Tuesday, July 3, 2012

မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း နိုင်ငံတကာ အကူအညီတွေ ဘယ်လောက် ထိရောက်သလဲ

  

RFA ။ ။ ‘မြန်မာ့ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကာလအတွင်း နိုင်ငံတကာအကူအညီတွေ ဘယ်လောက်အထိ ထိ ရောက်သလဲ’ ဆိုတဲ့ခေါင်းစဉ်နဲ့ ထိုင်း - မြန်မာနယ်စပ်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်ရှိ National Endowment for Democracy (NED) ရုံးမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

ဦးအောင်မိုးဇော်ဟာ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကူအညီပေးနေတဲ့ NED ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ ဒီမိုကရေစီရေး အကူအညီတွေနဲ့ပတ်သက်ပြီး စာတမ်းရေးသားနေသူဖြစ်ပါတယ်။ 

သူ့အတွေ့အကြုံနဲ့ လေ့လာ တွေ့ရှိချက်တွေကို မနေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်အတော်များများကို ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ ထိုင်း - မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ရဲ့ ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာရှိတဲ့ (NED) လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းရုံးမှာ ဒီကနေ့ ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ 

ဒီကနေ့ ရှင်းလင်းပြောကြားတဲ့ပွဲကတော့ အနှစ် ၂၀ ကာလအတွင်း မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ်မှာ အနောက်နိုင်ငံ အဖွဲ့အစည်းတွေ အစိုးရတွေက အကူအညီပေးနေတဲ့ဟာနဲ့ပတ်သက်ပြီး ဘယ်လောက်အတိုင်းအတာအထိ ထိရောက်မှုရှိသလဲဆိုတာကို အဓိကထားပြီး ရှင်းလင်းပြောကြားတာ ဖြစ်ပါတယ်။

အဲဒီလို ရှင်းလင်းပြောကြားတဲ့အထဲမှာ ၁၉၈၈ ခုနှစ်ကစပြီးတော့ ဒီကနေ့အချိန်အထိ အနောက်နိုင်ငံတွေရဲ့ အကူအညီတွေဟာ ထိရောက်မှု ရှိတယ်။ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာလည်း ထိရောက်မှုရှိတယ် ဆိုတာကို အဓိကထားပြီး ပြောကြားသွားပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ဗမာပြည်မှာဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အမီလိုက်ပြီးတော့ နယ်စပ်မှာရှိနေတဲ့အဖွဲ့အစည်းတွေ လုပ်ဆောင်နေတာတွေနဲ့ ပြည်တွင်းမှာရှိနေတဲ့ အဖွဲ့အစည်းတွေ လုပ်ဆောင်နေတာတွေကို နိုင်ငံတကာအနေနဲ့ အသေအချာ လေ့လာသုံးသပ်ပြီးတော့ အကူအညီတွေကို တပြေးညီတည်းမှာ တချိန်တည်းမှာ မျှမျှတတနဲ့ တကယ် စနစ်တကျ လေ့လာပြီးမှ ကူညီသွားဖို့ကိုလည်း သူက အချက်အလက် တော်တော်များများနဲ့ ရှင်းလင်းပြောကြားသွားတာကိုလည်း တွေ့ရပါတယ်။ 

ဦးအောင်မိုးဇော် ။ ။ နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အကူအညီတွေပေးရာမှာ လတ်တလော အထင်ကရပြောင်းလဲဖို့ အတွက်ကြိုးပမ်းနေကြတဲ့ အလုပ်သမားတွေ လူ့အဖွဲ့အစည်းတွေ အထင်ကရ အောက်ခြေ ခေါင်းဆောင်တွေကိုလည်း အာရုံစိုက်ပြီး အကူအညီ ပေးသင့်ပါတယ်။ အောက်ခြေ လူမှုအဖွဲ့အစည်းတွေ နေ့စဉ် ပြောင်းလဲဖို့အတွက် ကြိုးပမ်းနေကြသူတွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အင်အားတွေဖြစ်ကြပါတယ်။ 

ဒါ့ကြောင့် အပြောင်းအလဲတွေဖြစ်ပေါ်အောင် တကယ်တမ်းအနစ်နာခံ လုပ်ကိုင်ကြတဲ့ လူမှုအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေအနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီကို ရယူသင့်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးကို ကြည့်မယ်ဆိုရင် အစိုးရ ကျောထောက်နောက်ခံပါတီနဲ့ အတိုက်အခံတွေအကြား ငွေကြေး နည်းပညာ လုပ်နိုင်ကိုင်နိုင်စွမ်းအား အင်အားချိန်ခွင်လျှာ မညီမျှတာကို တွေ့ရပါတယ်။ 

တချိန်တည်းမှာပဲ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံ ရေးအလှည့်အပြောင်းကာလလို့ ပြောလို့ရတာကြောင့် အတိုက်အခံတွေ အင်အားကောင်းပြီး အနိုင်ရဖို့အတွက် နိုင်ငံတကာရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အကူအညီတွေဟာ အတိုက်အခံတွေ လုပ်နိုင်ကိုင်နိုင် စွမ်းအားမြင့်လာအောင် အားပေးကူညီသင့် ပါတယ်။ ထိုင်း မြန်မာနယ်စပ် အခြေစိုက် နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေဟာ မြန်မာ့နိုင်ငံရေးမှာ ဆက်လက်ပြီး ဆက်စပ်တည်ရှိနေမှာဖြစ်ပါတယ်။ 

ဒီနေ့အချိန်မှာ အဲဒီအဖွဲ့အစည်းတွေရဲ့ ရပ်တည်မှု ပုံသဏ္ဌာန် ပြောင်းလဲလာတာကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ခြေရှိတာက ပြည်တွင်း အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ ကြားခံပေါင်းကူတံတားအဖြစ် ရပ်တည်ရမယ့်အခြေအနေက ပိုပြီးအလေးသာနေပါတယ်။ 

မစ္စတာ ဘရိုင်ယန် (NED) ။ ။ နိုင်ငံတကာက အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဟာ လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး သုံးသပ်တာတွေ လွဲနေတာတွေ့ရပါတယ်။ စစ်အာဏာရှင်လက်အောက်ကနေ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလို့ ပြောလိုက်တာနဲ့ အင်ဒိုနီးရှားနိုင်ငံက အပြောင်းအလဲလို၊ ထိုင်ဝမ်က အပြောင်းအလဲလို၊ တောင်ကိုရီးယားက အပြောင်းအလဲပုံစံလို ထင်သလို ကောက်ချက်ချနေတာတွေ တွေ့နေရပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံက အပြောင်းအလဲဟာ အခြားနိုင်ငံတွေက အပြောင်းအလဲပုံစံတွေနဲ့ နှိုင်းယှဉ်ပြောဖို့ ခက်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက သုံးသပ်ချက်ကြရာမှာ မဆင်မခြင် အကောင်းမြင်လွန်းတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။ လက်ရှိအခြေအနေကို အသေအချာ သုံးသပ်ပြီးမှ ဘယ်သူတွေကို ကူညီသင့်တယ်၊ ဘယ်လိုပုံစံမျိုးကူညီသင့်တယ်၊ အပြောင်းအလဲဖြစ်စဉ်တိုင်းမှာ အဓိက အရေးကြီးတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေက ဘယ်သူတွေလဲ စသည်ဖြင့် အသေအချာ လေ့လာဖိုလိုအပ်ပါတယ်။ 

အကူအညီတွေပေးရမှာ အထူးသတိထားပြီး လေ့လာပြီးမှသာ ပေးသင့်ပါတယ်။ အချို့အဖွဲ့အစည်းတွေအနေနဲ့ လောကြီးပြီး အကောင်အထည်ဖော်ခဲ့ကြတဲ့အတွက် အမှားမှားအယွင်းယွင်းဖြစ်ပြီး လုပ်ငန်းတွေ အချိန်မတန်ဘဲ ပြန်ရုတ်သိမ်းခဲ့ရတာတွေကိုလည်း ကျနော်တို့ ကြားဖူးပါတယ်။ 

တကယ်တော့ မြန်မာနိုင်ငံဟာ အခုလိုလမ်းပွင့်လာတာ မကြာသေးတာကြောင့် နိုင်ငံတကာ အကူအညီပေးတဲ့အဖွဲ့တွေဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အသေးစိတ် သိသင့် သိထိုက်တာတွေ မသိကြတာက များပါတယ်။ လက်တွေ့ပြဿနာတစ်ခုက မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေဆိုတာက အိမ်နီးချင်း ထိုင်းနိုင်ငံမှာလို ခိုင်ခိုင်မာမာ အဖွဲ့အစည်းအနေနဲ့ ဦးဆောင်ပြီး လည်ပတ်နေတာမျိုးက အင်မတန် ရှားနေပါသေးတယ်။ လူမှုအဖွဲ့အစည်းတွေ စတင်လှုပ်ရှားသက်ဝင်တဲ့ ပဏာမအဆင့်မှာပဲ ရှိနေပါသေးတယ်။ 

ဦးအောင်မိုးဇော် ။ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကို ကျနော်တို့ပြန်ကြည့်ရင် အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေအနေနဲ့လည်းပဲ အတိုက်အခံတွေကို အပြတ်ရှင်းတာပဲ။ နည်းပေါင်းစုံသုံးပြီးတော့ ဒီအသံတွေပျောက်ဖို့ ကြိုးစားခဲ့တယ်။ မပျောက်ဘူး ကနေ့အထိ ခိုင်ခိုင်မာမာရှိနေတယ်။ ကနေ့အထိ ခိုင်ခိုင်မာမာရှိနေတဲ့အပြင် နောက်တဆင့်တောင်မှပေါ့နော်၊ အထဲမှာ ပွင့်လင်းနိုင်တဲ့အခြေအနေကို တိုးဖို့အထိတောင် Ready ဖြစ်နေတဲ့အခြေအနေမျိုး ရှိတယ်။ 

အဲဒါတွေဟာ ဘာပဲပြောပြော နိုင်ငံတကာရဲ့ အကူအညီတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ နိုင်ငံတကာရဲ့ အကူအညီတွေကြောင့်၊ နိုင်ငံတကာ အကူအညီဆိုတဲ့နေရာမှာ ငွေကြေးတင်မဟုတ်ဘဲ နိုင်ငံရေးအရ စိတ်ဓာတ်ရေးရာအရ၊ နောက် ဗမာပြည် Issue ကို နိုင်ငံတကာ Agenda မှာ ပါအောင် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာတွေကအစ ဒါတွေကိုကြည့်မယ်ဆိုလို့ရှိရင် နိုင်ငံတကာရဲ့အခန်းကဏ္ဍက အရေးကြီးတဲ့ အခန်းကနေပါတယ်ဆိုတာ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ 

RFA ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ရဲ့ ရှင်းလင်းပွဲကို NED အဖွဲ့ရဲ့ အာရှရေးရာအကြီးအကဲ ဘရိုင်ယန်ဂျိုးဇက်အပြင် အခြားတက်ရောက်တဲ့ ဧည့်သည်တွေထဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဧည့်သည်တွေ၊ IRI လိုမျိုး ဗမာပြည်ကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအပြင် အခြား NGOs အတော်များများနဲ့ အဖွဲ့အစည်းတော်တော်က ပုဂ္ဂိုလ်တွေ တက်ရောက်တာကို တွေ့ရပါတယ်။ 

(ပါတီ ဥက္ကဋ္ဌ၏ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ NED တွင် ပြုလုပ်သည့် မြန်မာ့အရေး ရှင်းလင်းပွဲ မှတ်တမ်း) 
၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်။ 


 

No comments:

Post a Comment