Wednesday, February 9, 2011

အမျိုးသားညီညွတ်ရေးကို လူထုစွမ်းအားဖြင့်သာ

ဗမာပြည်တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးဟာ စစ်အာဏာရှင်စနစ်အောက် ကျရောက်ခဲ့ရတာ ယခုအခါ နှစ် ၅၀ နီးပါးတိုင်ခဲ့ပါပြီ။ န၀တ-နအဖ စစ်အုပ်စုဟာ အကြမ်းဖက်ခြိမ်းခြောက်တဲ့ နည်းကတဖက်၊ လိမ်ညာမှိုင်းတိုက် ၀ါဒဖြန့်တဲ့နည်းက တဖက် တိုင်းပြည်ကို အုပ်ချုပ်လာခဲ့တာကိုက နှစ် ၂၀ ကျော်ခဲ့ပြီပဲ။ ဒီနှစ် ၂၀ ကျော်အတွင်းမှာ စစ်အာဏာရှင်အစိုးရဟာ အဖိနှိပ်ခံ တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးရဲ့ ဆန့်ကျင်တိုက်ခိုက်မှုနဲ့ နိုင်ငံတကာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုကို အမျိုးမျိုး ကြုံတွေ့ရင်ဆိုင်ခဲ့ရပါတယ်။

ဒီအခြေအနေအောက်မှာ စစ်အာဏာရှင်စနစ်ကို ရာသက်ပန် ထိန်းသိမ်းသွားနိုင်ရေးနဲ့ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ ၉၀ ခု ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းပစ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကို ရွေးဆွဲအတည်ပြုခဲ့တယ်။


အဲဒီနောက် ဖွဲ့စည်းအုပ်ချုပ်ပုံကို အသက်သွင်းရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ကျင်းပပြီးစီး သွားခဲ့ပါပြီ။ ရွေးကောက်ပွဲဟာ လိမ်ညာမှု၊ ခြိမ်းခြောက်မှု၊ မဲခိုးမှုတွေနဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲအဖြစ် ပြည်တွင်းသာမက ကမ္ဘာကျော် သွားခဲ့ရပါတယ်။ တတိုင်းပြည်လုံးက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ ရှေ့မှောက်မှာ န၀တ-နအဖ စစ်အုပ်စုရဲ့ ကောက်ကျစ်ယုတ်မာမှုတွေဟာ တဆင့်တိုး ပွင့်ကျသွားတော့တယ်။

စစ်အာဏာရှင်စနစ်ရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ကူးယဉ်ခဲ့သူ တချို့လည်း လက်တွေ့ကနေ သင်ခန်းစာ ရလိုက်ကြတယ်။

ဒီကာလအတွင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အချိန်စေ့လို့ ဖိအား အမျိုးမျိုး အောက်မှာ နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် လာမှုကို လူထုကြီးက တခဲနက်ကြိုဆို ထောက်ခံပြီး ကောင်းချီးထောမနာ ပြုခဲ့ကြတယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာဟာ ဗမာပြည်ဒီမိုကရေစီအရေးတော်ပုံ ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ ဒီမိုကရေစီတိုက်ပွဲ ရှေ့ဆက်ရေးအတွက် တွန်းအားတရပ်သာ ဖြစ်ပါလိမ့်မယ်။ ဒီနေ့ ဗမာပြည် တိုင်းရင်းသားပေါင်းစုံ လူငယ်ထုဟာလည်း စစ်အာဏာရှင်စနစ်ရဲ့ အနှစ် ၂၀ ကျော် ခါးသီးမှုကို လက်တွေ့ဘ၀အရ ခံစားသိမြင်လာကြပါပြီ။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နိုင်မှသာ သူတို့တတွေရဲ့ အနာဂတ်ဟာ ထွန်းပြောင်နိုင်မယ်ဆိုတဲ့ လမ်းမှန်ကို တွေ့မြင်လာနေပါပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလို့ ကြိုဆိုဂုဏ်ပြုတဲ့ လူထုကြီးအတွင်းမှာ အများစုဟာ လူငယ်တွေ၊ သွေးသစ်တွေဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြုကာ လူငယ်ထုဟာ စုစည်းလာပြီး ဒီမိုကရေစီရေးကို စိတ်ဝင်စား လာနေ တာကိုလည်း တွေ့နေရပါတယ်။ ဒါဟာ ကြိုဆိုရမယ့် ကိစ္စကောင်း ဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည် သမိုင်းအဆက်ဆက်မှာ လူငယ်ထုဟာ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ ရှေ့တန်းက ပါဝင်ခဲ့တာချည်းပါပဲ။ အခုလည်း ဗမာပြည် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်းမှ လူလားမြောက်လာတဲ့ လူငယ်ထု နိုးကြားလာခြင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို တံခါးခေါက်လိုက်ခြင်း ဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို ခေါင်းလောင်းထိုး သတိပေးလိုက်ခြင်းဖြစ်တယ်။

ဒါပေမဲ့ ဘယ်အုပ်စိုးသူလူတန်းစား၊ ဘယ်လိုအာဏာရှင်စနစ်မှ သူ့အလိုလို ပလ္လင်ပေါ်က ဆင်းသွားမှာ မဟုတ်ဘူး။ ဘုရင်ကို ပလ္လင်ပေါ်က ဆွဲချရဲတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မွေးမြူပြီး ရှေ့တိုက်ပွဲခရီးကို ဆက်ရပါလိမ့်ဦးမယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုကြီးနဲ့တွေ့ဆုံ မိန့်ခွန်းပြောရာမှာ “ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်နိုင်ဘူး။ ကိုယ်လိုချင်တာကို ရအောင်လုပ်ကြမှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်။ ပြည်သူတွေမပါဘဲ ဘာကိစ္စမှ မအောင်မြင်ဘူး။ ဘာမှ လုပ်လို့မရဘူး။ ဒီမိုကရေစီရေး ကြိုးပမ်းမှုဟာ ပြည်သူတွေဆီက ထောက်ခံမှု ဘယ်လောက်ရသလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။” “ ပြည်သူလူထုအနေဖြင့် လိုချင်တာကို အနာခံပြီး ရယူရန်၊ မိမိ အနေဖြင့် လိုချင်သည်ကို လက်ဖြန့်မတောင်းလိုကြောင်း၊ ပြည်သူလူထုကလည်း လက်ဖြန့်ခံမတောင်းဟု ယုံကြည်ကြောင်း” “ကျွန်မတို့ ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေတွေ ကျွန်မတို့ဘက်မှာ ရှိတယ်ဆိုတာ သိရတယ်။ ပြည်သူတွေယုံကြည်မှု၊ ပြည်သူရဲ့ တောက်ခံမှုကို ရယူသွားမယ်။ ပြည်သူရဲ့အင်အားကို စနစ်တကျ သုံးမှပဲ ထိရောက်မှာပါ” ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ အထက်ပါစကားတွေကို ပြောသွားခဲ့ပါတယ်။

မှန်ပါတယ်။ ဗမာပြည် ဒီမိုကရေစီအရေးဟာ တဦးတယောက်တည်းနဲ့ ဆောင်ရွက်လို့ ရတာမျိုး မဟုတ်ပါဘူး။ လူငယ်ထုအပါအ၀င် ပြည်သူတရပ်လုံးက မိမိတို့လိုချင်တဲ့ ဒီမိုကရေစီအခွင့်အရေးများကို ဥစ္စာရင်လို ဥစ္စာရင်ခဲ တိုက်ပွဲဝင်ရယူရမှာပါ။ လက်ဖြန့်ခံ တောင်းနေလို့မရပါဘူး။ ဒါကို အနှစ် ၂၀ ကျော်သမိုင်းက သက်သေပြခဲ့ပါပြီ။ ပြည်သူ့စွမ်းအားကို မှန်ကန်စွာ အသုံးချသွားခြင်းဖြင့်သာ မိမိတို့ရည်မှန်းချက် ပန်းတိုင်ကို တက်လှမ်းနိုင်ပါလိမ့်မယ်။

စနစ်ဟောင်းတခုကို စနစ်သစ်တခုနဲ့ အစားထိုးရေးဆိုတာ တော်လှန်ရေး တရပ်ပါပဲ။ တော်လှန်ရေးဆိုတာ ဘယ်တော်လှန် ရေးမဆို ဆုံးရှုံးထိခိုက်မှုတွေဆိုတာ ရှိစမြဲပါပဲ။ ဒီလိုဆိုလို့ ဆုံးရှုံးထိခိုက် နစ်နာမှု နည်းနိုင်သမျှ နည်းအောင်လုပ်ရေးကို ဆန့်ကျင်နေ တာမဟုတ်ပါဘူး။ ဆုံးရှုံးထိခိုက် နစ်နာမှုတွေ ရှိမှာစိုးပြီး အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ရေးအတွက် လူထုကြီးတရပ်လုံး ပါဝင်အုံကြွလာတဲ့ တော်လှန်ရေးနည်းနာတွေကို မှန်ကန်စွာ မကျင့်သုံးမှာကိုသာ စိုးရိမ်တာပါ။ လူထုစွမ်းအားတွေကို စနစ်တကျ ထိရောက်စွာ မကျင့်သုံးမှာကိုသာ စိုးရိမ်တာပါ။ လူထုနည်းနဲ့ လူထုစွမ်းအားနဲ့ တိုက်ပွဲဝင်ရေးနည်းနာတွေကို မုချကျင့်သုံးသွားရမှာပါ။ ပြည်သူလူထုရဲ့ စွမ်းအားကို ဘယ်အရာကမှ တားဆီးလို့ မရနိုင်ပါဘူး။

ပြည်သူ့စွမ်းအားများကို ထိရောက်အောင် မှန်ကန်စွာ အသုံးမချနိုင်ဘဲ လူတစုလောက်ကသာ ထွက် တိုက်နေရင်တော့ အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်နဲ့ ဘယ်တော့မှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူ လူထုကြီး တရပ်လုံးဟာ စစ်အာဏာရှင် စနစ်အောက်မှာ တတိတိညှဉ်း၊ တအိအိ အသတ်ခံမြဲ ခံနေရပြီး တိုင်းပြည်ဟာလည်း ကျဆုံးနိုင်ငံအဆင့်သို့ ကျဆင်းသွားဖို့သာ ရှိပါတော့တယ်။ ပြည်သူလူထုကြီးဟာ ဆင်းရဲတွင်းနက်သထက် နက်လာဖို့သာ ရှိပါတော့တယ်။ လူငယ်ထုနဲ့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်ဟာ ခေတ်နောက်ကျသထက် နောက်ကျကျန်ရစ်ပြီး အမျိုးသားဂုဏ်သိက္ခာ ကျဆင်းသထက် ကျဆင်းသွားဖို့သာ ရှိပါတော့တယ်။

အခုအခါ န၀တ-နအဖဟာ သူတို့ရဲ့ လမ်းပြမြေပုံအတိုင်း တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးက ကန့်ကွက် နေတဲ့အကြားကပဲ ၂၀၀၈ ဖွဲ့စည်းပုံ အကောင်အထည်ဖော်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲမှာ န၀တ-နအဖ ကျောထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ပါတီ အနိုင်ရသွားကြောင်းလည်း အာဏာရှင်များက အတည်ပြုသွားပြီးပါပြီ။ စစ်အုပ်စု ကျောထောက်နောက်ခံပြု ထားတဲ့ ဘောင်းဘီချွတ်အရပ်သား အတုအယောင် အစိုးရဟာလည်း မုချပေါ်ထွက်လာပါတော့မယ်။ ဒါဟာလည်း စစ်အာဏာရှင် မျက်နှာဖုံး ပွင့်ကျနေတဲ့၊ တရားမ၀င်တဲ့ စစ်အစိုးရက ရွေးကောက်ပွဲဆိုတဲ့ ဒီမိုကရေစီမျက်နှာဖုံး စွပ်ကာ ကမ္ဘာ့ပြည်သူများနဲ့ ဗမာပြည်တိုင်းရင်းသားပြည်သူများကို မျက်လှည့်ပြဖို့ ကြိုးစားချက်သာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲလက်တွေ့ကနေ ပြည်သူလူထုကြီးတရပ်လုံးကတော့ ဒီမိုကရေစီစနစ်ရဲ့ အတားအဆီးဟာ စစ်အာဏာရှင်စနစ် ဖြစ်နေကြောင်း ပိုမိုမျက်ဝါးထင်ထင် တွေ့လိုက်ရပါပြီ။ ဒါကြောင့် ဒီနေ့ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီအင်အားစုတွေအကြား တိုက်နေတဲ့ တိုက်ပွဲ ဘက်(၂)ဘက်မှာ လူငယ်ထု အပါအ၀င် တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထုကြီးဟာ ဘယ်ဘက်မှာ ရပ်တည်ရမလဲဆိုတာ ပိုမိုရှင်းလင်း သထက် ရှင်းလင်းလာနေပါပြီ။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နိုင်ငံရေးနိုးကြားမှုဟာ မြင့်သထက် မြင့်တက် လာနေပါပြီ။

ဒီလို နိုင်ငံရေးအခြေအနေအောက်မှာ ဒီမိုကရေစီအင်အားစုအားလုံးဟာ ၉၀ ခုရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက တခဲနက်ထောက်ခံ၊ အာဏာအပ်နှင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ဒီချုပ်ကို ၀န်းရံပြီး မိမိတို့ရဲ့ ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီပန်းတိုင် ချီတက်ရေးအတွက် စုစည်းညီညွတ် သွားကြရပါလိမ့်မယ်။ အဲဒီလို ပေါ်ထွက်လာတဲ့ အမျိုးသားညီညွတ်ရေး ဒီမိုကရေစီ အင်အားစုကြီး တရပ်ကနေ လူငယ်ထုအပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးကို စည်းရုံးစုစည်းပြီး ပြည်သူလူထုစွမ်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ တိုက်ဖျက်ရေး၊ အာဏာရှင်စနစ်ကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးရေး တိုက်ပွဲလမ်းကြောင်းကို တဆင့်ပြီးတဆင့် တက်လှမ်းသွား ရပါလိမ့်မယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုအားလုံးပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အင်အားစုကြီး တရပ်ပေါ်ထွန်းလာရေးကို အစွမ်းကုန် လုံးပန်အားထုတ်သွားကြပါစို့။

x x x x x

ကျော်ဆွေ
၂၀၁၀ ဒီဇင်ဘာ ၁၅။

No comments:

Post a Comment