Wednesday, February 9, 2011

၂၀၁၀ နှောင်းပိုင်းမှာ ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးရေစီးကြောင်းက ဘယ်လဲ၊ ဘာလဲ ?

၂၀၁၀ နှစ်အကုန်ပိုင်းမှစတင်ပြီး ဗမာပြည်နိုင်ငံရေးအခြေအနေဟာ အသွင်အပြင်တမျိုးဖြင့် ဦးတည်ပြောင်းရွေ့လာနေတယ်။ အထူးသဖြင့် နိုဝင်ဘာ ပထမအပတ်ထဲမှ စတင်ပြီး အပြောင်းအလဲများ စတင်ဖြစ်ထွန်းလာတာကို သတိပြုမိကြပါလိမ့်မယ်။

အထင်အရှား မြင်တွေ့နေရတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှု ၃ ခုရှိပါတယ်။ အဲဒါတွေကတော့ -

(၁) စိတ်တိုင်းကျ စီမံထားတဲ့ နအဖရဲ့ ရွေးကောက်ပွဲပြီးစီးသွားခြင်း။ .

(၂) အပစ်ရပ် နိုင်ငံရေးအခြေအနေ ကျိုးပေါက်၊ ပျက်စီးလာနေခြင်း (အပစ်ရပ်ဒေသများတွင် ပစ်ခတ်သံများ ပြန်လည်ပေါ် ထွက်လာခြင်းနဲ့ စစ်ရေးပြင်ဆင်မှုများတိုးပွားလာနေခြင်း။ အပစ်ရပ်အဖွဲ့များရဲ့ဆက်ဆံရေးရုံးများ ပြန်လည်ရုပ်သိမ်းခံရ ခြင်း … စတဲ့အချက်များ)


(၃) နအဖရဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ၆ ရက်အကြာတွင် မတရားဖမ်းဆီးခြင်းခံရတဲ့ ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့ခြင်းတို့ ဖြစ်တယ်။

နိုင်ငံရေးအရ ဖြစ်ထွန်းလာခဲ့တဲ့ ဒီအချင်းအရာ ၃ ခုဟာ ၂၀၁၀ အလွန် ဖြစ်တည်လာမဲ့ ဗမာပြည်နိုင်ငံရေး အခင်းအကျင်းအပေါ် အကြီးမားဆုံး ဂယက်ရိုက်ခတ်မှု ဖြစ်ပေါ်စေနိုင်တယ်။ ထိုဖြစ်ထွန်းလာမှု ၃ ခုတွင် နိုင်ငံရေးလိုအပ်ချက် အသီးသီး ပါရှိနေကြတယ်။ တခုနဲ့တခုဟာ မိမိတို့ရဲ့ နိုင်ငံရေးလိုအပ်ချက်ကို ဖြည့်စွမ်းနိုင်ရေးအတွက် လုံးပမ်းအားထုတ်ကြလိမ့်မယ်။ သူသေကိုယ်ရှင် လုံးပမ်းအားထုတ်တဲ့ အခြေအနေအထိ ဆက်လက်ဖြစ်ပေါ်တိုးပွားလာနိုင်တယ်။

ပထမ ဖြစ်ထွန်းလာမှုဟာ အုပ်စိုးသူဘက်က အပြောင်းအလဲတခုဖြစ်တယ်။ ဒီအပြောင်းအလဲဟာ တကယ်တော့ စစ်အာဏာရှင်စနစ်ကို အနှစ်သာရရှိရှိ အစားထိုးပြောင်းလဲခြင်းမဟုတ်။ သဏ္ဍာန်အရ ရုပ်ပြောင်း၊ ရုပ်လွှဲလုပ်ထားခြင်းသာဖြစ်တယ်။ နိုင်ငံရေးအရ တိုးတက်တဲ့လက္ခဏာ ဘာတခုမျှ မတွေ့ရဘူး။ နိုင်ငံရေးအာဏာ လက်မလွှတ်ရရေး အ တွက် ရည်ရွယ်တဲ့ အပြောင်းအလဲအဖြစ်တွေ့မြင်နေရတယ်။ အဆိပ်မပြောင်း၊ အဆိပ်ခွက်ပြောင်းလဲထားတဲ့ ဖြစ်ထွန်းလာမှုတခုသာဖြစ်တယ်။

ဒုတိယ ဖြစ်ထွန်းလာမှုကတော့ အနှစ် ၂၀ ကျော်ကြာဖြစ်တည်ခဲ့တဲ့ အပစ်ရပ်နိုင်ငံရေးအခြေအနေ ကျိုးပေါက်ပျက်စီး လာနေတဲ့ အပြောင်းအလဲတခုဖြစ်တယ်။ ငြိမ်းချမ်းရေးလဲမရ သေနတ်သံလဲမထွက်တဲ့ နိုင်ငံရေး အခြေအနေမှ ပြောင်းလဲ ဖြစ်ထွန်းလာတာပါ။ အပစ်ရပ်နိုင်ငံရေးအခြေအနေ တိုးတက်လာတဲ့ လက္ခဏာမဟုတ်ပဲ ဆုတ်ယုတ်မှု (ပြည်တွင်းစစ် အ ရှိန်တိုးမြင့်လာရေး) ဘက်သို့ ပြန်လည်ဦးတည်လာတဲ့ ဖြစ်ထွန်းမှုဖြစ်တယ်။ မီးခဲပေါ်က ပြာများ စတင်လွင့်စင်လာနေတဲ့ ဖြစ်ထွန်းမှုဖြစ်တယ်။

အပစ်ရပ်နိုင်ငံရေးအဖွဲ့ အများစုဟာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများဖြစ်ခဲ့ကြတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းမှ ပေါ်ထွက်လာတဲ့ အင်အားစုများမဟုတ်။ ရှစ်လေးလုံး အရေးတော်ပုံကြီး နောက်ဆုတ် လိုက်ရပြီးတဲ့နောက် နဝတ – နအဖ စစ်အုပ်စုရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ပေါ်ပေါက်လာခဲ့တဲ့ အဖွဲ့အစည်းတွေဖြစ် တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီးတဲ့နောက်တော့ နအဖစစ်အုပ်စုဟာ ထိုအပစ်ရပ်နိုင်ငံရေးအနေအထားကို မလိုချင်တော့ဘူး။ နှစ်၂၀ ကျော်ဖြစ်တည်လာခဲ့တဲ့ အပစ်ရပ်နိုင်ငံရေးအခြေအနေဟာ အခုတော့ ပျက်စီးသွားပြီ သို့မ ဟုတ် ပျက်စီးလုနီးပါးဖြစ်နေပြီ။ ဒီလပိုင်း၊ ဒီရက်ပိုင်းအတွင်း ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးအခြေအနေတခုမှာ အပစ်ရပ်အ ဖွဲ့များထံက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုတဲ့ တောင်းဆိုသံတွေ ပိုမိုကျယ်လောင်လာနေတယ်။ အဲဒီ အသံတွေ နဲ့အတူသေနတ်သံများလဲ ဟိုတပြောက်၊ ဒီတပြောက် ပြန်လည်ကြားနေကြရပြီ။

တတိယ ဖြစ်ထွန်းလာမှုကတော့ ဒီမိုကရေစီရေး ရုန်းကန်လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခြင်းဖြစ်တယ်။ နအဖရဲ့ ရွေးကောက်ပွဲပြီးပြီးချင်း ချက်ခြင်းဆိုသလို လွတ်လာခဲ့တယ်။

ဒါနဲ့ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် မခံရခင်က နိုင်ငံရေးအခြေအနေကိုတော့ မေ့လို့မဖြစ်ပါ။ နအဖ စစ်အုပ်စုဟာ ဗိုလ်နေဝင်းစစ်အုပ်စုကို အပြတ်ရှင်းလိုက်ချိန်ကစပြီး အာဏာပိုင်စိုးမှုဟာ အထွဋ်အထိပ်ရောက်လာ တယ်။ တိုင်းပြည်ရဲ့ အကြွင်းမဲ့အာဏာ လက်မလွှတ်ရရေးအတွက် စစ်အုပ်စုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးစနစ်တခုရှိဖို့လို အပ်လာတယ်။ အဲဒီလိုအပ်ချက်အတွက် ကိုယ်တိုင်ရေး ဖွဲ့စည်းပုံနဲ့ ကိုယ့်ကိုကိုယ် အာဏာအပ်ဖို့လုပ်တဲ့ နိုင်ငံရေးလုပ် ငန်းစဉ်တခုအပူတပြင်းရှာလာရပြီ။ ဒီလုပ်ငန်းစဉ်ပေါ်ထွက်လာဖို့အတွက် ၉၀ ခုနှစ် ရွေးကောက်ပွဲကောက်ပွဲရလဒ်ကို ဖျက် သိမ်းရေး နှင့် NLD ချေမှုန်းရေးတို့ကို ဦးစားပေးအဆင့်မှာထားခဲ့တယ်။ ပွဲဦးထွက်ဖော်ပြချက်ကတော့ ဒေါ်အောင် ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်ခဲ့တာဖြစ်တယ်။ အဲဒီနောက်တော့ ဆက်တိုက်ပဲ နအဖရဲ လမ်းပြမြေပုံ (၇) ချက်ဆိုတာထွက်ပေါ်လာတာဖြစ်တယ်။ သေရွာပြန် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ်နဲ့ (၇) နှစ် ချုပ်နှောင်ထားလိုက်ပြန်တယ်။ ဒါကြောင့် အခုလွှတ်ပေးလိုက်တာနဲ့ ပတ်သက်လို့ နအဖ စစ်အုပ်စုကို ဘာမှကျေးဇူးတင်စရာ အကြောင်းမရှိဘူး။

ဒီကာလအတွင်းမှာ နအဖဟာ သူ့ရဲ့နိုင်ငံရေးလုပ်ငန်းစဉ်ကို ဇွတ်အတင်း အကောင်အထည်ဖော်ခဲ့တယ်။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာတော့ ရွေးကောက်ပွဲပြီးသွားပြီ။ ပါတီများ မှတ်ပုံတင်ခွင့် ဥပဒေထုတ်ပြန်ကာ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်နိုင်လိုက်ပြီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းလိုက်နိုင်ပြီဟု ယူဆကာ ဒေါ်အောင်ဆန်းကြည်ကို မရဲ တရဲနဲ့ စမ်းပြီးလွှတ်ပေးလိုက်ရတာပါ။ အခြားအကြောင်းတခုကလဲ နအဖရဲ့ ကလိမ်ကကျစ်ရွေးကောက်ပွဲရလဒ်ကို လူတကာ အာရုံမစိုက်နိုင်အောင်ဆိုပြီး တနပ်စားဥာဏ်နဲ့ လွှတ်ပေးတာမျိုးလဲဖြစ်နိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ခြင်းကို ဧရာမလူထုကြီးက စိတ်ရောကိုယ်ပါဖြင့် ကြိုဆိုနှုတ် ခွန်းဆက်သခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွတ်မြောက်ရေး စိတ်ဓါတ်တွေပါရှိတဲ့ သတင်းစကားတွေနဲ့ လူ ထုကို တုန့်ပြန်နှုတ်ခွန်းဆက်သခဲ့တယ်။ နိုင်ငံရေးသွေးပူလေ့ကျင့်ခန်းများ စတင်ပြုလုပ်ဖို့ လူထုကို လှုပ်နှိုးလိုက်သလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်က လူထုထံတင်ပြနေတဲ့ နိုင်ငံရေးသတင်းစကားတွေကို အထူးအလေးထားစရာဖြစ်လာတယ်။ အကြောင်းမှာ ဒီနိုင်ငံရေးသတင်းစကားတွေက ဒီကနေ့ ဖြစ်ပေါ်လာနေတဲ့ တိုင်းပြည်ရဲ့ တကယ့်နိုင်ငံရေးဘဝကို မီးမောင်းထိုးပြ ထားလို့ပဲ။ တိုင်းချစ်ပြည်ချစ် နိုင်ငံရေးပါတီတွေရဲ့ လက်တွေ့နိုင်ငံရေးလုပ်ငန်းစဉ်များအတွက် အခြေခံမူတွေကို ပုံကြမ်း ဖော်ပေးနေတာဖြစ်လို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးတဲ့နောက် တိုင်းပြည်သို့ပေးခဲ့တဲ့ နိုင်ငံရေး သတင်းစကားတွေထဲမှာ -

၁။ လူထုအသံတွေကိုနားထောင်ဖို့။

၂ ။ ဒီမိုကရေစီကွန်ရက် သို့မဟုတ် ပြည်သူ့ ကွန်ရက်တည်ဆောက်ဖို့

၃။ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက် ပြည်သူ့အင်အားတည်ဆောက်ဖို့

၎။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ဆောင်ကြဖို့

၅။ ၂၁ ရာစုနဲ့ ကိုက်ညီမဲ့ ပင်လုံညီလာခံ သို့မဟုတ် ဒုတိယ ပင်လုံညီလာတခု ဖန်တီးဖို့ … ဆိုတဲ့ အချက်တွေ ကတော့ ဖြင့် ထူးခြားပေါ်လွင်တဲ့ နိုင်ငံရေး သတင်းစကားများ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ နိုင်ငံရေးဖြစ်ထွန်းမှု ၃ ခုဟာ တပြိုင်တည်းလို ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာခဲ့တယ်။ ထူးခြားသလို တော့ဖြစ်တယ်။ ဒါပေမဲ့ တကယ်က ဗမာပြည် နိုင်ငံရေးဖြစ်ပေါ်တိုးပွားမှုဖြစ်စဉ်ထဲက ဖြေရှင်းလို့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးပြဿနာ ( အခြေခံဒီမိုကရေစီ အခွင့်အရေးရရှိရေး ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေးပြဿနာ၊ အမျိုးသားသွေးစည်းညီ ညွတ်ရေးပြဿနာ)များကို ပုံစံတမျိုးနဲ့ ထပ်မံဖော်ပြလာနေတာဖြစ်တယ်။ မတူတဲ့ အခြေအနေအောက်မှာ မတူတဲ့ပုံစံ များဖြင့် ပြန်လည်ဖြစ်ထွန်းလာနေကြခြင်းသာဖြစ်တယ်။ ပြဿနာတွေရဲ့ အဓိကလက္ခဏာကတော့ တိုးတက်ခြင်းမရှိ။ အပြောင်းအလဲနတ္ထိပဲ။ ဗျူရိုကရက် လက်ဝါးကြီးအုပ်ဓနရှင်လူတန်းစားနဲ့ လူမျိုးပေါင်းစုံပြည်သူတွေရဲ့ ပဋိပက္ခဟာ ဗမာပြည်နိုင်ငံရေးတွင် အဓိကပဋိပက္ခအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်တယ်။

၂၀၁၀ အလွန် နိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်ကို ထိန်းသိမ်းကာကွယ်မယ့်သူနဲ့ စစ်ကျွန်ဘဝက လွတ်မြောက်ရေးအ တွက် ရုန်းကန်တိုက်ပွဲဆင်ကြမယ့် လူမျိုးစုံပြည်သူတွေရဲ့ နိုင်ငံရေးတိုက်ပွဲဟာ အဆင့်တဆင့်သို့ လှမ်းတက်လာပါလိမ့် မယ်။ ၂၀၁၁ နှစ်ဦးပိုင်းက စတင်ပြီး အုပ်စိုးသူရော၊ အုပ်စိုးခံပြည်တွေရော ကိုယ့်နိုင်ငံရေး ရည်မှန်းချက်တွေအတွက် ပြင်ဆင်ရေး (နိုင်ငံရေး၊ အတွေးအခေါ်နှင့် စည်းရုံးဖွဲ့စည်းရေး) လုပ်ငန်းများ အသည်းအသန် လုပ်ဆောင်ကြတော့မယ်။

ဒီလို လုပ်ဆောင်ကြတဲ့အခါမှာ အုပ်စိုးသူကတော့ သူ့နိုင်ငံရေးလုပ်ငန်းများကို အာဏာအသုံးချပြီး လုပ်ကိုင်ဆောင်ရွက်ပါ လိမ့်မယ်။ ဒါကိုတော့ သံသယ ရှိစရာမလိုပါ။ အာဏာမဲ့ အုပ်စိုးခံပြည်သူတွေကတော့ မိမိတို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ စဉ်းစားဆင်ခြင်စရာတွေ အစီအရီပေါ်ထွက်လာနေပြီ။

မိမိတို့နိုင်ငံရေးပါတီတွေဟာ တည်ဆဲအစိုးရရဲ့ ဥပဒေဘောင်ထဲမှာ ရပ်တည်နေရတာလား။ ဒါမှမဟုတ် ဥပဒေဘောင် အပြင်ကနေ လှုပ်ရှားရုန်းကန်နေရတာလား ဦးစွာသိရှိဖို့လိုလာပြီ။ မိမိတို့ရဲ့ နိုင်ငံရေးလိုအပ်ချက်တွေကို ဖြည့်စွမ်းဖို့ ဥပဒေတွင်းတိုက်ပွဲပုံစံကို အသုံးပြုကြမှာလား ဒါမှမဟုတ် ဥပဒေပြင်ပတိုက်ပွဲပုံစံ (အကြမ်းမဖက်တဲ့ တော်လှန်ရေးနည်း၊ အကြမ်းဖက်တော်လှန်ရေးနည်း)ကို သို့မဟုတ် နှစ်မျိုးစလုံးကိုပေါင်းစပ်ပြီး ကျင့်သုံးကြမှာလားဆိုတဲ့ တိုက်ပွဲနည်းနာကိုလည်း ရွေးချယ်ကြရတော့မယ်။

ပြီးတော့မှသာ မိမိအင်အားတွေကို ပြင်ဆင်တာ၊ စုဖွဲ့တာ၊ တောင်းဆို၊ တိုက်ပွဲဝင်တာဆိုတဲ့ နိုင်ငံရေးတိုက်ပွဲဖြစ်စဉ်တရပ် ပေါ်ထွန်းလာပါလိမ့်မယ်။ ဒါပေမဲ့ သမိုင်းဆိုင်ရာ သတိပြုစရာ အချက်တချက်ရှိတယ်။ အဲဒါကတော့ ကိုယ့်လွတ်မြောက် ရေးအတွက် တိုက်ပွဲပုံစံများကို ကိုယ်တိုင်ရွေးချယ်ခွင့်မရပဲ အုပ်စိုးသူတွေရဲ့ ပြုမှုဆောင်ရွက်ချက်များအတိုင်း လိုက်ပါရွေးချယ်ကြရတာချည်းဖြစ်တယ် ဆိုတာပါပဲ။ ဒါကြောင့် တိုက်ပွဲပုံစံနဲ့ တိုက်ပွဲနည်းနာများ အရွေးမှန်မှ ကိုယ့်နိုင်ငံရေး ရည်မှန်းချက် အောင်မြင်မယ်။

၂၀၁၀ နှောင်းပိုင်းမှာ ဖြစ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးရေစီးကြောင်းရဲ့ ဦးတည်ချက်လားရာကိုတော့ မြင်တွေ့နေရပြီ။ ပုံစံအသစ်နဲ့ ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေးပဋိပက္ခများအပေါ် တည့်တည့်မတ်မတ် ဦးတည်လျက်ရှိနေတယ်။ ထိုနိုင်ငံရေး ပဋိပက္ခများကို ဖန်တီးပေးခဲ့တဲ့ အုပ်စိုးသူလူတန်းစားဖက်က အချိန်မှီဖြေရှင်းပေးခြင်းမပြုဘူး။ မသိကျိုးကျွန်ပြုနေမယ်ဆိုပါက… အုပ်စိုးခံလူထုတွေဖက်ကနေပြီး နိုင်ငံရေးတောင်းပွဲ၊ တိုက်ပွဲများဖြင့်သာ အခြေအနေအလှည့်အပြောင်း ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရလိမ့်မယ်။ ဆောင်ရွက်ကြရမယ်။ ဒါမှသာ တိုင်းပြည်ကို စစ်ကျွန်ဘဝက လွတ်မြောက်စေမှာဖြစ် တယ်။ တည်ငြိမ်အေးချမ်းတဲ့၊ စည်ပင်ဝပြောတဲ့ တိုင်းပြည်တပြည် ပေါ်လာထွန်းလာရေး ဆိုတဲ့ အိပ်မက်ကောင်းများ မက်လာနိုင်မှာဖြစ်ပါတယ်။ ။

x x x x x

နောင်ကြီး

(၂၇.၁၂.၁၀)

No comments:

Post a Comment