဲ့တဲ့အခါကျတော့လည်းပဲ တခါထပ်ပြီးတော့ ဗိုလ်ချုပ်သန်းရွှေက သူ့နှုတ်မိန့်နဲ့များ သူစိတ်မချရတဲ့ ကိစ္စတွေများ လိုက်ပြီးတော့ ဟိုပိတ် ဒီဆို့၊ ဟိုပြင်ဒီပြင် လုပ်ဦးမလား မသိဘူး၊ ကျနော်တော့ အဲ့လိုလုပ်နေသလိုပဲ ထင်ပါတယ်။

ဦးအောင်မိုးဇော်။ ။ ကျနော်မြင်တာက ကျိန်းသေတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဆက်ပြီးတော့ အာဏာတည်မြဲဖို့ ဆိုလို့ရှိရင် သူသမ္မတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ နောက်တစ်ခုက ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သူတစ်ကယ်တမ်းဆက် အာဏာကိုင်ထားဖို့ဆိုရင် သူ့နောက်မှာ တပ် ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ သူ့ နောက်မှာ တပ် ခိုင်ခိုင်မာမာရှိဖို့အတွက်ကို သူပြင်ဆင်နေတယ်လို့ ကျနော်အဲ့လိုပဲ ယူဆတယ်။ ဆိုတော့ ဥပမာ မဆလ လက်ထက် တစ်ပါတီစနစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပေဒအောက်မှာဆိုလို့ရှိရင် စစ်ကော်မရှင်ရှိတယ်။ ပါတီဥက္ကဋ္ဌက စစ်ကော်မရှင် ဥက္ကဋ္ဌ၊ ပါတီဥက္ကဋ္ဌအနေနဲ့ တပ်ကိုကိုင်ထားလို့ရတယ်။ အခုကျတော့ တဖက်ကလည်း ပါတီစုံလုပ်မယ် ပြောတယ်။ ဆိုတဲ့အခါကျတော့ မဆလတုန်းကလို စစ်ကော်မရှင်တစ်ခု ဖန်တီးဖို့အတွက် သူတို့မှာ အကြပ်အတည်း ရှိပုံရတယ်။ ဒါပေမယ့် ကျနော်တို့ ဖွဲ့စည်းပုံအရ ကြည့်မယ်ဆိုလို့ရှိရင် အမျိုးသားလုံခြုံရေးကောင်စီလိုဟာမျိုးရှိမယ်။ ဒါပေ မယ့် အဲ့ဒီမှာလည်းပဲ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် ဒါပဲပါတယ်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကာကွယ်ရေးဦး စီးချုပ် ဆက်မလုပ်ဘူး ဆိုလို့ရှိရင်တော့ ဒီနေရာမှာလည်း သူပါလို့ရမှာမဟုတ်ဘူး။ အဲ့ဒီအတွက်များ စိတ်သောကရောက် နေသလား၊ ဒါမှမဟုတ်လို့ရှိရင် သူတပ်ထဲမှာထားခဲ့မယ့်လူတွေကို အခုအချိန်အထိ စိတ်မချနိုင်သေးဘူးလို့ ကျနော်ထင် တယ်။

ဦးခင်မောင်စိုး။ ။ တော်တော်တော့ ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ အဖြစ်ပါပဲ။ တိုင်းပြည်အတွက် အင်မတန်ကို အရေးကြီးတဲ့ ဥပဒေတွေကို လွှတ်တော်ကြီးရှိရဲ့သားနဲ့မှ လွှတ်တော်ဆိုတာ အသုံးမဝင်ဘူးဟေ့ ငါကအရင်ထုတ်လိုက်ဦးမယ် ဒီဥပဒေ တွေ ဆိုတာမျိုး ပြောနေသလိုမျိုးပေါ့ဗျာ နော်။ လက်ရှိ ကျနော်တို့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေမှာပေါ့ဗျာ။ လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက် တွေဟာ သူတို့အပေါ်မှာရော ရိုက်ခတ်မှုရှိသလားပေါ့။

ဦးအောင်မိုးဇော်။ ။ ကျနော်ထင်တာကတော့ အာရပ်မှာဖြစ်တဲ့ လူထုလှုပ်ရှားမှုတွေဟာ ကျိန်းသေပေါက် ဗမာ ပြည်ကို ရိုက်ခတ်ပါတယ်။ ဆိုလိုတာက ကျနော်တို့ ဗမာပြည်သူတွေ အတွက်လည်းပဲ အားတက်စရာဖြစ်တယ်။ နောက် ခုနက လူထုလှုပ်ရှားမှုတွေနဲ့ တိုင်းပြည်ကို အပြောင်းအလဲလုပ်လို့ရတယ်ဆိုတဲ့ message ကို ကျနော်တို့ ပြည်သူတွေ ကောင်းကောင်းကြီး ဆုပ်မိတယ်။ ကျနော်တို့ ပြည်သူတွေလည်း အားတက်တယ်။ တပြိုင်နက်တည်းမှာပဲ ခုနကလို အုပ် ချုပ်တဲ့သူတွေ အတွက်လည်းပဲ ဒီကိစ္စဟာ စဉ်းစားစရာ ကိစ္စတစ်ခုဖြစ်တယ်။ သူတို့အပေါ်မှာ သက်ရောက်မှုရှိလိမ့်မယ် လို့ထင်တယ်။ အဲ့လို သက်ရောက်မှုရှိနေတဲ့ အခြေအနေအတွင်းမှာပဲ ခုနက စစ်တပ်အတွင်းမှာ အာဏာခွဲဝေမှု ပြဿနာ တွေက ဖြစ်နေတယ်လို့ ကျနော် အဲ့လိုပဲထင်တယ်။ ဆိုလိုတာက သူတို့အတွင်းမှာက အာဏာခွဲဝေတဲ့အခါမှာ တစ် ယောက်နဲ့တစ်ယောက် မကျေနပ်တာတွေ ရှိကောင်းရှိလိမ့်မယ်၊ အကျိုးစီးပွားအရ ခုနကလို တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားတာတွေ ရှိကောင်းရှိလိမ့်မယ်၊ မကျေမနပ်ဖြစ်မှုတွေ ရှိကောင်းရှိလိမ့်မယ်။ ဒီလိုအခြေအနေမျိုးတွေမှာ ဆိုလို့ ရှိရင် ခုနကလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ ပိုပြီးတော့ သတိထားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဆိုလိုတာက အီဂျစ်မှာတုန်းက ကျိန်းသေတယ် စစ်တပ်က ပြည်သူတွေနဲ့ ပေါင်းတယ်။ ခုလစ်ဗျားမှာ တပ်ကွဲတယ် လို့ပြောလို့ရတယ်။ ကြေးစားစစ်တပ်တွေနဲ့ ခုနကလို လစ်ဗျားတကယ့်စစ်တပ်တွေနဲ့ ကွဲတဲ့ပွဲပဲ။ ဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာပဲလည်း တကယ်တမ်း အပြောင်းအလဲဖြစ်ဖို့ဆိုလို့ရှိရင် စစ်တပ်ထဲမှာ ပြောင်းလဲချင်တဲ့ ဗိုလ်ချုပ်တွေ ပေါ်ထွန်းလာဖို့ လိုတယ်လို့ ကျနော်တို့ ထင်တယ်။ အခုလိုအခြေအနေမျိုးမှာ စစ်တပ်ထဲမှာ တစ်ချို့ စိတ်ကောင်းရှိတဲ့ ဗိုလ်ချုပ်တွေ၊ အခြေအနေမှန် ကိုသိတဲ့ ဗိုလ်ချုပ်တွေလည်း ရှိကောင်းရှိနိုင်တယ်လို့ ကျနော်အဲ့လိုပဲတွက်တယ်။ နောက် ကနေ့ တိုင်းပြည်အကြပ် အတည်းဖြစ်နေတာ၊ တိုင်းပြည်ဗရုတ်သုတ်ခဖြစ်နေတာ၊ အာဏာလွှဲပြောင်းရေး ကိစ္စမှာတောင်မှ တွန့်ဆုတ်နေတဲ့ ကိစ္စ တွေမှာ ဘယ်သူတရားခံလဲဆိုတာကို တပ်မတော်ထဲက တစ်ချို့ဗိုလ်ချုပ်တွေ၊ တပ်မှူးတပ်သားတွေ မြင်လိမ့်မယ်လို့ထင် တယ်။ ဗိုလ်ချုပ်သန်းရွှေအနေနဲ့တော့ အခုလို အနေအထားမျိုးမှာ ပိုပြီးတော့ ခုနကလို ဂရုစိုက်လိမ့်မယ်။ ပိုပြီး စိုးရိမ် မကင်းဖြစ်လိမ့်မယ်လို့ ကျနော်အဲ့လိုပဲ ယူဆတယ်။

ဦးခင်မောင်စိုး။ ။ ဟုတ်ကဲ့၊ အခုဒီ တပ်မတော်နေ့ကလဲ နီးလာပြီပေါ့ဗျာ။ တပ်မတော်နေ့မှာ ဗိုလ်ချုပ်မှူးကြီးကလဲ စကားတော့ ပြောရဦးမှာပဲပေါ့နော်။ အဲ့ဒီစကားပြောတာက ခေတ်သစ်တစ်ခုကိုပဲသွားမယ့် မိန့်ခွန်းဖြစ်လေမလား။ ဒါမှ မဟုတ်ရင်လည်း လက်ရှိခေတ်ကို ဆက်ပြီးတော့ပဲဖြည့်ပြီး နှစ်တွေထပ်တိုးသွားမယ့် မိန့်ခွန်းဖြစ်လေမလားလို့တော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့လေ။ အပြောင်းအလဲတွေ ဘာရှိမလဲ။ ဒီကြားထဲမှာလည်းပဲ ကျနော်တို့ (၁၅) မိနစ် လွှတ်တော်ကြီး ဘယ်လိုများ အဆုံးသတ်ပြီးတော့ ဘယ်နေ့ ဘယ်အချိန်မှာ ကျမ်းကျိန်ပွဲတွေ လုပ်လာမလဲ၊ အစိုးရအသစ် တွေ ဖြစ်လာမလဲဆိုတာ ကျနော်တို့ စောင့်တော့ကြည့်ရဦးမှာပေါ့နော်။ ဟုတ်ကဲ့ ကျနော်တို့ရဲ့ ဒီနေ့စကားဝိုင်းကို ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ ခင်ဗျာ။

No comments:

Post a Comment