Wednesday, February 9, 2011

၂၀၀၈၊ ပြည်တွင်းစစ်နှင့် ၂၀၁၀

ဘယ်ခေတ်ဘယ်အခါကနဲ့မှ မတူအောင် တိုင်းပြည်တ၀ှမ်း ငြိမ်းချမ်းနေပါပြီ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရနေပါပြီ စသဖြင့် ပြည်တွင်းရော ပြည်ပမှာပါ နအဖစစ်အစိုးရက ပြောနေသည်ကို နားငြီးလောက်အောင် ကြားနေရသည်။ ထိုသို့ ပြောနေသော နအဖ၏ ရွေးကောက်ပွဲကော်မရှင်သည် စက်တင်ဘာလ (၁၆) ရက်နေ့တွင် ကြေညာချက် အမှတ် (၉၉/၂၀၁၀) မှနေ၍ (၁၀၃/၂၀၁၀) အထိ ကြေညာချက်ပေါင်း ၅ ခုကို ဆက်တိုက်ထုတ်ပြန်ကြေညာခဲ့သည်။

ကြေညာချက်များအရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများကို လုံးဝ ပယ်ဖျက်လိုက်ပြီး ၈ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၉ အုပ်စုတွင်လည်း ရွေးကောက်ပွဲကျင်းပရန်ကို ဖျက်သိမ်းခဲ့သည်။ ကချင်ပြည်နယ် ၉ မြို့နယ်ရှိ ကျေးရွာအုပ်စုပေါင်း ၆၈ အုပ်စု၊ ကရင်ပြည်နယ် ၇ မြို့နယ်ရှိ ကျေးရွာအုပ်စု ၁၅၅ အုပ်စု၊ ကယားပြည်နယ် မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာအုပ်စု ၉ အုပ်စု၊ မွန်ပြည်နယ် မြို့နယ် ၂ မြို့နယ်ရှိ ကျေးရွာအုပ်စု ၉ အုပ်စုတို့တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲများကို ကော်မရှင်က ဖျက်သိမ်းလိုက်သည်။


ထိုကြေညာချက်များတွင် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည် မဟုတ်ကြောင်း” ဟု ဖေါ်ပြထားသည်။ အမှန်စင်စစ် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပရန် အခြေအနေ” မှာ မြန်မာနိုင်ငံတ၀ှမ်းလုံးတွင် မရှိပါ။ ရွေးကောက်ပွဲကော်မရှင်ကိုယ်တိုင်ပင်လျှင် နအဖစစ်အစိုးရ၏ ရုပ်သေးရုပ်မျှသာ ဖြစ်သဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ” ဖြစ်ပေါ်ရန် အကြောင်းအချက်တခုမှ မရှိပါ။

ကော်မရှင်၏ ကြေညာချက်တွင် ပါဝင်သော ဒေသများမှာ နအဖ စစ်အစိုးရက လုံခြုံရေးအရ တာဝန်မယူနိုင်သော၊ တနည်းအားဖြင့်ဆိုသော် နအဖစစ်အစိုးရ၏ ဩဇာမသက်ရောက်သော ဒေသများ ဖြစ်နေသောကြောင့် ယခုကဲ့သို့ ရွေးကောက်ပွဲကို ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

ကော်မရှင် ထုတ်ပြန်လိုက်သည့် ကြေညာချက် ၅ ခု၌ ပါရှိသော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်သည့် ဒေသများမှာ ပြည်နယ် ၅ ခုရှိ မြို့နယ်ပေါင်း ၃၂ မြို့နယ်နှင့် ကျေးရွာအုပ်စုပေါင်း ၃၀၀ ရှိသည်။ နိုင်ငံတ၀ှမ်းလုံးတွင် မြို့နယ်ပေါင်း သုံးရာကျော်ရှိရာ တနိုင်ငံလုံး၏ ၁၀ ရာခိုင်နှုန်းနီးပါးကို နအဖစစ်အစိုးရ၏ ဩဇာအာဏာ မသက်ရောက်ကြောင်း ယခု ကြေညာချက်က ၀န်ခံရာရောက်နေသည်။

၁၉၈၉ ခုနှစ်တွင် ထိုစဉ်က န၀တ၏ အဓိက ရန်သူကြီးဖြစ်သော ဗကပအဖွဲ့အတွင်းမှ ကိုးကန့်၊ ၀၊ ကချင် စသည့် တိုင်းရင်းသားများက ခွဲထွက်သွားခဲ့သည်။ ထိုခွဲထွက်မှုက ၈၈ လူထု အရေးတော်ပုံကြီးကြောင့် ဘေးကြပ်နံကြပ် အခက်တွေ့နေစဉ် နှစ်ပေါင်း ၅၀ နီးပါး တိုက်လာရသော ဗကပအား အကြီးမားဆုံး အရေးနိမ့်စေမည့် အခွင့်အလမ်းကို စစ်အစိုးရက မမျှော်လင့်ဘဲ ရရှိသွားစေသည်။ (၁၂-၂-၈၉) ရက်နေ့တွင် ကိုးကန့်အဖွဲ့နှင့် အပစ်အခတ် ရပ်စဲနိုင်ခဲ့သည်။ ၀၊ မိုင်းလား စသည်ဖြင့် ဆက်တိုက် ဆက်တိုက် အပစ်အခတ်ရပ်စဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်။
ထိုသို့ အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တပ်တည်ရှိခွင့်၊ နယ်မြေတည်ရှိခွင့်၊ အဖွဲ့အစည်းတည်ရှိခွင့်များကို ပေးအပ်ခဲ့သည်။ သို့သော် တည်ရှိနေသော နိုင်ငံရေးပြဿနာများကိုမူ ဖြေရှင်းခြင်းမရှိဘဲ နောင်တက်လာမည့် အစိုးရနှင့်သာ ဆွေးနွေးပါဟု အဖြေပေး၍ ရှောင်လွှဲခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက တည်ရှိနေသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် တောင်းဆိုလာလည့်အချိန်တိုင်းတွင် “နောင်တက်လာမည့် အစိုးရအဖွဲ့နှင့်သာ ဆွေးနွေးပါ။ မိမိတို့သည် တပ်မတော်အစိုးရဖြစ်သဖြင့် နိုင်ငံရေးကိစ္စများကို မဆွေးနွေးနိုင်” ဟုသာ အဖြေပေးခဲ့သည်။ တဘက်တွင်လည်း နိုင်ငံအတွင်းမှာရော၊ နိုင်ငံတကာ မျက်နှာစာမှာပါ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး ရရှိနေပါပြီဟု တွင်တွင်ကြီး ၀ါဒဖြန့်နေလေသည်။

“ငြိမ်းချမ်း၍ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီး” ကို သွားရန်အတွက် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြဌာန်းထားခဲ့သော နအဖစစ်အစိုးရသည် လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲတခုကို ကျင်းပတော့မည် ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် နအဖစစ်အစိုးရ ပြောနေသော နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်ပါမည်လော။
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းလိုခြင်း မရှိသည့် နအဖသည် ၎င်း၏ ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ “အခန်း (၇)၊ ပုဒ်မ (၃၃၈) တွင် နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်” ဟု ပြဌာန်းထားသည်။

ထို့ပြဌာန်းချက်ကြောင့် ၂၀၀၉ ခု ဧပြီလမှစ၍ အပစ်ရပ် အဖွဲ့များကို ၎င်းတို့၏ လက်အောက်တွင် နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်အသွင် ပြောင်းရန် ဖိအားပေးနေခဲ့သည်။ ဖိအားဒဏ်မခံနိုင်သော အဖွဲ့ငယ်တချို့နှင့် ခွဲထွက်အဖွဲ့များသည် နအဖအလိုကျ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲသွားသော်လည်း အင်အားကြီးပြီး နိုင်ငံရေးအစဉ်အလာ ကြီးမားသော အဖွဲ့များဖြစ်သည့် (UWSA)၊ (KIO)၊ မွန်ပြည်သစ်ပါတီကဲ့သို့သော အဖွဲ့များက ငြင်းဆန်နေသည်။

နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆန်နေသော မိုင်းလားအဖွဲ့ခေါ် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးမင်းအိမ်ကို ဇန်န၀ါရီလ (၂၇) ရက်၊ မနက်ပိုင်းတွင် အမည်မသိ သေနတ်သမားများက အေကေ ၄၇ ဖြင့် ၀င်ရောက်ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်။ ယခုအချိန်အထိ လက်သည်တရားခံကို ရှာဖွေမတွေ့နိုင်သေး။

နအဖစစ်အစိုးရက ၎င်းတို့၏ ရည်ရွယ်ချက်အတိုင်း ဖြစ်မြောက်စေရန် အပစ်ရပ်အဖွဲ့များကို နည်းမျိုးစုံသုံး၍ ဖိအားပေးနေခဲ့သည်။ ကိုးကန့်ကဲ့သို့ အဖွဲ့ထဲတွင် နည်းမျိုးစုံဖြင့် သွေးခွဲသည့်နည်း၊ စီးပွါးရေးအခွင့်အလမ်းများ ပေးသည့်နည်များအပါအ၀င် နည်းသဏ္ဌာန်ပေါင်းစုံဖြင့် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ပျက်သုဉ်းသွားစေရန် လုပ်ဆောင်နေသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးချိန်ကတည်းက ဖြစ်ပွါးနေသော ပြည်တွင်းစစ်သည် နိုင်ငံရေးပြဿနာများကို အုပ်စိုးသူအဆက်ဆက်က နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ စစ်ရေးနည်းဖြင့်သာ ဖြေရှင်းခဲ့သည့်အတွက် ယခုကဲ့သို့ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းမှ စတင်လုပ်ဆောင်လာသည့် နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ် ပြောင်းလဲရေးအစီအစဉ်မှာ ယခုအထိ ရည်ရွယ်ချက်အတိုင်း ပေါက်မြောက်အောင်မြင်ရန် မဆောင်ရွက်နိုင်သေးပါ။ အပစ်ရပ်အဖွဲ့များနှင့် နအဖတို့အကြား တင်းမာမှုမှာ တိုးမြင့်လာနေသည်။ အပစ်ရပ်အဖွဲ့များအား ထိန်းချုပ်ကန့်သတ်မှုများ ပိုမိုလုပ်ဆောင်လာနေသည်။
နအဖစစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများ၏ အခွင့်အရေးကို အာမခံမှုမရှိချေ။ ထို့အပြင် ဖွဲ့စည်းပုံ၏ ပုဒ်မ (၃၃၈) အရ အပစ်ရပ်အဖွဲ့များ၏ တပ်တည်ရှိခွင့်ကို တဘက်သတ် ငြင်းဆိုနေသောကြောင့် ပြဿနာများ ပိုမိုကြီးမားလာခဲ့သည်။

ပြဿနာများကို အကြမ်းဖက်ဖြေရှင်းလျှင် ပြည်တွင်းစစ်မီးသည် တဖန် ပြန်လည်အားကောင်းလာမည်သာ ဖြစ်သည်။ နအဖစစ်အစိုးရအနေဖြင့် ဆွေးနွေးဖြေရှင်းသည့် နည်းလမ်းကို အသုံးမပြုဘဲ ယခုကဲ့သို့သာ ဖိအားပေး၊ ခြိမ်းခြာက်၊ အကြပ်ကိုင်၊ သတ်ဖြတ် စသည့် နည်းလမ်းများကိုသာ ဆက်လက် အသုံးပြုနေလျှင် နှစ် ၂၀ ကျော်ကြာ အရှိန်လျော့ကျခဲ့သည့် ပြည်တွင်းစစ်မီးသည် ရွေးကောက်ပွဲနောက်ပိုင်း၌ ထပ်မံမြင့်တက်လာမည်မှာ သေချာနေသည်။

x x x x x

မောင်ယွန်း

No comments:

Post a Comment