Sunday, July 29, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း- ၈)

အခန်း (၁၀) 
နိုင်ငံရေး ပါတီများ

"မတရားသင်းဥပဒေမှာ တိုင်းပြည်မလွတ်မြောက်မီက ၁၉၀၆ ခုနှစ်က ကိုလိုနီ နယ်ချဲ့အင်္ဂလိပ်ကပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုံးဝ ဟပ်စပ်သည့် အရာမဟုတ်ပါ။ ကိုယ့်နိုင်ငံအနေဖြင့် ကိုယ့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က မတရားအသင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်ရပါမည်။ ၁၉၀၆ ခုနှစ် ကိုလိုနီဥပဒေကို လုံးဝ (လုံးဝ) ပယ်ဖျက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ..."

နိုင်ငံရေး ပါတီတရပ်ရပ်သည် ယခင်က ပါတီအဖြစ်မှ ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိလျှင်သော်လည်းကောင်း၊ မတရားသင်းအဖြစ် ကြေညာခြင်းခံခဲ့ရလျှင်သော်လည်းကောင်း တည်ဆဲဥပဒေများအရ မဆန့်ကျင်လျှင် ပါတီရပ် တည်ပိုင်ခွင့်ကို အခြေအနေ အချိန်အခါအလျှောက် ခွင့်ပြုသင့်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၆(က) တွင် “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးကို အစဉ်တစိုက် ဦးတည်သည်။” ဟု ပြဋ္ဌာန်းချက်အတိုင်း အကောင်အထည်ဖော် ရပါမည်။ ပြည်တွင်း စစ်ရပ်စဲရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် တိုင်းပြည်အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်ရေးတို့သည် တဆက်တည်း တောက်လျောက် တန်းတန်းမတ်မတ် လုပ်ဆောင်ရမည့် လုပ်ငန်းများဖြစ်သည်နှင့်အညီ နိုင်ငံရေးပါတီ အားလုံးကို ပါတီစုံ ပါဝင်လာနိုင်ရေးအတွက် လမ်းဖွင့်ပေးရပါမည်။


ပုဒ်မ ၄၀၇ (က) (ခ) တွင် “နိုင်ငံရေးပါတီ တရပ်ရပ်သည် အောက်ပါအကြောင်း တစ်ခုခုနှင့် ငြိစွန်းလျှင် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရ - (က) တည်ဆဲဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံရခြင်း (ခ) နိုင်ငံတော်အား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်နေသော သောင်းကျန်းသူ အဖွဲ့အစည်း သို့မဟုတ် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ သို့မဟုတ် မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း” ဟု ပြဋ္ဌာန်းထားပါသည်။

ဤအချက်မှာ သဘာဝကျသည်ဟု ယူဆပါသည်။ သို့သော် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များအောက်တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်လိုက်ခြင်းအားဖြင့် ငြိစွန်းနေသည်ဆိုသောကိစ္စရပ်များမှာ ပြေလည်ရှင်းလင်းသွားနိုင်သည်ဟု ယူဆပါသည်။ ဤအချက် ကို လေးနက်သွားစေရန် အောက်ပါ သတင်းကောက်နှုတ်ချက်ကို လေ့လာကြည့်နိုင်ပါသည်။

အရေးပေါ်စီမံမှုဥပဒေ နှင့် မတရားအသင်းဥပဒေများပြင်ဆင်ရန် လွှတ်တော်အတည်ပြု
နေပြည်တော်၊ ဇူလိုင် ၁၇ 

အရေးပေါ်စီမံ မှုဥပဒေအား တလွဲအသုံးပြု၍ အတိုက်အခံနိုင်ငံရေး သမားများအား အကြောင်းအမျိုးမျိုးရှာ၍ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း၊ ခေတ်ကာလ အခြေအနေနှင့် လိုက်လျောညီထွေမှုမရှိခြင်း၊ မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူများတွင် အများစုမှာ စစ်ဘေးသင့်ဒေသများတွင်နေထိုင်ကြသော တောသူ တောင်သားများဖြစ်နေခြင်းတို့ကြောင့် ယင်းဥပဒေရုပ်သိမ်းရန် လိုအပ်လျက်ရှိကြောင်း ဦးသိန်းညွန့်က အဆိုတင်သွင်း ဆွေးနွေးခဲ့သည်။

အရေးပေါ်စီမံ မှုဥပဒေကို ၅ – ည လို့ လူသိများပါတယ်။ မတရားအသင်း ဥပဒေက ၁၇/၁ ၊ ၁၇/၂ ပါ။ မတရားအသင်း ကြေညာခံရတဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေတောင် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေကြပါပြီ ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။

(The Voice Weekly / Monday / July 23 – 29 2012 / page No. 22) 

မတရားသင်းဥပဒေမှာ တိုင်းပြည်မလွတ်မြောက်မီက ၁၉၀၆ ခုနှစ်က ကိုလိုနီ နယ်ချဲ့အင်္ဂလိပ်ကပြဋ္ဌာန်းခဲ့သည့် ဥပဒေ ဖြစ်ပါသည်။ လွတ်လပ်သည့် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုံးဝ ဟပ်စပ်သည့် အရာမဟုတ်ပါ။ ကိုယ့်နိုင်ငံအနေဖြင့် ကိုယ့်ဥပဒေကို ပြည်ထောင်စုလွှတ်တော်က မတရားအသင်းဆိုင်ရာဥပဒေကို ပြဋ္ဌာန်းနိုင်ရပါမည်။ ၁၉၀၆ ခုနှစ် ကိုလိုနီ ဥပဒေကို လုံးဝ (လုံးဝ) ပယ်ဖျက်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းပြည် ငြိမ်းချမ်းသာယာသည့် အနေအထားရောက်ရှိရန် သွားရာလမ်းတွင် ခလုတ်ကန်သင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ တရားသည့် အသင်းအဖွဲ့အစည်းများ ဖြစ်တည်လာနိုင်ရန် ကြိုးပမ်းနေသောကြောင့်လည်း ဖြစ်ပါသည်။

တချိန်က မတရားအသင်းကြေညာခြင်းခံခဲ့ရသော ယခုငြိမ်းချမ်းရေး အဖွဲ့အစည်းအားလုံးနှင့် ပါတီအဖွဲ့အစည်းအားလုံးကို မတရားအသင်းကြေညာခြင်းမှ တရားဝင်ပယ်ဖျက်နိုင်ပါမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး အောင်မြင်နိုင်ပါမည်။

သို့အတွက် ဦးစွာ ပထမပုဒ်မ ၂၀၄ (ခ) တွင် “နိုင်ငံတော် သမ္မတသည်- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။” ဟု ပြဋ္ဌာန်းချက်အရ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးတွင် တက်ရောက်ကြမည့် လွှတ်တော်ကိုယ်စားလှယ် အသီးသီးကလည်း မဖြစ်မနေ တောင်းဆိုဆန္ဒပြုကြရန် အထူး လိုအပ်ပါသည်။

ပုဒ်မ ၄၀၉ တွင် “ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့် လိုအပ်သော ဥပဒေများကို ပြဋ္ဌာန်းရမည်။” ဟုပြဋ္ဌာန်းချက်အရ “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” တရပ် တည်ရှိပါသည်။ ထိုဥပဒေ၏ အားနည်းချက် အားသာချက်များကို စနစ်တကျလေ့လာပြီး ပြည်ထောင်စုလွှတ်တော်အတွင်း ပြင်ဆင်ဖြည့်စွက် အသစ်ပြန်လည်ပြဋ္ဌာန်းရန် လိုအပ်ပါသည်။ ပုဂ္ဂိုလ်တဦးချင်းစီ၏ ဂုဏ်သိက္ခာရှိရှိ တိုင်းပြည်တာဝန်ကို ထမ်းရွက်နိုင်ရန် အရေးကြီးသကဲ့သို့ နိုင်ငံရေးပါတီတရပ်အနေဖြင့်လည်း နိုင်ငံ၏ အမျိုးသားရေးတာဝန်ကို ဦးဆောင်ဦးရွက်ပြုနိုင်ရန်မှာ အရေးကြီးသည့်အတွက် ပါတီတိုင်း၏ လွတ်လွတ်လပ်လပ် ရပ်တည်လှုပ်ရှားပိုင်ခွင့်ကို အာမခံပေးနိုင်ရပါမည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၄ (က)တွင် “ပါတီတည်ထောင်လိုသူများသည် အောက်ပါအချက်များနှင့် ကိုက်ညီရမည် – (က) နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း ” ဟုဖော်ပြထားချက်တွင် ပါတီ တည်ထောင်လိုသူများသည် နိုင်ငံသားသာလျှင်ဖြစ်သင့်ပါသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂ (င) တွင် “ပါတီဆိုသည်မှာ ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဖြစ်စေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာဖြစ်စေ စည်းရုံးဆောင်ရွက်သည့် နိုင်ငံရေးပါတီကို ဆိုလိုသည်။ ယင်းစကားရပ်တွင် ပါတီ၏ ပါတီအဖွဲ့ခွဲ အဆင့်ဆင့်လည်း ပါဝင်သည်။” ဟု ဖော်ပြထားပါသည်။ ပါတီအားလုံးကို ၎င်းတို့၏ဆန္ဒနှင့်အညီ တနိုင်ငံလုံးတွင် ကြိုက်ရာဒေသတွင် စည်းရုံးဆောင်ရွက်ခွင့် ပေးသင့်ပါသည်။ ကော်မရှင်က သတ်မှတ်ပေးခြင်းမျိုး မဖြစ်သင့်ပါ။ ပါတီစုံ စနစ်ကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၌ National Party သတ်မှတ်ရာတွင် တနိုင်ငံလုံးရရှိသော လူထုမဲဆန္ဒ ရာခိုင်နှုန်း၊ အစိုးရဖွဲ့စည်းနိုင်သည့် ပြည်နယ် အရေအတွက်၊ လွှတ်တော်တွင် ရရှိထားသော အမတ်ဦးရေ စသည်တို့အပေါ်တွင် အခြေခံသတ် မှတ်ခြင်းဖြစ်ပါသည်။

ပါတီတိုင်း ၎င်းတို့ဆန္ဒအရ ဒေသဆိုင်ရာ နိုင်ငံရေး လုပ်ချင်လုပ်မည်။ တနိုင်ငံလုံးတွင် (National Party) အဖြစ် လှုပ်ရှားဆောင်ရွက်ခြင်း လုပ်ချင်လုပ်မည်။ ၎င်းကိစ္စမှာ သက်ဆိုင်ရာ ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များ၏ သဘောသာဖြစ် သင့်ပါသည်။ လုပ်နိုင်လျှင် တဖြည်းဖြည်း တနိုင်ငံလုံး ကိုယ်စားပြုနိုင်သည့်ပါတီ၊ အာဏာရပါတီ ဖြစ်လာမည်သာဖြစ်သည်။ ဤကဲ့သို့ ပါတီများ၏ လွတ်လပ်ခွင့်ကို အာမခံပေးသင့်ပါသည်။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၈ တွင် “ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန်လိုအပ်လျှင် ကော်မရှင်က စစ်ဆေးနိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့ စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ် ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီ ရယူနိုင်သည်။” ဟု ဖော်ပြထားချက်မှာ ကော်မရှင်သည် ပါတီလွတ်လပ်မှုကို ဝင်ရောက်စွက်ဖက်ရာ ရောက်ပါသည်။ အစိုးရဖွဲ့နိုင်သည့် ပါတီတရပ်က တခြားပါတီများကို စာရင်းစစ်ဆေးခွင့်ပေးခြင်းမှာ တရားမျှတမှု၊ လွတ်လပ်မှုတို့ကို မျက်ကွယ်ပြုရာရောက်စေပါသည်။

ပါတီ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၀ တွင် “ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍- (က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ (ခ) မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့် မရှိစေရ” ဟု ဖော်ပြချက်မှာ မည်သို့သော ကုစားခွင့်၊ သက်သာခွင့်ကိုမျှ မည်သည့်နည်းနှင့်မျှ ရယူခြင်း မပြုနိုင်တော့ပါ။ အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံခွင့်ဆိုသည့် အခွင့်အရေးကို ဤပြဋ္ဌာန်းချက်ဖြင့် ရုပ်သိမ်းလိုက်ခြင်း ဖြစ်နေပါသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ အကျိုးသက်ရောက်မှု ပုဒ်မ ၃၂၃ နှင့် ပုဒ်မ ၃၂၄ တို့ကို မျက်ကွယ်ပြု ဆန့်ကျင်ရာရောက်နေပါသဖြင့် ဤပုဒ်မကို ပယ်ဖျက်သင့်ပါသည်။ ပုံမှန် တရားစီရင်ရေးစနစ် (Judicial System) နှင့် တသီးတခြား ကင်းကွားသွားရန် ပြဋ္ဌာန်းထားချက်မျိုးကို မပြဋ္ဌာန်းသင့်ပါ။

သို့ဖြစ်ပါ၍ နိုင်ငံရေး ပါတီများ၏ ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်ခွင့်ကို အခိုင်အမာ အာမခံနိုင်မည့် နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေ အသစ်တရပ်ကို ပြဋ္ဌာန်းနိုင်မှသာလျှင် အခြေခံမူ ပုဒ်မ ၆(ဃ) ပါ ပါတီစုံ ဒီမိုကရေစီစနစ် အခိုင်အမာ ထွန်းကားလာနိုင်ရန် တောင်းဆိုအပ်ပါသည်။

ဦးမျိုး (ဥပဒေ) 
၂၂ – ၇ – ၂၀၁၂


No comments:

Post a Comment