“စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့ လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတွေအတွက် ပြည်သူလူထု ပိုင်မြေယာတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ အိုးအိမ်တွေကို သိမ်းပိုက်ယူငင်တာ၊ မောင်းထုတ်ပြီး နယ်မြေပိုင်နက် ချဲ့ထွင် လုပ်ငန်းထူထောင်တာတွေ လုပ်လာတာက …”
ဗိုလ်နေဝင်းရဲ့ မဆလ တပါတီ အာဏာရှင်စနစ်အောက်မှာ ကျနော်တို့မြန်မာနိုင်ငံရဲ့ ပထမဆုံး အလုပ်သမား အခွင့်အရေး တိုက်ပွဲလို့ခေါ်ရမယ့် အလုပ်သမား အုံကြွလှုပ်ရှားမှုကြီးဖြစ်ပွားခဲ့တာ ခု ဇွန်လ ၆ ရက်နေ့မှာဆိုရင် ၃၈ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။
အလုပ်သမား လယ်သမားခေတ်ရောက်ပြီလို့ ကြွေးကြော်ခဲ့တဲ့ အာဏာရှင် ဗိုလ်နေဝင်းက ဆင်းရဲမွန်းကြပ်မှုတွေထဲ နစ်မွန်းနေပြီး ရသင့်ရသင့်ထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေမရလို့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတဲ့ အလုပ်သမားတွေကို ရက်ရက်စက်စက် အကြမ်းဖက်နှိမ်နှင်းခဲ့လို့ ရာနဲ့ချီတဲ့ အလုပ်သမားတွေ သေဆုံး ဒဏ်ရာရ၊ ရာနဲ့ချီတဲ့ တိုက်ပွဲဝင်အလုပ်သမားတွေ အကျဉ်းချခံခဲ့ ဘဝပျက်ခဲ့ကြရပါတယ်။
ကျနော်တို့ ဒီကနေ့အထိ မမေ့နိုင်ကြသေးပါဘူး။
၂၀၁၀ ခုနှစ် ဥရောပ နိုင်ငံတော်ကြွေးမြီကပ်ဆိုက်မှုမတိုင်ခင် များပြားတဲ့အခြေအနေတွေထဲမှာ ခြိုးခြံချွေတာရေး အစီအစဉ်ကို နိုင်ငံအတော်များများက ချမှတ်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေဟာ အများအားဖြင့် အရင်က အာဏာရှင် အစိုးရတွေ( ဥပမာ ပေါ်တူဂီ၊ ဂရိ၊ စပိန်) အုပ်စိုးခဲ့တဲ့နိုင်ငံတွေ ဖြစ်ကြပါတယ်။ နိုင်ငံရေးအတွေးအခေါ်ရှိသူ၊ သိမီသူတွေကတော့ နိုင်ငံသားတွေက သူတို့ကို ဖိနှိပ်ခဲ့ကြတဲ့ အစိုးရတွေတင်ရှိနေတဲ့ အကြွေးတွေကို ဆပ်ပေးကြရတဲ့အဖြစ်လို့ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
နဂိုကတည်းကမှ ဆင်းရဲချမ်းသာ ကွာဟပြီး အလုပ်နဲ့ညီညွတ်တဲ့ ဝင်ငွေမရ၊ ဝင်ငွေထွက်ငွေ မမျှတမှု၊ အခွင့်အရေး တန်းတူညီတူမရရှိမှုတွေကို ခံစားနေရတဲ့အလုပ်သမားတွေ၊ ဝန်ထမ်းတွေဟာ သူတို့နိုင်ငံအစိုးရတွေက နိုင်ငံကြွေးမြီ လျှော့ချရေးအတွက် ခုချိန်မှာ ရေးဆွဲချမှတ်လာတဲ့ ခြိုးခြံချွေတာရေးအစီအစဉ်တွေကို ဘယ်လိုမှ လက်မခံနိုင်ကြပါဘူး။ အဲဒီလို ကြွေးမြီတွေတင်နေခဲ့တာဟာ သူတို့တွေကြောင့် မဟုတ်သလို၊ သူတို့မှာ ဘာအကျိုးကျေးဇူးမှ မခံစားခဲ့ကြရပါဘူး။ အဲဒီအတွက် သူတို့မှာ တာဝန်မရှိဘူးလို့ ခံစားခဲ့ကြပါတယ်။ ဒါကြောင့်လည်း အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို အလုပ်သမားတွေ၊ ဝန်ထမ်းတွေက လက်မခံနိုင်ကြဘဲ လမ်းပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှာ နယူးယောက်မြို့ရဲ့ ဘဏ္ဍာရေးအချက်အချာ ဝေါလမ်းမကြီးမှာရှိတဲ့ Zuccotti ပန်းခြံမှာ ရာပေါင်းများစွာရှိတဲ့ အလုပ်သမားတွေ၊ ဝန်ထမ်းတွေက အရင်းရှင်ကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေရဲ့ ငွေကြေးလောဘနဲ့ အကျင့်ပျက်ခြစားမှုတွေကို စုရုံးကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ အဲဒီကနေမှ အမေရိကန်နိုင်ငံ မြို့ကြီး တော်တော်များများကို ကန့်ကွက်ဆန္ဒပြပွဲတွေ ပြန့်နှံ့ကူးစက်သွားပြီး အလုပ်သမားနဲ့ အခြေခံပြည်သူလူထုကြီးရဲ့အသံတွေ ဟိန်းဟိန်းညံသွားခဲ့ပါတယ်။
အဲဒီကနေမှတဆင့် ဥရောပနိုင်ငံတွေဖြစ်တဲ့ အင်္ဂလန်၊ ပြင်သစ်၊ အီတလီ စတဲ့ တခြားနိုင်ငံတွေမှာလည်း ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ကန့်ကွက်ဆန္ဒပြပွဲတွေ၊ ဝေါလမ်းမ သိမ်းပိုက်ရေး လှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့တာ ကမ္ဘာတဝှမ်း ပြန့်နှံ့သွားတဲ့အထိပါပဲ။ ကမ္ဘာ့ထိပ်တန်းအရင်းရှင် ကုမ္ပဏီကြီးတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေ၊ အရင်းရှင် စီးပွားရေးသမားကြီးတွေရဲ့ မတော်လောဘနဲ့ ဖောက်ပြန် ပျက်စီးမှုတွေကို ဆင်းရဲသား အလုပ်သမားလူတန်းစားနဲ့ အခြေခံလူတန်းစားတွေက ဆန့်ကျင်ကန့်ကွက်လာကြတာပါ။
နိုင်ငံရေးသိပ္ပံပညာရှင် ဆင်မြူရယ် ဟန်တင်တန်ရဲ့ ကမ္ဘာမှာပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီလှိုင်းကြီး ၃ လှိုင်းမှာ တတိယလှိုင်းကြီးနဲ့အတူ ၂၀ ရာစု အနှောင်းပိုင်း လူထု ဒီမိုကရေစီလှုပ်ရှားမှုတွေ အရှိန်အဟုန် ကြီးမားပြင်းထန်ခဲ့သလို တတိယလှိုင်းအစက ဒီမိုကရေစီနိုင်ငံ ၃၉ နိုင်ငံပဲရှိခဲ့ရာကနေ ၂၀၀၅ ခုနှစ်ထဲအရောက်မှာတော့ ဒီမိုကရေစီနိုင်ငံ ၁၂၃ နိုင်ငံဖြစ်လာတယ်လို့ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီကနေ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလကနေ စခဲ့တဲ့ အာရပ်နွေဦး အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ လူထု ဒီမိုကရေစီရေးလှုပ်ရှားမှုလှိုင်းကြီး ရုန်းကြွလာပြီး အာဏာရှင် နိုင်ငံတချို့က ခေါင်းဆောင်တွေ ပြုတ်ကျသူကျ၊ ထွက်ပြေးသူပြေး သေဆုံးသူ သေဆုံးဖြစ်ခဲ့ကြပြီး လူထုဒီမိုကရေစီ လှုပ်ရှားမှုတွေ အောင်ပွဲရခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အာဏာရှင် ဆန့်ကျင်ရေး၊ လူထု ဒီမိုကရေစီ လှုပ်ရှားမှုကြီးကတော့ အောင်ပွဲမရနိုင်သေးဘဲ ကျားကုတ်ကျားခဲ တောင့်ခံထားတဲ့ အာဏာရှင်ကို ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံ စစ်အာဏာရှင်တွေကတော့ အဲဒီ အာရပ်လှိုင်းကြီး မြန်မာနိုင်ငံဘက်ကို ရိုက်ခတ်လာမှာကို စိုးရိမ်ခဲ့ကြပြီး နည်းပရိယာယ် ကြွယ်ကြွယ်ဝဝနဲ့ တိမ်းရှောင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြပါတယ်။ အောင်မြင်ခဲ့တယ်လို့ ပြောရမှာပါပဲ။ ၂၀၀၈ ခုနှစ် စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို အခြေခံပြီး တရားမျှတမှုမရှိ နည်းလမ်းပေါင်းစုံနဲ့ ကလိန်ကညစ်လုပ်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရလဒ်အရ အရေခွံလဲ စစ်အစိုးရတရပ်ကို ပြောင်ကျကျပဲ ဖွဲ့စည်းခဲ့ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ လူထု ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို လမ်းလွှဲနိုင် ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ အရေခွံလဲ အမည်ခံအရပ်သားအစိုးရ အနှစ်သာရအရ စစ်အာဏာရှင်စနစ်အောက်မှာပဲ ကျရောက် ဖိနှိပ်ခံနေရဆဲ ဖြစ်ပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေပါ။
ခုချိန်မှာတော့ အရေခွံလဲ စစ်အာဏာရှင်အစိုးရက ရုပ်ပြ အပေါ်ယံ ဒီမိုကရေစီ အခွင့်အခွင့်အရေးလေးတွေကို လိုက်လျှောပေးအပ်ပြီး သူတို့စစ်အာဏာရှင်တွေနဲ့ မိသားစု ဆွေမျိုးသားချင်းတွေ လက်ဝေခံ ဒေါက်တိုင်တွေရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ထိပါးနေတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုတချို့ကို ရပ်ဆိုင်းထားလို့ ရလာပြီဖြစ်တဲ့အတွက် အသက်ရှူ အတော်လေးချောင်လာသလို အရေးကြီးတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်ဖို့ ဒီမိုကရေစီပါတီတွေက စတင် တာစူလာတာကို ခေါင်းခါပြီး လက်မခံနိုင်၊ မလုပ်နိုင်ကြောင်း အာဏာရပါတီ ကြံ့ဖွံ့ခေါင်းဆောင်က မထီလေးစားပြောလာခဲ့ပါပြီ။
တပြိုင်နက်ထဲမှာပဲ စစ်အာဏာရှင် အသိုင်းအဝိုင်းနဲ့ လက်ဝေခံ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွားတွေအတွက် ပြည်သူလူထု ပိုင်မြေယာတွေ၊ ဥယျာဉ်ခြံမြေတွေနဲ့ အိုးအိမ်တွေကို သိမ်းပိုက်ယူငင်တာ၊ မောင်းထုတ်ပြီး နယ်မြေပိုင်နက် ချဲ့ထွင် လုပ်ငန်းထူထောင်တာတွေ လုပ်လာတာကို တွေ့ရပါတယ်။ တောင်သူလယ်သမားတွေကို မြေမဲ့ ယာမဲ့တွေ၊ မြေကျွန် ယာကျွန်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ကြိုးစားနေတာတွေကို နေ့စဉ်သတင်းတွေမှာ ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။
အလုပ်သမားတွေ အကျိုးစီးပွားကို တကယ်တန်း အကာအကွယ်ပေးမယ့် ဥပဒေတွေကို ပြဌာန်းပေးဖို့ လိုအပ်နေသလို နိုင်ငံခြားသား လုပ်ငန်းရှင်တွေရဲ့ အလုပ်သမားအခွင့်အရေး ကန့်သတ်မှု၊ ချိုးဖောက်မှု၊ လုပ်ခလစာ၊ အချိန်ပိုကြေး စတာတွေ ပေးသင့်ပေးထိုက်တဲ့အတိုင်း မပေးဘဲထားမှုတွေနဲ့ပတ်သက်ပြီး နစ်နာမှုတွေကို တောင်းဆိုဆန္ဒပြခဲ့ကြ၊ ပြနေကြတဲ့ အလုပ်သမားတွေကိုလည်း ထိထိရောက်ရောက် အကူအညီပေးတာ၊ အလုပ်သမားတွေဘက်က ရပ်တည် ကာကွယ်ပေးတာတွေ မတွေ့ရသေးပါဘူး။
အရေခွံလဲ စစ်အစိုးရ တည်ဆောက်ဖို့ကြိုးစားနေတာက စစ်တပ်လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ဖြစ်တဲ့အတိုင်း တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေနဲ့ အခြေခံ ပြည်သူလူထုကြီးတရပ်လုံးကို စစ်အာဏာရှင်တွေ၊ သူတို့ရဲ့လက်ဝေခံ အရင်းရှင်တွေ၊ ဒေါက်တိုင် ကျောရိုးတွေကို မော်မကြည့်ရဲဘဲ ကျေးကျွန်တွေလို အလုပ်အကျွေးပြုဖို့ အာဏာ၊ လက်နက်၊ ငွေကြေးနဲ့ ထိမ်းချုပ်စေခိုင်းဖို့ ကြိုးစားနေကြတာပါ။
ကျနော်တို့တိုင်းပြည်က တောင်သူလယ်သမားတွေ၊ အလုပ်သမားတွေနဲ့ အခြေခံလူတန်းစားတွေအနေနဲ့ ကိုယ့်ရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို သိလာအောင် ကြိုးစားအားထုတ်ဖို့ လိုအပ်သလို နစ်နာဆုံးရှုံးမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှု၊ မတရား ဖိနှိပ်ခံရမှုတွေကို ရဲရဲတင်းတင်း ဖော်ထုတ် တင်ပြတောင်းဆိုဖို့၊ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြကြဖို့ လိုပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုဘက်က ရပ်တည်ရဲကြဖို့၊ အကာအကွယ်ပေးကြဖို့ လိုပါတယ်။ တဦးချင်းအရရော ပေါင်းစည်းညီညွတ်မှုအရပါ အမှန်တရား၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးအတွက် တညီတညွတ်တည်း တောင်းဆို တိုက်ပွဲဝင်ကြမယ်ဆိုရင်တော့ စစ်အာဏာရှင်တွေ ပြည်သူလူထုကို လက်မြှောက်အရှုံးပေးရမယ့်နေ့ကို မကြာခင် ရောက်လာပါလိမ့်မယ်။
အဖိနှိပ်ခံ အလုပ်သမား၊ လယ်သမားတို့ ပေါင်းစည်းညီညွတ်ကြ …။ ။
-xxx-
No comments:
Post a Comment