Saturday, February 12, 2011

တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးချက်များ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးပွဲနှင့်ပတ်သက်၍ ဆွေးနွေးချက်များ 
ဦးခင်မောင်ညိမ်း။ ။ ဦးငွေလင်းအနေနဲ့ရော ဘယ်လိုမြင်လည်းခင်ဗျ အရင်ရွေးကောက်ပွဲမှာဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ အခု ရွေးကောက်ပွဲမှာ ဖြစ်လာတဲ့အခြေအနေတွေ နောက်ဆုံး သူတို့ရဲ့လမ်းစဉ် (၇) ဆင့်ကနေပြီးတော့ အခုနောက်ဆုံးဆင့်နီးလာတဲ့အခါမှာ ဒီလိုအစိုးရဖွဲ့ဖို့အတွက် လွှတ်တော်ကျင်းပ နေပြီဆိုတော့ ၁၉၉၀ ရွေးကောက်ပွဲမှာတုန်းက အမတ်နေရာများများရပြီးတော့မှ လက်လွှတ်ခဲ့ရတဲ့ အခြေအနေတွေ အခွင့်အရေးတွေနဲ့ ယှဉ်ပြီးတော့ ဘယ်လိုသုံးသပ်မိတယ်ဆိုတာ ကြားပါရစေခင်ဗျ။


ဦးငွေလင်း။ ။ ကျနော်တို့၁၉၉၀ ရွေးကောက်ပွဲတုန်းက ယှဉ်ပြိုင်ခဲ့ကြတဲ့အခါမှာ တရားမျှတမှု လွတ်လပ်မှု အပြည့်အစုံမရခဲ့ပေမယ့် တစ်စုံတရာတော့ရခဲ့တယ်လို့ ပြောနိုင်ပါတယ်။ အဲလိုပြောနိုင်တဲ့ အခြေအနေရဲ့အောက်မှာ လူထုတွေက သူတို့ကြိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို သူတို့ရင်ထဲကဆန္ဒနဲ့ တကယ်ရွေးချယ်ခဲ့ကြတယ်။ အဲလိုရွေးချယ်ခဲ့ကြတဲ့ အတွက် ဘယ်လိုရရှိခဲ့သလဲဆိုလို့ရှိရင် NLD က ၃၉၂ နေရာ မျိုးချစ်တပ်မှူးဟောင်းကြီးများက ၁ နေရာ အမျိုးသားဒီမိုကရေစီပါတီက ၃ နေရာ ဆိုပြီးတော့မှ လွှတ်တော်နေရာပေါင်း ၄၈၅ နေရာရှိတဲ့နေရာမှာ ၃၉၆ နေရာ ရတာဖြစ်ပါတယ်။ ဒီလိုပဲ အလားတူ SNLD ဆိုရင် ၂၃ နေရာရတယ် တစညက ၁၀ နေရာရတယ် စသည်ဖြင့်ပေါ့ဗျာ။ အဲလိုရတဲ့ဟာက တကယ်စစ်မှန်တဲ့ လူထုတွေရဲ့ပေးလိုက်တဲ့ ဆန္ဒမဲတွေဖြစ်ပါတယ်။ အဲဒီထဲမှာ ကြိုတင်မဲဆိုတာမပါဘူး၊ မသမာမဲဆိုတာမပါဘူး၊ မဲလိမ်မဲခိုးထားတဲ့မဲမပါဘူး၊ သေပြီးသားလူတွေ သေဆုံးပြီးသားလူတွေရဲ့ မဲဆိုပြီး ညာပြီးထည့်တာ မပါဘူး၊ တစ်ယောက်ထဲက မဲ ၅ စောင်၊ ၆ စောင်၊ ၇ စောင်ထဲ့တာ မပါဘူး။ အဲဒီလို လူထုဆန္ဒအစစ်အမှန်နဲ့ ရွေးကောက် တင်မြှောက်ခြင်း ဖြစ်ပြီးတော့မှ ရရှိလာတဲ့ ကိုယ်စားလှယ်တွေဟာ တကယ့်လူထုကတင်မြှောက်လိုက်တဲ့ လူထုmandate ရတဲ့ကိုယ်စားလှယ် အစစ်အမှန်တွေဖြစ်ပါတယ်။ အခုဒီ၂၀၁၀ ရွေးကောက်ပွဲမှာ ကျတော့ ဒီကြံ့ဖွံ့က အပြတ်အသတ်ကို နိုင်ပါတယ်။ အံ့သြလောက်အောင်ကို နိုင်ပါတယ်။ အဲလိုနိုင်တာ ဘာကြောင့်နိုင်သလဲဆိုရင် စောစောကပြောတဲ့ အတိုင်းပဲ ကြိုတင်မဲတွေ မသမာမှုတွေ၊ ကြံ့ဖွံ့ရယ် ရွေးကောက်ပွဲကော်မရှင်ရယ် စစ်အာဏာပိုင်ရယ် ပေါင်းပြီးတော့မှ နည်းအမျိုးမျိုးနဲ့ ကြံစည်အားထုတ်ပြီး မနိုင် နိုင်အောင် ကြိုတင်မဲတွေ မြွေအရေခွံအိတ်နဲ့ ထည့်ပြီးတော့မှ ဇွတ်နိုင်အောင်လုပ်ထားတဲ့ မဲတွေဖြစ်တော့ သူဘယ်လောက်ကြီးပဲနိုင်နိုင် ဘယ်နှစ်ရာခိုင်နှုန်းပဲနိုင်နိုင် အခုလိုလွှတ်တော်ထဲမှာ လွှတ်တော်နေရာပြည့် ကြံ့ဖွံ့တွေကြီးပဲထိုင်ထိုင် အဲဒါဘာမှ အဓိပ္ပာယ်မရှိတဲ့ ရွေးကောက်ပွဲရလဒ် ဖြစ်သွားပြီလို့ ကျနော်တို့က မြင်ပါတယ်။ အဲဒီတော့ ၉၀ ရွေးကောက်ပွဲရလဒ်က တကယ်စစ်မှန်တဲ့ ရွေးကောက်ပွဲ ရလဒ်ဖြစ်ပြီး၊ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ် ဆိုတာကတော့ တကယ်ကို စစ်အစိုးရက ထင်တိုင်းကြဲထားတဲ့ သူ့ရဲ့ Roadmap အကောင်အထည်ပေါ်ရေး လုပ်ဆောင်မှု အကောင်အထည်ဖော်မှု တစ်ခုသာဖြစ်တယ်။ ဘာပြည်သူရဲ့ ဆန္ဒကိုမှ ကိုယ်စားမပြုနိုင်ဘူးလို့ ကျနော်တို့အဲလိုမြင်ပါတယ်။

ဦးခင်မောင်ညိမ်း။ ။ ဟုတ်ကဲ့ပါ အခုသမ္မတရွေးခံရတဲ့ ဦးသိန်းစိန်တို့ ဒုတိယသမ္မတဖြစ်လာကြတဲ့ ပုဂ္ဂိုလ်တွေပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုင်ဆိုထိုင် ထဆိုထ ဘယ်သူကမှ အာခံရဲမဲ့ပုဂ္ဂိုလ်တွေ မဟုတ်ဘူး ဆိုပြီးတော့ အများကလည်းပဲ ဝေဖန်သုံးသပ်နေကြတာပဲ ဒီတော့ ဒီအခြေအနေတွေကတော့ အခု လောလောဆယ်မှာ ကြည့်လိုက်ရင် စစ်ဗိုလ်ချုပ်တွေကပဲ အကုန်လွှမ်းမိုးနေတယ်ဆိုတာ အားလုံးသိ တစ်ကမ္ဘာလုံးကအသိဖြစ်ပါတယ်။ ဒါပေမယ့် တိုင်းပြည် အတွက် ပြည်သူတွေအတွက် ဘယ်လိုမျှော်လင့်ချက်တွေ ထားနိုင်မလဲ ဘယ်လိုကောင်းတဲ့ အကွက်ကလေးများ ပေါ်ထွက်လာမလဲ ဆိုတာတွေလည်းပဲ သိချင် နေကြတာပေါ့လေ ဦးငွေလင်းရောခင်ဗျပြောပါဦး။

ဦးငွေလင်း။ ။ ကောင်းကွက်ကလေးတစ်ခုခု ဖြစ်လာမလားလို့ မျှော်လင့်တယ်ဆိုလို့ရှိရင်တော့ တော်တော်လေး လက်တွေ့နဲ့ ဝေးတယ်လို့ ကျနော်တော့ အဲလိုပဲ အောက်မေ့တယ်ခင်ဗျ။ ဘာကြောင့်လဲဆိုရင် ဦးသိန်းစိန် ဦးတင်အောင်မြင့်ဦးတို့က သေချာပေါက် ဗိုလ်ချုပ်ကြီးတွေပဲ အခုချိန်ထိ သူတို့ထဲမှာ တိုက်ပုံအင်္ကျီပဲ ဝတ်ထားထား ခေါင်းပေါင်းပဲဆောင်းထားထား အလေးပြုနေရတဲ့ ဗိုလ်ချုပ်ကြီးတွေပဲဖြစ်ပါတယ်။ နောက်တစ်ခု စောစောက ဦးခွန်မြင့်ထွန်းဆွေးနွေးသလိုပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တကယ့် နယ်ရုပ်တွေပဲ အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ နောက် ဒေါက်တာစိုင်းမောဝ်ခမ်းက ရှမ်းအမျိုးသားဆိုတော့ ဒါဟာ ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ရှိရင် ဒီကိစ္စဟာ လိုက်လျောမှုတစ်ခုရောင်ရောင် ဆိုပေမယ့် သူကလည်း ကြံ့ဖွံ့ပါတီထဲမှာ တကယ့်အခိုင်အမာ တကယ့် ကေဒါကြီးပဲ။ အဲဒီတော့ သူဟာလည်းပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နယ်ရုပ်အစစ်ပဲလို့ ကျနော်တို့မြင်တယ်။ ဒေါက်တာစိုင်းမောဝ်ခမ်း ကိစ္စဆိုလို့ရှိရင် ဒီကိစ္စက ကျနော်တို့ လေ့လာထားချက်အရဆိုရင် တော်တော်ဆိုးတဲ့ကိစ္စလည်းဖြစ်တယ်။ ပြောရင်တော့ ဒီတိုင်းရင်းသား ကိုယ်စားလှယ်တစ်ယောက်ကို ဒီနေရာမှာ ပေးချင်တယ်ဆိုပြီး အစကတည်းက ဇာတ်ကွက်ရိုက်ထားတာ။ သူကတကယ်ကို ဇာတ်ဆောင်တစ်ယောက်ဆိုတာ တော်တော်ပေါ်လွင်တယ်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် သူဟာ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တဲ့ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှာ သူကိုရွေးပါတယ်။ သူကဘယ်သူနဲ့ ပြိုင်ရလဲဆိုတော့ အဓိကအားဖြင့်ဆိုရင်တော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဦးစိုင်းခမ်းလှိုင်နဲ့ ပြိုင်ရတယ်။ ပြိုင်ရတဲ့အချိန်ကျတော့ ဦးစိုင်းခမ်းလှိုင်က အမှန် အကန်ရှမ်း၊ ရှမ်းအမျိုးသား ဒီဒေါက်တာစိုင်းမောဝ်ခမ်းက ကြံ့ဖွံ့ရှမ်း။ အဲ့လိုဖြစ်နေတဲ့အချိန်မှာ ကြံ့ဖွံ့ရှမ်းကို နိုင်မှရတော့မယ် နိုင်အောင်သူတို့ သေသေချာချာ ကစားရတော့မယ်။ ဘာကြောင့်လဲဆိုရင် ဒီနေရာမှာ သူတို့ရဲ့ နယ်ရုပ်အစစ်ဖြစ်တဲ့ ဒေါက်တာစိုင်းမောဝ်ခမ်းကို သေချာပေါက် အဲဒီမဲဆန္ဒနယ်မှာ နိုင်မှကို ရတော့မယ်ဆိုတဲ့အချိန်ကျတော့ သူ့ကိုမနိုင်နိုင်အောင် တော်တော်ကျဲခဲ့တာကို ကျနော်တို့ လေ့လာတွေ့ရှိရပါတယ်။ အဲဒါဘာလဲဆိုလို့ရှိရင် အဲဒီမဲဆန္ဒ ပေးတဲ့နေ့မှာ ဦးစိုင်းခမ်းလှိုင်က ခြောက်သောင်းငါးထောင့်ကိုးရာ(၆၅၉၀၀) နဲ့ သူကနိုင်ပြီးသားဖြစ်ပါတယ်။ ဒီစိုင်းမောဝ်ခမ်းက ငါးသောင်းလေးထောင့် နှစ်ရာလေးဆယ်ငါး (၅၄၂၄၅)မဲ ပဲရပါတယ် သေချာပေါက်ကြီးရှုံးနေပြီ။ အဲလိုရှုံးတဲ့အချိန်ကျမှ အစောကကျနော်တင်ပြထားသလို မြွေအရေခွံအိတ်တွေနဲ့ ဒီကြိုတင်မဲတွေထုတ်လာတယ်။ ယူထုတ်လာပြီးတော့မှ ကြိုတင်မဲပေါင်း ဘယ်လောက်ထိ စိုင်းမောဝ်ခမ်းက ယူလိုက်သလဲဆိုရင် နှစ်သောင်းခြောက်ထောင် ရှစ်ရာ့ခြောက်ဆယ် (၂၆၈၆၀)ထိ ယူပြီးတော့မှ ပေါင်းထည့်လိုက်ပါတယ်။ အဲလိုပေါင်းလိုက်တဲ့အချိန်မှာ သူ့မဲကဘယ်လောက် ဖြစ်သွားလည်းဆိုရင် ရှစ်သောင်း တစ်ထောင်တစ်ရာ့ငါး (၈၁၁၀၅)မဲဖြစ်သွားတယ်။ အပြတ်အသတ် နိုင်သွားတယ်။ အဲဒီတော့ကျနော်က ဒီရှမ်းအမျိုးသားကို ကျနော်တို့ ရှမ်းတိုင်းရင်းသားများကို ကိုယ်စားပြုတယ်လို့ပြောဖို့ တော်တော်ခက်သွားတယ်။ တိုင်းရင်းသားတွေ တိုင်းရင်းသားပါတီတွေက အားလုံးတောင်းဆိုလိုက်သလို ဒုတိယသမ္မတကိုတော့ တိုင်းရင်းသာထဲက ပေးပါဆိုတာကို လိုက်လျောလိုက်တာပါလို့ ကျနော်တို့ဘယ်လိုမှ ထောက်ခံပြောလို့မရပါဘူး။ အခြေအနေက အဲလိုဖြစ်ပါတယ် ဒါဟာတကယ့် လက်တွေ့ကျကျ သုတေသနပြုချက်တွေအရ တွေ့တဲ့ကိစ္စတွေဖြစ်ပါတယ်။ ဒါတွေက သူတို့သတင်းစာတွေထဲမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေပါပဲ။ အဲဒီ ကိန်းဂဏန်းတွေအရ ပေါင်းကြည့်လိုက်ရင်တောင် ဒေါက်တာစိုင်းမောဝ်ခမ်း အနိုင်ရလာတဲ့ကိစ္စဟာ တော်တော်ကို ရင်လေးစရာကောင်းတဲ့ အနိုင်ရမှုကြီး ဖြစ်ပါ တယ်။ ဒါကြောင့်ဒီကနေ့ ဒီပြည်ထောင်စုလွှတ်တော်ကနေပြီးတော့မှ ပြဋ္ဌာန်းလိုက်တဲ့ သမ္မတ၊ ဒုတိယသမ္မတများဟာ ဘာမှကို ကျနော်တို့မျှော်လင့်လို့ မရတဲ့ သမ္မတတွေဖြစ်တယ် ဘာမှကိုမျှော်လင့်လို့မရတဲ့ လွှတ်တော်ဖြစ်တယ်လို့ ကျနော်တော်ပြောချင်ပါတယ်။

ဒီလွှတ်တော်ဆိုတာရဲ့ သဘာဝကတော့ လူထုတွေက မဲပေးလိုက်တဲ့ တကယ့်လွှတ်တော် ကိုယ်စားလှယ်တွေက နေပြီးတော့မှ လူထုတွေ ဘယ်လို ခံစားနေရသလဲ။ သူတို့ ဘာတွေလိုနေတာလဲ။ သူတို့ဒုက္ခက ဘယ်လောက်ကြီးသလဲ။ အဲဒီကြီးတဲ့ ဒုက္ခတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာတွေကို ဆွေးနွေးကြ ငြင်းခုံကြ ဖြေရှင်းကြ နောက်ဆုံး ဥပဒေတွေ ပြဋ္ဌာန်းကြ ဒီလိုလုပ်ကြရမှာကိုး။ တကယ့်လွှတ်တော်ရဲ့ အဓိပ္ပာယ်အနှစ်သာရက အဲဒါပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ လွှတ်တော်ကတော့ ကျနော်တို့ MRTV မှာ မြဝတီမှာ တွေ့နေရတဲ့ လွှတ်တော်ကတော့ တကယ့်ကို နာရေးဖြစ်နေတဲ့ အိမ်တစ်အိမ်လို အကုန်လုံးက မျက်နှာသေတွေနဲ့ ဖြစ်နေကြတယ်။ မျက်နှာကလေးတွေ အောက်ချပြီးတော့မှ တစ်ခုခုကို ကြောက်နေကြသလို အဲသလိုတွေဖြစ်နေကြတယ်။ ဘယ်သတင်း မီဒီယာကိုမှာ အနားတောင် ကပ်လို့မရဘူး ဆိုင်းဘုတ်တောင် ခပ်လှမ်းလှမ်းကနေ zoomနဲ့ဆွဲပြီး ရိုက်ရတဲ့ အဆင့်။ အဲလို အခြေအနေမျိုးကို ဖြစ်နေပါတယ်။ ဘယ်သူ့ကိုမှ လူသိမခံရဲလောက်အောင်၊ လူထုဆန္ဒမပါပဲနဲ့လုပ်ထားတာဖြစ်တဲ့အတွက် လူသိမခံရဲလောက်အောင် တကယ့်ကလျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်နေရတဲ့ လွှတ်တော်မျိုး ဖြစ်တယ်။ ဒီမှာဘာတင်ပြခွင့်မှ မရှိဘူး တကယ်လို့တင်ပြမယ် ဆိုဦးတော့တောင် ဦးခွန်မြင့်ထွန်းဆွေးနွေးသလိုပဲ ၈၃% ၈၄% က ကြံ့ဖွံ့နဲ့ စစ်တပ်နဲ့ ပေါင်းထားတဲ့ ရာခိုင်နှုန်းဖြစ်တော့ ကျန်တဲ့လူတွေ ဘာတင်တင် majorityအရ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ အပယ်ချ ခံရမှာပဲ။ အဲလို အနေအထား ဖြစ်နေတဲ့အချိန်မှာ ဆရာဦးဝင်းတင်တို့ပြောသလို မျက်စေပိတ့် နားပိတ် ပါးစပ်ပိတ်လွှတ်တော်ဆိုတာကြီး သေချာပေါက်ဖြစ်နေတယ်။ လူထုဦးစိန်ဝင်းပြောသလိုပဲ ဒီမီဒီယာတွေ ဝင်ခွင့်မပေးတဲ့ လွှတ်တော်ဆိုတာ တခါမှမကြားဖူးဘူး။ တစ်ခါမှ မကြားဖူးတဲ့ လွှတ်တော်ဖြစ်တယ်။ ဒီကနေ့လွှတ်တော်၊ ၂၀၁၀ လွှတ်တော်ကတော့ အဲလို လွှတ်တော်မျိုးဖြစ်နေတယ်။ အဲဒီလွှတ်တော်မျိုးကနေပြီးတော့မှ မြန်မာပြည်သူတွေအတွက် အင်မတန်ကောင်းတဲ့ အစီအမံတွေကို ချပေးနိုင်လိမ့်မယ်လို့ ကျနော်ဘယ်လိုမှ မယုံကြည်ဘူး။ နောက်တစ်ခါ ဒီကနေ့ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှာ ကြုံတွေ့နေတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ဘယ်ကိစ္စမှာမဆို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ကောင်းမွန်တဲ့လုပ်ငန်းစဉ်တွေ ကောင်းမွန်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းပြီး ပေးနိုင်လိမ့်မယ်လို့ ကျနော်တော့ လုံးလုံးကို မယူဆဘူးဗျ။ အဲဒီလို ကျနော်လက်တွေ့၊ မြင်နေရတဲ့ လက်တွေ့ကတော့ အဲဒီအတိုင်းပဲလို့ ကျနော်ပြောချင်ပါတယ်။

ဦးခင်မောင်ညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ ဟုတ်ကဲ့ ဦးငွေလင်းရောခင်ဗျာ နိဂုံးချုပ် မှတ်ချက်ကလေး ပြောပါဦးခင်ဗျ။

ဦးငွေလင်း။ ။ ကျနော်တို့ အခုရောက်ရှိနေတဲ့ အခြေအနေကတော့ ကျနော်တို့တိုင်းပြည်အတွက် အင်မတန် ရင်လေးစရာကောင်းတဲ့ အခြေအနေ ဖြစ်တယ်။ အဲဒီတော့ အဲဒီအခြေအနေကို ကျနော်တို့ပြင်ဖို့ ဆိုလို့ရှိရင် နံပါတ်(၁)က ဒီအခြေအနေကြီးကို ဖန်တီးတဲ့ စစ်အာဏာရှင်စနစ်က သော့ချက်ဖြစ်လိမ့်မယ်။ အဲဒီတော့ စစ်အာဏာရှင်စနစ်က အရင်တုန်းက အာဏာသိမ်းအစိုးရအဖြစ် ရှိပြီးတော့ အခုတော့ ရွေးကောက်ပွဲနိုင် အစိုးရအဖြစ် ရှိနေတယ်။ ရွေးကောက်ပွဲနိုင် အစိုးရအဖြစ် သူ့ကိုယ်သူ ဖန်တီးထားတယ်။ အဲဒီတော့ အဲလိုဖန်တီးထားတဲ့ ကိစ္စကို ကျနော်တို့အားလုံးက ပိုပြီး လေးနက်ကြရလိမ့်မယ်။ အဲဒါကြောင့်မိုလို့ အခုတိုက်ပွဲဟာ ဘာဖြစ်နိုင်မလဲဆိုလို့ရှိရင် ၂၀၀၈ အခြေခံဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ ၂၀၁၀ရလဒ် ဆန့်ကျင်တိုက်ဖျက်ရေး တိုက်ပွဲဖြစ်လိမ့်မယ်လို့ ကျနော်မြင်တယ်။ အဲဒီတိုက်ပွဲတွေ တိုက်ဖို့ဆိုရင်တော့ ကျနော်တို့ ပြည်တွင်းပြည်ပမှာရှိတဲ့ အင်အားစုတွေအားလုံး သေသေချာချာ စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကြရလိမ့်မယ်။ စောစောကပြောသလို လွှတ်တော်ထဲကိုရောက်နေတဲ့ ဒီမိုကရေစီရေးကို လိုချင်လို့ ဝင်ကြတဲ၊့ ရိုးရိုးသားသား တကယ့်ကို စိတ်ကူးမြှော်မှန်းချက်တွေနဲ့ ဝင်ကြတဲ့ ကျနော်တို့ညီကိုများဟာလည်းပဲ ဘယ်လိုလုပ်ကိုင်ကြရတော့မလဲဆိုရင် ကိုယ့်အခန်းကို သေသေချာချာ ပြန်ပြီး evaluation ပေါ့ဗျာ။ ပြန်လည်သုံးသပ်ပြီးတော့မှ ကိုယ်ဘယ်လို ပုံဏ္ဍာန်နဲ့ ဆက်လက်ပြီးတော့မှ ဆောင်ရွက်ရင်သင့်တော်မယ်၊ ဒီလွှတ်တော်တွင်း လွှတ်တော်ပ တိုက်ပွဲတွေ လုပ်ကြတော့မယ်ဆိုရင် လွှတ်တော်အတွင်းမှာတော့ တိုက်ပွဲ အင်မတန်ကျဉ်းသွားပြီ။ လွှတ်တော်ပ တိုက်ပွဲတွေ ပိုများလိမ့်မယ်။ အဲဒါတွေအတွက် ကြိုတင်ပြင်ဆင်သင့်ပြီ။ အားလုံးလက်တွဲပူးပေါင်းသင့်ပြီ။ အားလုံးလက်တွဲ ပူးပေါင်းကြပါစို့လို့ ကျနော် ဒီညီကိုများကိုရော အင်အားစု အားလုံးကိုရော ပန်ကြားချင်ပါတယ်။

x x x x x

(RFA – အပတ်စဉ်စကားဝိုင်း ၆-၂-၂၀၁၁ ရက်နေ့အစီအစဉ်မှ …)

No comments:

Post a Comment