Saturday, February 12, 2011

ပြည်တွင်းစစ်မီးမှ ရှောင်လွှဲလိုလျှင်

သုတေသနနှင့် လေ့လာရေးဌာန
ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၂/၂၀၁၁)
(၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)

၇-၂-၁၁ ရက်နေ့က ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ဖွဲ့နှင့် နအဖစစ်တပ် ခလရ (၁၅) အကြား တိုက်ပွဲများ ဖြစ်ပွါးပြီး နအဖဘက်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ယဉ်ထွေး ကျဆုံးသွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အရ ကျင်းပနေသည့် လွှတ်တော် (၃) ရပ်ကနေ သမ္မတ သုံးဦးကို စိတ်တိုင်းကျ ရွေးချယ်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းရန် ရက်ပိုင်းမျှသာ လိုတော့သည့်အချိန်တွင် ထိုတိုက်ပွဲသတင်းများ ထွက်လာခြင်းဖြစ်သည်။


၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသည့်နေ့ကပင် စတင်ပြီး တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) နှင့် နအဖစစ်တပ်များအကြား တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ယနေ့အထိလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးနေဆဲ ဖြစ်သည်။ ဒေသခံပြည်သူအများအပြား ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးနေရဆဲဖြစ်သည်။

အပစ်ရပ်အဖွဲ့များနှင့် တင်းမာနေသော အခြေအနေများ၏ လတ်တလောအကြောင်းရင်းမှာ နယ်ခြားစောင့်တပ် (BGF) ဖွဲ့စည်းရန် နအဖစစ်အစိုးရ၏ အတင်းအကြပ် ဖိအားပေးတောင်းဆိုမှုများကြောင့် ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၇) ပုဒ်မ (၃၃၈) အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖျက်သိမ်းပစ်တော့မည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)သည် တိုင်းရင်းသားအဖွဲ့အစည်းများ၏ အမျိုးသားရေးလိုအပ်ချက်ဖြစ်သော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လုံးဝ လျစ်လျူရှုထားသည်။ နှစ်ပေါင်းများစွာ တောင်းဆိုတိုက်ပွဲဝင်ခဲ့သော တိုင်းရင်းသားအဖွဲ့အစည်းများအနေဖြင့် အမျိုးသားရေး ရည်မှန်းချက်များကို ဆက်လက်သယ်ဆောင်နိုင်ရန်အတွက် နအဖ၏ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး တောင်းဆိုမှုကို ငြင်းဆန်နေကြခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးတောင်းဆိုမှုသည် စင်စစ်မှာ နှစ်ပေါင်းများစွာ တည်ရှိလာသော အမျိုးသားများ၏ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တပ်ဖွဲ့များကို ဖျက်သိမ်းပစ်ရန်သာဖြစ်သည်။

နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံသည့် အဖွဲ့များအား စီးပွားရေးအခွင့်အလမ်းများကို ဟန်ပြ ပေးအပ်ခဲ့သည်။ လက်မခံသည့် အဖွဲ့များကို နည်းမျိုးစုံဖြင့် ဖိအားပေး အကြပ်ကိုင် ခြိမ်းခြောက်သည်။ KIO၊ မိုင်းလား၊ ၀ ဒေသများသို့ ကုန်တင်သွင်းခွင့်များ တားဆီးပိတ်ပင်မှုများ ပြုလုပ်ထားသည်။ သောင်းကျန်းသူများဆိုသည့် အသုံးအနှုံးကို စတင်သုံးစွဲ နေပြီဖြစ်သည်။

ကချင်ပြည်နယ်တွင် နှစ်စဉ်ကျင်းပလေ့ရှိသော မနောပွဲကို အပစ်အခတ်ရပ်စဲရေး နောက်ပိုင်းကာလများတွင် KIO တပ်ဖွဲ့က အဓိကအခန်းက ပါဝင်ခဲ့သည်။ သို့သော် ယခုနှစ်တွင် ကျင်းပသော မနောပွဲသို့ KIO တပ်ဖွဲ့ဝင်များအား လာရောက်ခွင့်ကို နအဖစစ်အစိုးရက ပိတ်ပင်ခဲ့သည်။ တပ်ဖြတ်သန်းခွင့်များ၊ ဒေသတွင်းကူးသန်းသွားလာခွင့်များကိုလည်း ပိတ်ပင်ထားသည်။

အမျိုးသားရေးအတွက် ရည်မှန်းချက်ရှိသော အဖွဲ့များအနေဖြင့် မိမိတို့၏ နိုင်ငံရေးရည်မှန်းချက်များကို ပစ်ပယ်၍ မရနိုင်။ ထို့ကြောင့်လည်း တွေ့ဆုံဆွေးနွေးအဖြေရှာရန် တလျောက်လုံး တောင်းဆိုနေကြခြင်းဖြစ်သည်။

“၀ ပြည်သွေးစည်းညီညွတ်ရေးပါတီ” (UWSP) ၏ ၂၀၁၀ ဒီဇင်ဘာ (၂၀) မှ (၂၉) ရက်နေ့အထိ ကျင်းပခဲ့သော ညီလာခံမှ အချက် (၆) ချက်ကို ဆုံးဖြတ်ခဲ့သည်။ ထိုအချက်များထဲမှ တချက်မှာ တွေ့ဆုံဆွေးနွေးရေးဖြစ်သည်။ တက်လာမည့် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် ဖြစ်သည်။

န၀တ-နအဖစစ်အစိုးရများအပါအ၀င် မြန်မာနိုင်ငံ အုပ်စိုးသူအဆက်ဆက်သည် မြန်မာ့နိုင်ငံရေး ပြဿနာများကို ဆွေးနွေးအဖြေရှာရေးအား အမြဲတစေ လျစ်လျူရှုခဲ့သည်။

အပစ်အခတ်ရပ်စဲရေး ပြုလုပ်စဉ်က နိုင်ငံရေးပြဿနာများကို နောင်တက်လာမည့် အစိုးရနှင့် ဆွေးနွေးဖြေရှင်းရန် ကတိက၀တ်အနေဖြင့် ပြောဆိုခဲ့ကြသော်လည်း ယခုအခါ နအဖမှ အသွင်ပြောင်းလာမည့် အစိုးရကလည်း တွေ့ဆုံဆွေးနွေးရေးကို လက်မခံကြောင်း ဖြစ်ပေါ်နေသော အခြေအနေများက ဖေါ်ပြနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) သည် အကြွင်းမဲ့ လက်နက်ချရေးမှတပါး အခြားမရှိဆိုသော သဘောထားကို ယခု တိုက်ခိုက်မှုများက ပြသလိုက်ခြင်းဖြစ်သည်။

ဤသဘောထားအတိုင်း ဆက်သွားနေလျှင် ပြည်တွင်းစစ်မီးသည် အရှိန်အဟုန်ဖြင့် တဖန် ပြန်လည်တောက်လောင်လာတော့မည်ဖြစ်သည်။

ပြည်တွင်းစစ်မီးမှ ရှောင်လွှဲလိုလျှင် နအဖစစ်အစိုးရမှ ထားရှိသော သဘောထားများကို ပြောင်းလဲပစ်ရန် လိုအပ်သည်။ ရှောင်လွှဲရန် ဆန္ဒမရှိလျင် သဘောထားမပြောင်းဘဲ ဆက်သွားရန်ဖြစ်သည်။ ပြည်တွင်းစစ်မီးမှ ရှောင်လွှဲနိုင်/မရှောင်လွှဲနိုင် ဆိုသည့် အချက်မှာ နအဖစစ်အုပ်စုအပေါ်မှာသာ မူတည်သည်။

x x x x x

No comments:

Post a Comment