Monday, May 21, 2012

လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁) / (၂)

လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၁)





RAF - မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေကိုကြည့်ပြီး ပိတ်ဆို့အရေးယူထားတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက လျှော့ပေါ့ပေးလာပါတယ်။

သြစတြေးလျကဆိုရင် လက်နက်ရောင်းဝယ်တာကအပ အားလုံးကို ရုတ်သိမ်းပေးလိုက်သလို ဥရောပသမဂ္ဂကတော့ တနှစ် ဆိုင်းငံ့ထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေမလုပ်ဖို့ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုတ်သိမ်းပေးလိုက်သလို လူမှုရေးအဖွဲ့အစည်းတွေနဲ့ အကူအညီတွေ သွားရောက်လုပ်ကိုင်ခွင့် ပြုလိုက်ပါတယ်။

လက်ရှိမြန်မာနိုင်ငံက အပြောင်းအလဲတွေဟာ ထိပ်ပိုင်း ခေါင်းဆောင်တချို့အကြား အပေးအယူလုပ် ညှိနှိုင်းတဲ့အဆင့်မှာသာရှိနေသေးပြီး တိုင်းပြည်ရဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အဆင့် တနည်းအားဖြင့် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့အဆင့်ကို မရောက်သေးဘူးလို့ သုံးသပ်ပြောဆိုမှုတွေ ရှိပါတယ်။ ပိတ်ဆို့အရေးယူမှု (Sanction) တွေ ပြန်လည် ရုတ်သိမ်းလောက်တဲ့အထိ ဒီကနေ့ အပြောင်းအလဲတွေ ဖြစ်နေပါပြီလား။ ဒီမေးခွန်းကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း ကတော့ အခုလိုဖြေပါတယ်။


ဦးငွေလင်း –  တကယ့်အပြောင်းအလဲတွေဖြစ်သလားဆိုလို့ရှိရင် သဏ္ဌာန်အရတော့ တော်တော်ပဲဖြစ်နေတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စတွေပဲဖြစ်ဖြစ်၊ အကျဉ်းသားလွှတ်တဲ့ကိစ္စတွေ ပဲဖြစ်ဖြစ်၊ ပြည်တွင်းမှာရှိတဲ့ အခြေခံ အခွင့်အရေးတွေပေးတဲ့ကိစ္စတွေမှာပဲဖြစ်ဖြစ် အထိုက်အလျောက် ကြည့်လို့ကောင်းတဲ့အဆင့်မျိုးတော့ သဏ္ဌာန်အရ ဆောင်ရွက်နေတာမျိုးတွေ တွေ့ရတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ရဲ့ အခြေခံလူတန်းစားတွေဖြစ်တဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ အလုပ်သမားတွေကိစ္စ၊ လယ်သမားတွေကိစ္စ၊ စီးပွားရေးလုပ်ငန်းရှင်တွေကိစ္စမှ အစပေါ့ဗျာ အစစမှာ ကျနော်တို့ လက်တွေ့မှာတော့ တကယ်တမ်း ပြည့်ပြည့်ဝဝ ပြောင်းနေပြီလို့ ကျနော် မမြင်ရဘူး။ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စမှာဆိုလည်း KIO နဲ့ တိုက်နေတာ၊ ဌာနချုပ်အထိ ထိုးစစ်ဆင်တော့မယ့်အထိ ပြင်နေတဲ့ကိစ္စတွေက ငြိမ်းချမ်းရေး အစစ်အမှန်လုပ်ဖို့ စိတ်ကူးစိတ်သန်း ဖြောင့်ဖြောင့်မှန်မှန်မှရှိရဲ့လားဆိုတာ သံသယဖြစ်စရာ ဖြစ်နေတယ်။ အဲဒီတော့ အဲဒါတွေကို ခြုံပြီးကြည့်လိုက်လို့ရှိရင် အပြောင်းအလဲဟာ အားလုံး Sanction Lift လုပ်လိုက်ရလောက်အောင် စိတ်တိုင်းကျ စိတ်ချလက်ချဖြစ်သွားပြီလို့ ကျနော့်အနေနဲ့ကတော့ သံသယဖြစ်သေးတယ်။ ဒါပေမယ့် Sanction လုပ်မလား မလုပ်ဘူးလားဆိုတာကတော့ ကာယကံရှင်နိုင်ငံများရဲ့ကိစ္စပဲဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ ဆုံးဖြတ်နိုင်တဲ့ အနေအထား မရှိပါဘူး။

RFA - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုဆိုရင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်တွင်း ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။ ဒီတော့ ဒီကနေ့ လွှတ်တော်ဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပြဿနာတွေ အပါအဝင် တိုင်းပြည်ကိစ္စအဝဝကို ဆွေးနွေးဖြေရှင်းနိုင်မယ့် နိုင်ငံရေးဆုံရပ်တခု ဖြစ်လာပါသလား။ ဒီမေးခွန်းကိုတော့ ဦးငွေလင်းက အခုလို ဖြေဆိုပါတယ်။

ဦးငွေလင်း – ဗမာပြည်ရဲ့ ကံကြမ္မာအကုန်လုံးကို ပုံအောပြီးတော့မှ ဖြေရှင်းနိုင်တဲ့အခြေအနေ လွှတ်တော်မှာမရှိဘူးလို့ ကျနော်တို့တော့ မြင်တယ်။ အခု လွှတ်တော်ကပြဋ္ဌာန်းလိုက်တဲ့ ဘယ်ဥပဒေကိုပဲကြည့်ကြည့် ကျနော်တို့အတွက် တကယ့်ကိုလုံခြုံတဲ့ ဒီမိုကရေစီအခင်းအကျင်းတခုစီကို ပြည့်ပြည့်ဝဝ အာမခံထားတာမျိုး ကျနော်တော့ မတွေ့သေးဘူး။ လယ်သမားဥပဒေဆိုရင်လည်း လယ်သမားတွေကို အကာအကွယ်ပေးထားနိုင်တာမျိုးက တော်တော့်ကို နည်းနေသေးတယ်။ အလုပ်သမားဥပဒေဆိုရင်လည်း အလုပ်သမားကို ကာကွယ်ထားနိုင်တာက တော်တော် နည်းနေသေးတယ်။ အဲဒါတွေကိုပြည့်စုံအောင် ပြဋ္ဌာန်းနိုင်တဲ့အနေအထား လွှတ်တော်မှာ မရှိဘူး။ ပြဋ္ဌာန်းနိုင်တဲ့ အဆင့်အထိ ငြင်းကြခုံကြ မဲခွဲကြရမယ်ဆိုရင်လည်းပဲ NLD ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် အတိုက်အခံအင်အားစုတွေလို့ ခေါ်တဲ့ ပါတီတွေက ဘယ်လိုပဲရပ်ခံပြီးတော့မှ ပြောဆိုကြ ပြောဆိုကြ Majority မဲအရဆိုလို့ရှိရင် ရှုံးမြဲရှုံးပြီးတော့မှ ဒီဥပဒေကို ပြင်နိုင်စွမ်းမရှိဘူးဆိုတဲ့ နောက်ဆုံးအဖြေကျသွားမှာပဲလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ထဲကတော့ဖြင့်ရင် ဒီကနေ့ ဗမာပြည်ရဲ့ကံကြမ္မာအားလုံးကို ဖြေရှင်းနိုင်တဲ့ ဆုံရပ်ကြီးဖြစ်သွားပြီဆိုတာကိုတော့ ကျနော်တို့လက်ခံဖို့ တော်တော် ခဲယဉ်းတယ်။

RFA – ဒီကနေ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတချို့လုပ်ဆောင်လာတဲ့အခါ ဒီအပြောင်းအလဲကနေ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာအကျိုးအမြတ်တွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ အများပြည်သူအတွက်ကတော့ ယေဘူယျပြောရင် နိုင်ငံရေးအရ ဒီမိုကရေစီ အခွင့်အရေးတွေရလာမလားလို့ မျှော်လင့်နိုင်ပါတယ်။ ဒါပေမယ့် ဒီကနေ့အပြောင်းအလဲဟာ အများစုပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းနိုင်ပါ့မလား။ ဒါမှမဟုတ် အာဏာနဲ့ ငွေကြေးရှိသူတွေအတွက်ပဲ အကျိုးဖြစ်ထွန်းမလားဆိုတာဟာ မေးစရာဖြစ်လာပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း အာဏာကိုချုပ်ကိုင်ခဲ့တဲ့ စစ်တပ်နဲ့သူတို့ရဲ့အပေါင်းအပါတွေကတော့ သူတို့ရရှိထားတဲ့ ချမ်းသာကြွယ်ဝမှုတွေ တရားဝင်ဖြစ်လာပြီး နိုင်ငံတကာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ပိုမိုရလာနိုင်ပါတယ်။ ဒါပေမယ့် လောလောဆယ် အခြေခံလူတန်းစားတွေကတော့ အလုပ်အကိုင်ရရှိရေး၊ လုပ်ခလစာတိုးရေး စတဲ့တိုက်ပွဲတွေကို ဆင်နွှဲလာတာ တွေ့ရပါတယ်။ နောက် ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်ရဖို့၊ မလေးရှားမှာ အိမ်ဖော်လုပ်ဖို့ စသည်ဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ဆိုတော့ ဒီကနေ့အပြောင်းအလဲဟာ ဘယ်သူတွေအတွက် ပိုပြီးအကျိုးရှိနိုင်ပါသလဲ။ ဒီကိစ္စနဲ့ပတ်သက်လို့တော့ ဦးငွေလင်းက အခုလိုပြောဆိုပါတယ်။

ဦးငွေလင်း – ဆိုကြပါစို့ဗျာ။ မြေလွတ်မြေရိုင်းဥပဒေတခုတည်းကိုပဲကြည့်မယ်ဆိုရင် အဲဒီကိစ္စ တော်တော်ရှင်းတယ်ဗျ။ အဲဒီ မြေလွတ်မြေရိုင်းဥပဒေမှာ ငွေကြေးချမ်းသာသူတယောက်ဟာ ဥယျာဉ်ခြံမြေဧကကို နောက်ဆုံးမှာ ဧကပေါင်း (၅၀၀၀၀) အထိ သူ တင်လို့ရတယ်။ ဆိုတဲ့အခါကျတော့ အဲဒီမှာတကယ်လို့ ပြိုင်ဆိုင်ကြပြီဆိုလို့ရှိရင် သာမန်လယ်သမားနဲ့ ဧက (၅၀၀၀၀) ပိုင်ဆိုင်တဲ့ လယ်သမား ဘယ်လိုပြိုင်မှာလဲပေါ့ဗျာ။ အဲဒီတော့ ဒီအခွင့်အလမ်းက လူဦးရေအများစုကြီးကို တနည်းအားဖြင့် အခြေခံလူတန်းစားတွေကို ပေးတာထက် လူအုပ်စုတစုကိုသာပေးထားတဲ့ အခွင့်အလမ်းမျိုး ဖြစ်နေတာကို တွေ့ရတယ်။

RFA – လက်ရှိမြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ တရွေ့ရွေ့ပြောင်းလဲမှုဖြစ်စဉ်ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ဒီမိုကရေစီကို တဖြည်းဖြည်း သန့်စင်လာအောင် လုပ်ဆောင်သွားရမယ်ဆိုတဲ့အချက်က အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါပေမယ့် ဒီကနေ့ပြုပြင်ပြောင်းလဲရေးတွေအတွင်း တရားမျှတမှုအခြေခံ ဘယ်လောက်ရှိတယ် မရှိဘူးဆိုတဲ့အချက်ဟာ နောင်အနာဂတ်မှာဖြစ်ပေါ်လာမယ့် လူမှုဆက်ဆံရေးပုံစံရဲ့ အဆိုးအကောင်းတွေအပေါ်မှာ များစွာ သက်ရောက်မှုရှိမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် RFA ဦးဇော်မိုးကျော် အင်တာဗျူး) ၂၀၁၂ ခုနှစ်၊ မေလ (၈) ရက်။ 

လက်ရှိ အပြောင်းအလဲဆိုသည်များနှင့်ပတ်သက်၍ အမြင် – အပိုင်း (၂) 

RFA - မြန်မာနိုင်ငံရဲ့ ပြဿနာအဝဝကို ဖြေရှင်းဆောင်ရွက်ဖို့ဆိုရင် စစ်တပ်အပါအဝင် သက်ဆိုင်ရာတိုင်းရင်းသားနဲ့ နိုင်ငံရေးအင်အားစုတွေ တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဆောင်ရွက်မှရမယ်လို့ ဒီမိုကရေစီအင်အားစုတွေနဲ့ အနောက်တိုင်းနိုင်ငံတွေက တလျှောက်လုံး ပြောဆိုလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကနေ့မြန်မာပြည်က အခင်းအကျင်းမှာ လွှတ်တော်တွင်း လွှတ်တော်ပလှုပ်ရှားမှု နဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့အချက်ကို ပိုမိုဇောင်းပေးလာတာ တွေ့ရပြန်ပါတယ်။ ဒီကနေ့ မြန်မာပြည်က နိုင်ငံရေးအပြောင်းအလဲကို စစ်ခေါင်းဆောင်တွေက ဦးဆောင်ပြီး တရွေ့ရွေ့အသွင်ကူးပြောင်းရေးနည်းနဲ့ လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အားလုံးဆွေးနွေးအဖြေရှာပြီး ဆက်လက် လုပ်ဆောင်ရေးဆိုတဲ့အချက်ဟာ ဖြစ်မလာနိုင်ဘူးလို့ ပြောဆိုယူဆသူတွေလည်း ရှိလာပါတယ်။ လွှတ်တော်တွင်း တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးကနေ ပိုမိုပွင့်လင်းလာတဲ့အချိန်ရောက်မှ ပြဿနာတွေကို တခုချင်းဖြေရှင်းသွားနိုင်မယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းကတော့ အခုလို အကြံပေးပြောဆိုပါတယ်။

ဦးငွေလင်း – အကောင်းဆုံးကတော့ ဒီ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခုကိစ္စတွေကို တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်နိုင်အောင်၊ နောက်ပြီးတော့မှ ငြိမ်းချမ်းရေးအစစ်အမှန်ကို တည်ဆောက်နိုင်အောင် နံပါတ်တစ် ဆောင်ရွက်ကြရလိမ့်မယ်။ နောက် နံပါတ်နှစ်ကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်ကြီးအတွင်းမှာ အင်အားစုတွေအကုန်လုံး တန်းတူရည်တူ ပါဝင်နိုင်တဲ့အဆင့်အထိ အဲဒီအခင်းအကျင်းတခုကို ဖန်တီးသင့်တယ်။ ပြီးပြီဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့ ကံကြမ္မာတွေအကုန်လုံးကို ဖြေရှင်းဖို့ရာအတွက် အင်အားစုတွေအားလုံး ပါဝင်တဲ့ တန်းတူရည်တူဆွေးနွေးနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်း အဲဒီဥစ္စာဖြစ်ဖို့လိုတယ်။ အဲဒီလိုအနေအထားတွေကမှ ကျနော်တို့ ညှိနှိုင်းရရှိချက်တွေအရ မြန်မာပြည်ရဲ့ကံကြမ္မာတွေကို တခုပြီးတခုသွားသင့်တယ်လို့ ကျနော်တို့က အဲဒီလို မြင်တယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အားလုံးလွှတ်တော်ထဲကိုဝင် လွှတ်တော်ထဲကိုပဲသွား ၂၀၀၈ အခြေခံဥပဒေကို မထိနဲ့ဆိုတာမျိုးဆိုလို့ရှိရင်တော့ သိပ်ကိုအခက်အခဲကြီးတယ်။ အဲဒီအတိုင်းဆိုရင် အဖြေအထိမရောက်ဘဲနဲ့ ကြားထဲမှာ နောက်ကြောင်းပြန်တာပဲဖြစ်ဖြစ် ပြန်လျှောကျသွားတာပဲဖြစ်ဖြစ် ဖြစ်သွားနိုင်တယ်လို့ ကျနော်တို့မြင်တယ်။

RFA - လောလောဆယ်အနေအထားမှာ ဒီမိုကရေစီအင်အားစုတွေအကြားမှာတင် ချဉ်းကပ်တဲ့ပုံစံမတူတဲ့အတွက် ကွဲလွဲမှုတွေ ရှိလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲဝင်သွားပေမယ့် အရင် CRPP အဖွဲ့ဝင်အင်အားစုတွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးအမျိုးသားကွန်ကရက် စတဲ့အဖွဲ့တွေကတော့ လွှတ်တော်ပြင်ပမှာ ကျန်ခဲ့ပြန်ပါတယ်။ လောလောဆယ် အတိုက်အခံ အင်အားစုတွေအကြား စုစည်းမှုပုံသဏ္ဌာန်ပါ ပြောင်းလဲလာတာ တွေ့ရပါတယ်။ အားလုံး စုပေါင်းဖြေရှင်းရေးဆိုတာကို မရောက်ခင် အတိုက်အခံအင်အားစုတွေအကြား အားလုံးစုပေါင်းလုပ်ဆောင်နိုင်ဖို့လိုတယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးငွေလင်းက အခုလိုပြောကြားပါတယ်။

ဦးငွေလင်း – အထဲထဲမှာ ကျနော်တို့ ၈၉-၉၀ လောက်မှာကတည်းကိုက တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေ စုစည်းမှု ရှိခဲ့ဖူးတယ်။ နောက်ပြီးတော့ ဒီဖက် CRPP ခေတ်ကိုရောက်တဲ့အချိန်ကျတော့လည်း ရွေးကောက်ပွဲနိုင်ထားတဲ့ ဒီ ၉၀ ရလဒ်ပိုင်ရှင် တိုင်းရင်းသားအင်အားစုတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေ စုစည်းမှုတွေ ရှိခဲ့ဖူးတယ်။ ဆိုတော့ အခုအခြေအနေမှာ ကျနော်တို့ရဲ့အင်အားတွေ တညီတညွတ်တည်းရှိအောင် အနှစ်သာရအရ အားလုံးရဲ့စုစည်းပါဝင်နိုင်တဲ့ စုစည်းမှုမျိုး ဆောင်ရွက်သင့်တယ်။ အဲဒီလို ဆောင်ရွက်နိုင်ရေးအတွက်ဆိုရင် အဓိကအားဖြင့် NLD က ကမကထ ပိုပြီးပြုသင့်တယ်လို့ ကျနော်တော့ အဲဒီလို အကြံပေးချင်ပါတယ်။

RFA - တကယ်လို့ အတိုက်အခံအင်အားစုတွေဘက်က တလျှောက်လုံး တောင်းဆိုနေတဲ့ အားလုံး ပါဝင်ဆွေးနွေး အဖြေရှာရေးဆိုတာ ဖြစ်မလာဘူးဆိုရင်ရော ဘာတွေဆက်လက် လုပ်ဆောင်နိုင်မှာလဲ။ ဒီမေးခွန်းကိုတော့ ဦးငွေလင်းက အခုလိုဖြေပါတယ်။

ဦးငွေလင်း – NLD မှာ ရည်မှန်းချက် (၃) ခု ရှိတယ်ဗျာ။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၀၈ အခြေခံဥပဒေပြင် ဆင်ရေး။ အဲဒီ (၃) ချက်ကို ထမြောက်အောင် NLD ဘယ်လိုလုပ်မလဲပေါ့ဗျာ။ လုပ်နိုင်တဲ့နည်းက (၂) နည်းပဲရှိတယ်။ တနည်းက လွှတ်တော်တွင်းနည်း။ နောက်တနည်းက လွှတ်တော်ပမှာရှိတဲ့ လူထုတွေအားလုံး ပါဝင်တဲ့နည်း။ အဲဒီ (၂) နည်းစလုံးကို NLD အသုံးပြုရလိမ့်မယ်လို့ ကျနော်တို့ထင်တယ်။ အဲဒီ (၂) နည်းစလုံးကို မစဉ်းစားဘူးဆိုလို့ရှိရင် တနည်းမဟုတ်တနည်း လွဲချော်လိမ့်မယ်။ သို့မဟုတ် မပြည့်စုံဘူးလို့ ကျနော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ NLD ပဲဖြစ်စေ၊ တခြားရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲရောက်နေတဲ့ အခြားပါတီများဖြစ်စေ ဘယ်သူမဆို ဒီ လွှတ်တော်တွင်း လွှတ်တော်ပနည်းတွေနဲ့ အင်အားစုတွေအားလုံးပါဝင်တဲ့ ပြုပြင်ပြောင်းလဲမှုအဆင့်ဆီကို ဘယ်လိုတွန်းမလဲ၊ ဘယ်လိုရွေ့အောင် ရွှေ့မလဲဆိုတဲ့ကိစ္စက သူတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ကြီးမှုလို့ပဲ ကျနော် ထင်တယ်။ အဲဒီအတိုင်းဆောင်ရွက်ရလိမ့်မယ်လို့လည်း အားလုံးကို ကျနော် ပန်ကြားချင်တယ်။

RFA – ဒီကနေ့ လွှတ်တော်တွင်းဝင်၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြောင်းလဲယူပြီး ဒီမိုကရေစီ ထွန်းကားလာအောင်လုပ်ဆိုတဲ့ မဟာဗျူဟာမျိုး ပြောဆိုဆွေးနွေးတာရှိသလို။ လွှတ်တော်ထဲဝင်တာလည်းဝင်၊ ပြင်ပက လုပ်တာလည်းလုပ်ပြီး အားလုံး စုပေါင်းဆွေးနွေးအဖြေရှာရေးကို ဦးတည်ရမယ်ဆိုတဲ့ မဟာဗျူဟာကို ပြောဆိုတာလည်း တွေ့ရပါတယ်။ ဒီတော့ ဒီမိုကရေစီအင်အားစုတွေဘက်က ချဉ်းကပ်လုပ်ဆောင်မယ့် မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေ တူညီလာရေးကို ဘယ်လိုလုပ်ဆောင်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် RFA ဦးဇော်မိုးကျော်အင်တာဗျူး) ၂၀၁၂ ခုနှစ်၊ မေလ (၁၅) ရက်။ 

No comments:

Post a Comment