Saturday, February 19, 2011

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်းနှင့် VOA တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်း

 
ဦးငွေလင်း

(၁၆ – ၂ – ၂၀၁၁ မနက်ပိုင်း)

တူနီးရှားကစလိုက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုလှိုင်းကြီးဟာ အခုဆိုရင် အီဂျစ်၊ ယီမင်၊ ဘာရိန်း၊ အီရန်၊ အယ်လ်ဂျီးရီးယား စတဲ့အရှေ့အလယ်ပိုင်းတခွင်ကို ကူးစက်ရိုက်ခတ်လို့ သွားပါပြီ။

တူနီးရှားအာဏာရှင်က တိုင်းပြည်ကနေပြီးတော့ ထွက်ပြေးခဲ့ရသလိုပဲ အီဂျစ်မှာလည်း အာဏာရှင်က ရာထူးကဆင်းပေး လိုက်ရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း တကယ်တမ်းတော့ လူထုအုံကြွမှုတွေ၊ လူထုလှုပ်ရှားမှုတွေက အဆက်ဆက်ကြုံခဲ့ ပါတယ်။ ဒါပေမယ့် လူထုရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရည်ရွယ်ချက်ပန်းတိုင် မရောက်နိုင်သေးပါဘူး။ ဒါ ဘာကြောင့်လဲ၊ ဘာတွေလို အပ်နေသလဲ၊ ဘာတွေ ပြင်ဆင်ဖို့လိုသလဲ ဆွေးနွေးမှာ ဖြစ်ပါတယ်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းကို ကျနော်တို့ လေလှိုင်းပေါ်ကို ဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။


ကိုသားညွန့်ဦး။ ။ ခုန ကျနော် ဆွေးနွေးသလိုပါ၊ မြန်မာနိုင်ငံမှာ လူထုလှုပ်ရှားမှုတွေ အဆက်ဆက်ရှိခဲ့တယ်။ အောင်မြင်သင့်သ လောက် အောင်မြင်မှုတွေ မရခဲ့ပါဘူး။ ခြုံပြီးတော့ ပြောမယ်ဆိုရင် ကိုငွေလင်း ဘာကြောင့်လို့ ထင်ပါသလဲခင်ဗျ။ ဘယ်လို သုံးသပ် မိပါသလဲ။

ကိုငွေလင်း။ ။ ပထမ တစ်ခုကတော့ ကျနော်တို့ဆီမှာရှိနေတဲ့ စစ်အာဏာရှင်ဟာ တူနီးရှားမှာရှိတဲ့ စစ်အာဏာရှင်၊ အီဂျစ်မှာရှိတဲ့ စစ်အာဏာရှင်တွေထက်ကို ပိုပြီး ရက်စက်ကြမ်းကြုတ်တယ်၊ ပိုပြီးတော့မှ အာဏာကို ယစ်မူးတယ်။ အဲဒီအတွက် ဘာကိုမဆို ပိုပြီး ရက်ရက်စက်စက်ကို ပြည်သူတွေကို ဖိနှိပ်ဖို့ အဆင့်သင့် ပိုပြီးဖြစ်တယ်လို့ ဒါ တစ်ချက် ကျနော် ဒီလိုမြင်ပါတယ်။

နောက်တစ်ချက်ကတော့ ဘာလဲဆိုလို့ရှိရင် ဒီ အာဏာရှင်ဟာ စစ်တပ်ကို၊ ဗမာပြည်ကစစ်တပ်ကို ဗမာပြည်ကအာဏာရှင်က သေသေချာချာ ကိုင်တွယ်နိုင်ပြီးတော့မှ တစ်လက်ကိုင်အဖြစ် သေသေချာချာလုပ်ကိုင်နိုင်ပြီးတော့မှ။ အဲဒီ အရှေ့အလယ်ပိုင်းက ဒီ အာဏာရှင်များကတော့ သူ့စစ်တပ်ကို ကာလတစ်ခုမှာသာ ကိုင်နိုင်ပြီးတော့မှ၊ အပြီးအပြတ် အလုံးစုံ မကိုင်တွယ်နိုင်ဘူး။ စစ်တပ်က သီးခြားရပ်တည်ခွင့်ရှိတယ်၊ ရပ်တည်လည်း ရပ်တည်သွားနိုင်တယ်ဆိုတဲ့အချက်က အဓိကကွာခြားချက်လို့ ကျနော်မြင်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့ ကိုငွေလင်း။ ခုနက ဆွေးနွေးလို့ သတိရသွားတယ်၊ အီဂျစ်နိုင်ငံမှာဖြစ်တော့ မြန်မာအတော် များများက ၈၈ ခုနှစ် အရေးအခင်းကို သတိရကြပါတယ်။ နောက် အီဂျစ်ပြည်သူတွေကတော့ တစုံတရာ၊ အခုဆိုရင် အောင်ပွဲမြင်နေ ရပြီလို့ ပြောနိုင်ပါတယ်။ ဒါ အီဂျစ်လူထုရဲ့ အောင်ပွဲပေါ့။ ဒါပေမယ့် ခုနက ကိုငွေလင်း ပြောသလို ဒီနေရာမှာ အီဂျစ်စစ်တပ်ရဲ့ အခန်းကဏ္ဍကိုလည်း ကျနော်တို့ မေ့ထားလို့မရပါဘူး။ ဒီ လူထုလှုပ်ရှားမှုအရှိန် အားကောင်းတဲ့အချိန်မှာ စစ်တပ်ကနေပြီးတော့ သူတို့ အင်အားသုံးတာ မလုပ်ဘူး၊ မပစ်ပါဘူးဆိုတာ ပြောခဲ့ပါတယ်။ ပစ်လည်း မပစ်ပါဘူး။ မြန်မာစစ်တပ်ကတော့ အဲလို မဟုတ်ပါဘူး။ အဲဒီတော့ အဲဒီနေရာမှာ ကွာခြားချက်က ကျနော်တို့နည်းနည်း လေ့လာကြည့်ချင်တာက အီဂျစ်စစ်တပ်အတွင်းမှာ ပညာတတ်တွေရှိနေ တယ်လို့ မြင်တဲ့သူတွေရှိသလိုပဲ၊ ဒီအီဂျစ်စစ်တပ်က တကယ့်ကို ပရောဖက်ရှင်နယ် စစ်တပ်ဖြစ်တယ်ပေါ့၊ စစ်တပ်က စစ်တပ်အလုပ်ကိုပဲ လုပ်မယ်ဆိုတဲ့အမြင်တွေ ရှိကြပါတယ်ခင်ဗျာ့။ မြန်မာတပ်ကတော့ လွတ်လပ်ရေးကြိုးပမ်းမှုကတည်းက ဒီ နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခဲ့ တယ်ဆိုတဲ့ အစဉ်အလာကြောင့်လည်း ဖြစ်နိုင်တယ်ဆိုပြီးတော့ သုံးသပ်မှုတွေရှိပါတယ်။ ကိုငွေလင်း ဘယ်လိုမြင်သလဲခင်ဗျ။

ကိုငွေလင်း။ ။ အီဂျစ်စစ်တပ်ကို ကျနော်တို့ကြည့်တဲ့အချိန်မှာ အီဂျစ်စစ်တပ်က ဘာကို သူ အဓိကဇောင်းပေးပြီး ကိုင်တွယ် နေရသလဲဆိုရင် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရမယ်။ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ သူ့မှာ တာဝန် ရှိတယ်ဆိုတဲ့ဥစ္စာ၊ ဒါ သူကိုင်စွဲထားတာ ရှိတယ်။ ရှိတော့ အစ္စရေးနဲ့ ဆက်ဆံရေးကိစ္စမှာ အစ္စရေးနဲ့ စစ်အကြီးအကျယ် ထပ်ပြီးမဖြစ်ရေး ကိစ္စတွေကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ အဲဒီအတွက် လူထုကို စောင့်ရှောက်ရမယ်ဆိုတာရှိတယ်။

နောက်တစ်ခုကတော့ ဒီမိုကရေစီရေးတောင်းဆိုမှုတွေကို၊ အခုလောက် တပြည်လုံးအတိုင်းအတာနဲ့ တောင်းဆိုမှုတွေကို စစ်တပ်အနေနဲ့ မစဉ်းစားဘူး၊ ဒီဘက်ကမလိုက်ပါဘူး သို့မဟုတ် ကြားမနေဘူးဆိုလို့ရှိရင် ဒီ အလွန်အကျွံ Extremists တွေ ပါဝင်လာ ပြီးတော့မှ၊ ဒီမိုကရေစီတော်လှန်ရေးကနေပြီးတော့မှ အစ္စလာမ္မစ်တော်လှန်ရေးဆီကို ရွေ့သွားနိုင်တဲ့အခြေအနေမျိုးလည်း ရှိတယ်ဆိုတာ ကို စစ်တပ်ခေါင်းဆောင်တွေဟာ သေသေချာချာစဉ်းစားနိုင်ပုံရပါတယ်။

ကျနော်တို့ဆီမှာကတော့ အဲဒီလို မဟုတ်ဘူး။ ကျနော်တို့ဆီမှာကတော့ ဗိုလ်နေ၀င်း လက်ထက်ကတည်းက စပြီးတော့မှ စစ်တပ်က တကယ့်ကို တစ်လက်ကိုင်တပ်ဖြစ်သွားတယ်။ ဖြစ်သွားပြီးတော့မှ စစ်တပ်က ဒီ ငြိမ်းချမ်းရေးကို တည်ဆောက်တဲ့တပ် မဟုတ်ဘဲနဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့တပ်ဖြစ်တယ်။ ပြည်တွင်းစစ်ကို ဦးဆောင်ပြီးတိုက်တဲ့ တပ်ဖြစ်တယ်။ လူထုလှုပ်ရှားမှုတွေကို ချေမှုန်းတဲ့တပ် ဖြစ်တယ်။ နောက်ပြီးတော့မှ ပြည်တွင်းထဲမှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေအားလုံးရဲ့တော်လှန်စစ်ကို အကြီး အကျယ်ဆန့်ကျင်တိုက်ခိုက်ပြီးတော့မှ တကယ့်ကို လူမျိုးရေးအရကို ဖိနှိပ်တဲ့တပ်ကြီးအဖြစ် သူဟာပြောင်းလဲနေတာဖြစ်တော့ သူ့မှာ စဉ်းစားဆင်ခြင်နိုင်တဲ့ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့ပြီးတော့မှ စစ်အာဏာရှင်ခေါင်းဆောင်များ ခိုင်းရာ စေရာကို အဓိကအားဖြင့် ဆောင်ရွက်နေတဲ့တပ်အဖြစ် လျောကျသွားတယ်၊ အဲဒီ အဆင့်မှာပဲရှိတယ်။ ဒါဟာ အဓိကကွာခြားချက်ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ သုံးသပ်မိပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ ကိုငွေလင်းပြောမှ သတိရလို့ပါ။ တလောက စစ်တပ်က အရာရှိဟောင်းတစ်ယောက်နဲ့ ကျနော် မေးမြန်း ဆွေးနွေးခန်းတစ်ခု လုပ်ဖြစ်ပါတယ်။ အဲဒီမှာ သူပြောတာကတော့ အခုခုနက ကိုငွေလင်းပြောသလို စစ်တပ် အခုအခြေအနေကတဲ့ စစ် တပ်ကလည်း အပြောင်းအလဲတချို့ဖြစ်နေကြပြီ၊ မျိုးဆက်သစ် အရာရှိခေါင်းဆောင်တွေတက်လာကြပြီ၊ နောက်ပြီးတော့ အာဏာအလွှဲ အပြောင်းပေါ့ အာဏာအခွဲအဝေကိစ္စမှာ မကျေနပ်မှုတွေ ပိုကြီးလာတယ်။ ဆိုလိုတာက ဗိုလ်ချုပ်သန်းရွှေက တကယ်အနားယူတော့မယ်၊ တဖက်က တခြားဗိုလ်ချုပ်တွေကို တချို့နေရာ ကြံ့ခိုင်ရေးကိုပို့၊ တချို့လူတွေကို စစ်တပ်မှာပဲထား၊ တချို့ကို အစိုးရအဖွဲ့ထဲထား၊ သူ အမျိုးမျိုးလုပ်တဲ့အခါကျတော့ မကျေနပ်မှုတွေလည်း ပိုရှိတယ်။ အဲဒီတော့ အခုလို အခြေအနေမျိုးမှာ မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ရင် တောင်မှ စစ်တပ်က လုပ်ချင်မှလုပ်မယ်၊ စစ်တပ်ထဲမှာ သဘောကွဲလွဲမှု သိပ်ကြီးနေပြီလို့ ပြောတယ်။ သူ့အမြင်ပေါ့နော်။ အဲဒီတော့ အခု အခြေအနေမှာ၊ နောက်ပိုင်းအခြေအနေမှာ ခုနက ကိုငွေလင်းပြောသလိုပဲ စစ်တပ်က တစ်လက်ကိုင်ဖြစ်တယ်ဆိုတဲ့အနေအထား ရှိနိုင်ပါ တော့မလား ခင်ဗျာ့။ နောက်ပိုင်း ပြောတာပါ။

ကိုငွေလင်း။ ။ အခု တပ်တွင်းမှာ မကျေမလည်မှုတွေဖြစ်နေတယ်ဆိုတဲ့ဥစ္စာက ကျနော်တို့လည်း ကြားရပါတယ်။ ဒီ တပ်အောက် ခြေထုမှာ တော်တော်ကိုဒုက္ခရောက်တယ်။ နောက် အထက် အောက် ကွာခြားမှုတွေ သိပ်ကြီးတယ်။ အထက်ပိုင်းဆိုတာတွေထဲမှာ တောင် အုပ်စုဖွဲ့မှုတွေကြီးတယ်။ တပည့်မွေး ဆရာမွေးတွေ ကြီးတယ်။ ဂိုဏ်းစုတာတွေ ကြီးတယ် ဆိုတဲ့ဥစ္စာကို ကျနော်တို့ ကြားရပါ တယ်။ ဒါပေမယ့် ဘယ်လိုပဲကြားရသည် ဆိုဦးတော့တောင် သူဟာ အခု ပြင်ဆင်နေတဲ့ သူ့ရဲ့ အခင်းအကျင်းကို ကြည့်လို့ရှိရင် တပ်ကိုပဲ စနစ်တကျနဲ့ အကွက်ချနေရာပေးထားတာကို တွေ့ရတယ်။ အခု လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဌပဲ ဖြစ်ဖြစ်၊ သမ္မတပဲ ဖြစ်ဖြစ်၊ ဒုတိယသမ္မတပဲ ဖြစ်ဖြစ်၊ အခု ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး စသည်ဖြင့် ဒီလို ပြင်ဆင်ပေးတဲ့နေရာမှာတောင် စစ်တပ်ကို နေရာချထားမှု အထားအသိုမှာ ပိုင်ပိုင်နိုင်နိုင်ချထားတာတွေကို တွေ့ရတယ်။ တွေ့ရတော့ စစ်တပ်က ချက်ချင်းကြီးပြိုပြီးတော့မှ ဟို ပြည်သူ့ဘက်ကို ချက်ချင်းကြီးပဲရပ်လာဖို့ဆိုတဲ့ဥစ္စာဟာ အဲဒီလောက်ထိ ကျနော်တို့ စိတ်ကူးယဉ်မယ်ဆိုလို့ရှိရင် သိပ်များတယ်လို့ ကျနော်ထင်ပါတယ်။

သို့ပေမယ့် စစ်တပ်ထဲမှာ မကျေနပ်မှုတွေရှိတဲ့ဥစ္စာနဲ့ စစ်တပ်ထဲမှာ အကွဲအပြဲတွေရှိတယ်ဆိုတဲ့ဥစ္စာကို မြင်ရတယ်။ နောက် တစ်ချက် အသေအချာပြောနိုင်တာကတော့ တပ်ထဲမှာလည်းပဲ တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တပ်မှူး တပ်သားတွေ၊ နောက်ပြီးတော့မှ ပြည်သူတွေကို အလုပ်အကျွေးပြုချင်တဲ့၊ ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့သလိုပဲ ပြည်သူချစ်တဲ့တပ်မတော်အဖြစ် တည်ဆောက်ချင်တယ် ဆိုတဲ့ တပ်မှူး တပ်သားတွေ သေချာပေါက်ရှိတယ်ဆိုတာကိုလည်း ကျနော်တို့ ယုံကြည်ပါတယ်။ သို့ပေမယ့် ချက်ချင်းပြောင်းလဲဖို့ဆို တဲ့ကိစ္စကတော့၊ ချက်ချင်းကြီး လူထုဘက်ကိုလိုက်ပါလာဖို့ဆိုတဲ့ ဥစ္စာကတော့ သူတို့ဖက်မှာလည်း အဆင်သင့်ဖြစ်မှု တော်တော်လေး မလုံလောက်သေးဘူးလို့ အဲဒီလို ကျနော်တော့ သုံးသပ်မိပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ ကျနော်လူထုလှုပ်ရှားမှုနဲ့ ပတ်သက်လို့ ထပ်မေးချင်ပါတယ်။ လူထုလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ မြန်မာ ပြည်လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်မှုတိတိကျကျ ခိုင်ခိုင်မာမာမရှိခဲ့ဘူးဆိုပြီးတော့ မြန်မာ့နိုင်ငံရေးပါတီအဖွဲ့အစည်းတွေ အတော်များ များက သုံးသပ်ကြပါတယ်ခင်ဗျာ့။ ဒါပေမယ့် အခု အီဂျစ်တို့ တူနီးရှားမှာဖြစ်တော့ တကယ်တမ်းပြောရရင် တိတိကျကျရယ်လို့ ခေါင်း ဆောင်မှုမရှိပါဘူး။ နည်းပညာကျွမ်းကျင်တဲ့ လူငယ်အုပ်စုတွေက ဦးဆောင်တယ်လို့ပြောရမှာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်က လူငယ်အစည်းအဝေးတွေ လုပ်တာတွေ၊ လူငယ်ကွန်ယက်တွေဖွဲ့ဖို့လုပ်နေတာ ကြိုးပမ်းနေတာတွေ တွေ့ရပါတယ် ခင်ဗျာ့။ အဲဒီတော့ နည်းပညာနဲ့ နောက် ပညာတတ်လူငယ်တွေရဲ့ Work Force ပေါ့နော် ဒါတွေဟာ လှုပ်ရှားမှုမှာ အရေးပါသလို ဖြစ်လာပါတယ်ခင်ဗျာ့။ မြန်မာနိုင်ငံအခြေအနေမှာရော ကိုငွေလင်း ဘယ်လိုယူဆပါသလဲ။

ကိုငွေလင်း။ ။ ဒီ ခေတ်အဆက်ဆက်မှာတော့ ဒီ ကျောင်းသားများပေါ့ဗျာ၊ ပညာတတ်လူငယ်များရဲ့ ခေါင်းဆောင်မှုအခန်းက အင်မတန်ကြီးပါတယ်။ ကျနော်တို့ ကိုလိုနီလက်ထက်မှာပဲဖြစ်ဖြစ်၊ ကိုလိုနီဘ၀က လွတ်မြောက်ရေးတိုက်ပွဲတွေမှာပဲဖြစ်ဖြစ်၊ ဒီဘက် ခေတ် ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးတိုက်ပွဲတွေမှာပဲဖြစ်ဖြစ် ကျောင်းသားတွေအခန်း၊ ပညာတတ်တွေအခန်းက တော်တော်ကြီးပါ တယ်။ သူတို့ရဲ့ဦးဆောင်နိုင်မှုနဲ့ တီထွင်လှုပ်ရှားနိုင်မှုက အားထားရတဲ့ကိစ္စ အမှန်ဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီသမိုင်းတွေ သေ ချာပေါက်ရှိခဲ့ပါတယ်။ အခု နည်းပညာနဲ့ပတ်သက်ပြီးတော့မှ ရှေ့တန်းရောက်လာတယ်ဆိုတဲ့ ဥစ္စာကလည်း ဒါ အားလုံးအထင်အရှား ပါပဲ။

ကျနော်တို့ အရင်တုန်းက လှုပ်ရှားမှုတွေ ၈၈ ကပဲ ဆိုကြပါစို့၊ ကျနော်တို့ လှုပ်ရှားမှုတွေက ချက်ချင်း ကမ္ဘာကိုပြန့်နှံ့သွားဖို့၊ တစ်နိုင်ငံလုံးကိုပြန့်နှံ့သွားဖို့က တော်တော်ခဲယဉ်းပါတယ်။ ၂၀၀၇ စက်တင်ဘာ ဖြစ်တဲ့အချိန်မှာတော့ ဒီနေ့ ဘုန်းကြီးတွေကို သံဃာ တွေကို ရိုက်ခွဲနေပြီဆိုရင် အဲဒီဥစ္စာကို ချက်ချင်းပဲ စက္ကန့်ပိုင်းအတွင်းမှာပဲ တကမ္ဘာလုံးက သိသွားတယ်။ တစ်နိုင်ငံလုံးက သိသွားတယ် ဆိုတာမျိုး ဖြစ်တော့ အရင်လိုတော့ အမှောင်ချပြီးတော့မှ ညစ်ချင်တိုင်း ညစ်၊ စော်ကားချင်တိုင်း စော်ကားလို့ရတဲ့ခေတ်တော့ မဟုတ်တော့ပါဘူး။ အဲဒီ နည်းပညာအသာရမှု ကျနော်တို့ဆီမှာ တော်တော်ကြီးရှိလာတယ်။ ဒါ တကမ္ဘာလုံးမှာလွှမ်းခြုံလာတဲ့ နည်းပညာရှေ့တန်းရောက်မှုက ကျနော်တို့အတွက်လည်း တော်တော်ကျေးဇူးကြီးလာတယ်ဆိုတဲ့ဥစ္စာကတော့ ကျနော်တို့ သေချာ ပေါက်တွက်လို့ရပါတယ်။ သို့ပေမယ့် ဘာတစ်ချက်တော့ ရှိသလဲဆိုလို့ရှိရင် ကျနော်တို့နိုင်ငံမှာက မိုဘိုင်းဖုန်းသုံးစွဲနိုင်မှု၊ အင်တာနက် သုံးစွဲနိုင်မှုတွေမှာ ကျနော်တို့က တော်တော်နည်းပါတယ်။

ဥပမာ တူနီးရှားဆိုလို့ရှိရင် ဒီ လူဦးရေ ဆယ်သန်းရှိတဲ့အနက်မှာ ၃ သန်းခွဲလောက်က ဒီ အင်တာနက်ကို ပိုင်ပိုင်နိုင်နိုင် သုံး နိုင်တယ်။ အခု ကျနော်တို့ဆီမှာတော့ လူဦးရေက သန်း ၆၀ နီးပါးရှိတယ်။ အင်တာနက် သုံးနိုင်တဲ့သူဆိုတာဟာ ၅ သိန်းလောက်ပဲ ရှိသေးတယ်ဆိုတာတွေ့ရတယ်။ အဲဒီတော့ နည်းပညာရဲ့အထောက်အကူတွေ ကျနော်တို့ ဒီ အင်ပြည့်အားပြည့်ရအောင် ယူနိုင်ဖို့ဆိုတဲ့ ဥစ္စာကတော့ နည်းနည်းတော့လိုသေးတယ်။ သို့သော် ယခင်ကထက်စာရင် နှိုင်းယှဉ်ချက်အရ အများကြီးအကျိုးရှိလာပြီ အကျိုးထူး လာပြီဆိုတာကိုတော့ ကျနော်တို့အားလုံး တကယ့်ကို လက်တွေ့အရကို သိနားလည်နိုင်ပါတယ်။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ ကျနော် နောက်တစ်ခုမေးချင်တာက ဒီလူထုလှုပ်ရှားမှုတွေက ခုနက ကိုငွေလင်းလည်း ပြောပါတယ်၊ ကျနော်တို့ လူထုလှုပ်ရှားမှုတွေက မြန်မာပြည်မှာဖြစ်ခဲ့တာတွေက အာဏာရှင်က ပိုပြီးတော့ရက်စက်တယ်။ အခုလိုမျိုး မကြာခဏ ဖြိုခွင်း ခံရတာများတော့ မြန်မာနိုင်ငံမှာ လူထုလှုပ်ရှားမှုနဲ့ အပြောင်းအလဲလုပ်နိုင်ပါ့မလားဆိုတဲ့ သံသယရှိသူတွေလည်းရှိလာတာ တွေ့ရပါ တယ်ခင်ဗျာ့။ တချို့ဆိုရင် စာရေးတာ တွေ့ရပါတယ်။ Street Politics ပေါ့်နော် လမ်းပေါ်မှာလုပ်တဲ့ နိုင်ငံရေးခေတ်က ကုန်သွားပြီ၊ ပါလီမန် လွှတ်တော် ဘောင်အတွင်းကလုပ်ကြဆိုပြီးတော့ ရေးသားကြတာလည်း တွေ့ရပါတယ်။ တကယ်ပဲ မြန်မာနိုင်ငံမှာ အခုလိုမျိုး လမ်းပေါ်လူထုနိုင်ငံရေး ခေတ်ကုန်သွားပြီလား။ ကိုငွေလင်း ဘယ်လိုယူဆပါသလဲခင်ဗျာ့။

ကိုငွေလင်း။ ။ ဘယ်မှာ ကုန်နိုင်မလဲဗျာ။ ဒီလွှတ်တော်အထဲမှာရှိတဲ့ ပါလီမန်နိုင်ငံရေးကိုအားပြုဆိုရင် ဘယ်လိုလုပ် အားပြုလို့ ရမလဲ။ အခုပဲ ပထမဆုံးလွှတ်တော် ဒီ အစည်းအဝေးတွေ သူတို့ ပြုလုပ်နေကြပြီ။ ကျနော်တို့ MRTV မှာ၊ မြ၀တီမှာ ကြည့်လိုက်လို့ရှိရင် သိသာနေသားပဲ။ ဘာမှ ပြောရေးဆိုခွင့်မရှိတဲ့ တကယ့်ကို မျက်စိပိတ်၊ နားပိတ် လွှတ်တော်ပဲ။ ဘာမှအဓိပ္ပါယ်မရှိတဲ့ လွှတ်တော်ပဲ။ ဒီလိုလွှတ်တော်ထဲကနေပြီးတော့မှ ပါလီမန်ထဲကနေပြီးတော့မှ တိုင်းပြုပြည်ပြုလုပ်ငန်းတွေ လုပ်နိုင်လိမ့်မယ်ဆိုတာ ဘယ်နည်းနဲ့မှကို မဖြစ်နိုင်သေးဘူး။ ဒါ စိတ်ကူးယဉ်တာသက်သက်ပဲ။ ကျနော်တို့ သေချာတာကတော့ ဒီကျောင်းသားတွေ၊ သံဃာတော်တွေ၊ အလုပ် သမားတွေ၊ လယ်သမားတွေရဲ့ လှုပ်ရှားမှုတွေ၊ ကိုယ်တိုင်လှုပ်ရှားမှုတွေကသာ ခေတ်စနစ်ကို ပြောင်းလဲနိုင်တယ်လို့ ကျနော်တို့ မြင်ပါ တယ်။ အဲဒါလည်းပဲ ဒီ မြန်မာပြည်သူတွေကတော့ တိုက်ပွဲတွေ အီလာတဲ့အတွက် စိုးရိမ်ထိတ်လန့်မှုတွေကြီးနေပြီလို့ တချို့ ပြောကြ တာတွေရှိတယ်။ ကျနော့်အမြင်တော့ ဒီလို လုံးလုံးမထင်ဘူး။ ဘယ်ခေတ်မှာမဆို တိုင်းပြည်မှာ ဖိနှိပ်မှုတွေ သိပ်ကြီးနေတဲ့အချိန်မှာ၊ စီးပွားရေးရုပ်ဘ၀တွေ သိပ်ကိုဆိုးနေတဲ့အချိန်မှာ၊ နေ့စဉ် နိစ္စဓူဝ စားဝတ်နေရေးဒုက္ခတွေ သိပ်ကြီးနေတဲ့အချိန်မှာ အဲဒီကြီးတဲ့ဒုက္ခ တွေကပဲ တိုက်ပွဲတွေကိုမွေးဖွားပေးလိမ့်မယ်လို့ ကျနော်မြင်တယ်။ အခုပဲ လယ်သိမ်း ယာသိမ်းတွေနဲ့ အလုပ်သမားလှုပ်ရှားမှုတွေ၊ ဒီ နေ့စားလခ ပိုမိုရရှိရေး၊ နောက် အလုပ်ချိန် သတ်သတ်မှတ်မှတ်ရှိရေးဆိုတဲ့တိုက်ပွဲတွေ မနားတမ်းပေါ်နေတာပဲ။ အဲဒီ ပေါ်နေတဲ့တိုက်ပွဲ တွေကို တပြည်လုံးအတိုင်းအတာဆောင်တဲ့ တိုက်ပွဲကြီးတွေဖြစ်သွားအောင် ကျနော်တို့ မြှင့်တင်နိုင်မယ်ဆိုလို့ရှိရင်၊ မြှင့်တင်ဖို့အခြေ အနေ အချိန်အခါရောက်လာပြီဆိုလို့ရှိရင် လမ်းပေါ်တိုက်ပွဲ၊ လူထုတိုက်ပွဲတွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်ကြီးသလဲဆိုတာ ကနေ့ အဲဒါတွေကိုအထင်သေးပြီး စော်ကားမော်ကား ပြောနေတဲ့လူတွေ မျက်ဝါးထင်ထင်တွေ့ရလိမ့်မယ်လို့ ကျနော်ပြောချင်ပါတယ်။

ကိုသားညွှန့်ဦး။ ။ ဟုတ်ကဲ့။ ဒါကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်း ဖြစ်ပါတယ်။ ကိုငွေလင်းကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။

No comments:

Post a Comment