အဆိုပါ အစည်းအဝေးအတွင်းတွင် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေး အခြေအနေများကို အစီရင်ခံ ဖလှယ်ခြင်း၊ IUSY ၏ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ်များနှင့် နိုင်ငံရေး မူဝါဒရေးရာ ကြေညာစာတမ်းကို ဆွေးနွေးတင်ပြခြင်းနှင့် လာမည့်ညီလာခံကျင်းပမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါသည်။
ယခုကျင်းပသော အာရှပစိတ်ဖိတ်ဒေသဆိုင်ရာ အစည်းအဝေးသို့ သြစတြေးလျားနိုင်ငံ၊ ဘူတန်နိုင်ငံ၊ မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မိုဂိုလီးယားနိုင်ငံ၊ နယူးဇီလန်နိုင်ငံ၊ ဖီလစ်ပိုင်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံနှင့် ထိုင်းနိုင်ငံအပါအဝင် အာရှပစိဖိတ် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ ကိုယ်စားလှယ် လူငယ်အဖွဲ့ဝင် ၃၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် IUSY ၏ အထွေထွေအတွင်းရေးမှူးချုပ် (Johan Hassel)က IUSY ၏ အကြောင်းနှင့် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစဉ် (Global Agenda) ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက မိမိတို့သက်ဆိုင်ရာနိုင်ငံအလိုက် နိုင်ငံရေး အခြေအနေများကို အကျဉ်းချုပ်ပြောဆို ရှင်းလင်းကာ သိရှိလိုသည်များကို အပြန်အလှန် ဆွေနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံရေး အခြေအနေ အစီရင်ခံစာအပြီးတွင် တက်ရောက်လာသည့် ကိုယ်စားများမှ မြန်မာပြည်ကို ပြန်ဝင်ခြင်း၊ မဝင်ခြင်း သဘောထား၊ စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံတကာမှ ရုတ်သိမ်းသင့်၊ မသင့် အမြင်သဘောထားနှင့် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲနိုင်လျှင် ဖြစ်ပေါ်လာနိုင်မည့် မြန်မာ့နိုင်ငံရေး အခြေအနေများကို မေးမြန်းခဲ့ကြသည်။
အစည်းအဝေးအတွင်းတွင် ဆိုရှယ်ဒီမိုကရေစီကို မည်သို့အနက် အဓိပ္ပာယ်ဖွင့်သလဲ၊ ဆိုရှယ်ဒီမိုကရေစီကို အာရှဒေသအတွင်း တည်ဆောက်ရာတွင် မည်သို့သော အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ကြုံတွေ့နေရသလဲနှင့် ဆိုရှယ် ဒီမိုကရေစီလှုပ်ရှားမှုများကို အာရှဒေသတွင် မည်သို့တိုးချဲ့လုပ်ဆောင်သွားကြမလဲဆိုသည့် ခေါင်းစဉ်များဖြင့်လည်း အဖွဲ့လိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် IUSY မှ ဖိတ်ကြားထားသော ဧည့်သည်များမှ တိုးတက်သော စီးပွားရေး၊ ခေတ်သစ် လစ်ဘရယ် အကြပ်အတည်းဖြစ်နေမှုကို တိုက်ဖျက်ခြင်းနှင့် ပြန်လည်တုံ့ပြန်ခြင်း (Progressive Economics: Responding to and Combating the Neoliberal Crisis) ခေါင်းစဉ်ဖြင့် Ms. Jenina Joy Chavez, Focus on the Global South မှ လည်းကောင်း၊ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းတို့မှတဆင့် တန်းတူညီမျှသော အခွင့်အလမ်းရရှိရေး (Equal Opportunities through Education and Employment) ခေါင်းစဉ်ဖြင့် Mr. Martin Manurung, President of National Democratic Youth and Mr. Suchjar Effendi, Indonesia Global Justic တို့မှလည်းကောင်း ဆွေးနွေး တင်ပြခဲ့ကြပါသည်။
၎င်းတို့၏ ဆွေးနွေးချက်များကိုအခြေခံပြီး တက်ရောက်လာသည့်ကိုယ်စားလှယ်များမှ အုပ်စုခွဲကာ IUSY ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးမူဝါဒများ ချမှတ်ပြင်ဆင်နိုင်ရန်အတွက် စီးပွားရေး၊ ပညာရေး၊ အလုပ်အကိုင် အခန်းကဏ္ဍနှင့်ပတ်သက်ပြီး IUSY အနေဖြင့် ချမှတ်ဖော်ဆောင်သင့်သည့် သဘောထား (မူကြမ်း)ကို ဆွေးနွေးခဲ့ကြပါသည်။ ဤမူကြမ်းကို လာမည့် ညီလာခံတွင် အဆိုတင်သွင်းမည်ဖြစ်သောကြောင့် မတ်လလောက်တွင် အဖွဲ့ဝင် အဖွဲ့အစည်းများသို့ မူကြမ်းနှင့်ပတ်သက်သော သဘောထားများပေးပို့နိုင်ရန် ပြန်လည်ပို့ပေးမည်ဖြစ်ပါသည်။
IUSY ၏ ညီလာခံကို ဧပြီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ပါရာဂွေး (Paraguay)တွင် ပြုလုပ်မည်ဖြစ်ပြီး အဆိုပါ ညီလာခံမှနေ၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ နိုင်ငံရေးမူဝါဒများကို ဆွေးနွေးခြင်း၊ အတည်ပြုခြင်းနှင့် အလုပ် အမှုဆောင်ကော်မတီများကို ရွေးချယ်တင်မြှောက်ခြင်းတို့ ပြုလုပ်သွားမည်ဖြစ်သည်။
-xxx-
No comments:
Post a Comment