ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းဆီသို့ ... ဆိုတဲ့ ခေါင်းစဉ်နဲ့ ၈၈ ကျောင်းသားတွေက လူထုကြားထဲ့ဆင်းနေကြတာ တွေ့ရတော့ အင်မတန်မှ အားတက်မိပါတယ်။ ကျနော်တို့လို အဝေးရောက်နေကြတဲ့ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပိုလို့ စိတ်ဝင်စားစရာတွေ သူတို့လုပ်ပြနိုင်ကြတာ တွေ့ရတာပါပဲ။ လတ်တလောကာလမဟုတ်တဲ့ အရင်ကာလတွေကိုမပြောဘဲ မျက်မှောက်အခြေအနေကိုပဲဖြတ်ပြောရရင် ဒါဟာ ... လူ့အဖွဲ့အစည်းကို ပုံစံဟောင်းကနေ ခွဲထွက်စဉ်းစားလာကြတာ တနည်းအားဖြင့် လူ့ဘောင်အခြေအနေသစ်ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ တည်ဆောက်နေတယ်ပြောရင် ပိုတိကျပါလိမ့်မယ်။ တနည်းအားဖြင့် အခြေခံကနေ စတင်ပြုပြင်ပြောင်းလဲတာလို့ပြောနိုင်ပါတယ်။ ဒီလိုလုပ်မှသာ ထင်သာမြင်သာရှိတဲ့ အပြောင်းအလဲတွေအတွက် တကယ်တွန်းအားဖြစ်စေမှာပါပဲ။
ရှင်းနေတာကတော့ လူထုကြီးဟာ ဒီမိုကရေစီစံနစ်ကို တကယ်လိုလားပါတယ်။ ဒါပေမယ့် လူထုဟာ တကယ်ပွင့်လင်းတဲ့ အစိုးရတရပ်ကို မရရှိတာဟာ သိပ်နစ်နာနေတော့တာပါပဲ။ အထူးသဖြင့် ဒီကနေ့ ဦးသိန်းစိန်အစိုးရဟာ ပွင့်လင်းမြင်သာမှုထက် စကားနှစ်မျိုး၊ လုပ်ဆောင်မှုနှစ်မျိုး၊ အမြင်နှစ်မျိုးဖြစ်နေသယောင် ပြောပြောနေတာတွေ့ရတယ်။ ကချင်ဒေသမှာ သမ္မတက အပစ်ရပ်ခိုင်းတယ်၊ အောက်ခြေတပ်က မရပ်ဘူး ဒါ ... တခုတည်း ဥပမာပေးတာပါ။ ဥပမာပေးစရာတွေ အများသားပါ။
အစိုးရက ကောင်းပါတယ်၊ တပ်ကပြောရတာ အမိန့်အောက်အခြေအထိ မရောက်သယောင် ပြောသံတချို့ထွက်နေတယ်။ ဒါမဟုတ်ပါဘူး။ တကယ်တမ်းသူတို့ လုပ်ချင်ရင် အကုန်ဖြစ်တဲ့အခြေအနေပါ။ နှစ်မျိုးခွကစားလို့ အခုလိုဖြစ်နေတာ လူတိုင်းနီးပါး သိနေပါတယ်။ ဒီတော့ အနီးဆုံးပဲပြောကြရအောင် ၂၀၀၇ မှာ ဘုန်းကြီးတွေကိုအကြမ်းဖက်တော့ ချက်ချင်းလုပ်ခဲ့တာပဲ၊ တလတောင်မကြာဘူး။ တချို့ဘုန်းကြီးကျောင်းတွေ စစ်တလင်းလိုတောင် ဖြစ်ခဲ့ကြတာပဲမလား၊ တပ်က ဘာဖြစ်လို့လုပ်သလဲ အမိန့်ကြောင့် လုပ်တာပါပဲ။ အထက်က ပွင့်ပွင့်လင်းလင်း အမိန့်မပေးလို့သာ ကချင်ကိစ္စက ကြန့်ကြာနေတာပါပဲ။
ဒေါ်အောင်ဆန်းစုကြည်တောင် အခု လူထုနဲ့ တိုက်ရိုက်ထိတွေ့စကားပြောနေသလို ဘာကြောင့် ရွေးကောက်ပွဲကနေတက်လာတာပါပြောတဲ့ အစိုးရရဲ့သမ္မတက လူထုကိုစကားမပြောရတာပါလဲ။ ကိုယ့်ပေါ်လစီအရ တိုက်ရိုက်တိုင်းပြည်နဲ့ လူထုကို မက်ဆေ့ခ်ျမပေးနိုင်တာ တွေ့ရတယ်။ ဒါ ပွင့်လင်းမှုမရှိတာပါပဲ။ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာ သမ္မတတွေဟာ လူထုနဲ့ တိုက်ရိုက်ထိတွေ့ရပါတယ်၊ အခြား အဆင့်ဆင့်ခေါင်းဆောင်တွေလည်း ထို့အတူပါပဲ။ အတိုက်အခံတွေကအစပါ။ ကျနော်တို့တိုင်းပြည်မှာ အတိုက်အခံတွေက လူထုနဲ့ထိတွေ့နေသလောက် အစိုးရနဲ့ အာဏာရပါတီက ပွင့်လင်းမှုမရှိတဲ့ အခြေအနေအတိုင်းသွားနေတာပါပဲ။
ဒီတော့ ... တခါတလေ သူတို့စကားကြုံထုတ်ပြောနေတဲ့ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူးဆိုတာ ယုံကြည်ရခက်ခက်ပါပဲ။ ဥပဒေအရကို အာဏာသိမ်းခွင့်ပေးထားတော့ ဒီဥပဒေကိုက ပြဿနာဖြစ်စေနိုင်တဲ့ ဥပဒေဆိုတော့ တော်တော်သတိထားပြီး သုံးသပ်နေရတဲ့သဘောပါ။ အတိုက်အခံတွေ ခရီးသွားတာတောင် လိုက်နှောက်ယှက်နေရတဲ့အဖြစ် တယ်လဲဆိုးလှပါပကော။
လောလောဆယ် ... ကျနော်တို့နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည့်က ရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့် ပါတီပြန်လည်းထူထောင်တာရော၊ လူထုနဲ့ထိတွေတာရော လုပ်နေတယ်။ ဒေါ်စုအနေနဲ့ သူအတတ်နိုင်ဆုံးလမ်းကြောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကျနော်တို့ အားမလိုအားမရဖြစ်နေတဲ့သူတွေတချို့ရှိနေပေမယ့် ဒါ သူ့အနေနဲ့ အကောင်းဆုံး စွန်းစားမှုလို့ ထင်ပါတယ်။ လူထုကလည်း တော်တော်အားကိုးနေတာ တွေ့ရတယ်။ ပြောရရင် ဒေါ်စုမပါဘဲ မြန်မာ့နိုင်ငံရေးမှာ ဘာမှလုပ်လို့ အဆင်မပြေလောက်ဘူးဆိုတာ အစိုးရရော၊ အတိုက်အခံတော် တော်များများရော၊ နိုင်ငံတကာကပါ သိနေတဲ့သဘောပါ။
ဒီနေရာမှာဒေါ်စုအနေနဲ့ ပွင့်လင်းမြင်သာတာ တချို့ရှိပါတယ်။ မရှိတာလေးတွေလည်း ထောက်ပြချင်တာပါ။ ဒေါ်စုအနေနဲ့ ဒီကနေ့အချိန်အထိ လူထုကိုထုတ်မပြောတဲ့ကိစ္စတွေ ရှိပါတယ်၊ ဦးသိန်းစိန်နဲ့ ဘာတွေ ဆွေးနွေးသဘောတူပါသလဲ၊ ဦးအောင်ကြည့်နဲ့ ဘာတွေဆွေးနွေးပြီး ဆွေးနွေးပွဲရလာဒ်အသေးစိတ်တွေက ဘာတွေပါလဲ။ လူထုကို တိတိကျကျ ရှင်းပြဖို့လိုပါတယ်။ ဦးအောင်ကြည် စာရွက်ကိုင်ပြီးပြောသွားတာတွေ အင်မတန်မှ အပေါ်ယံဆန်ပါတယ်၊ လိုချင်တာ ဒါမျိုးမဟုတ်ပါဘူး။ အသေးစိတ် ထုတ်ပြန်ပေးဖို့ပါ၊ ဒီမိုကရေစီစံနစ်ကိုတည်ဆောက်ချင်ရင် ပွင့်ပွင့်လင်းလင်း သတင်းထုတ်ပြန်တာနဲ့ သတင်းလွတ်လပ်ခွင့်ကို တည်ဆောက်တာကနေ စရတဲ့သဘောရှိပါတယ်။ အခုလို တွေ့ဆုံဆွေးနွေးရေးနဲ့ ပြောင်းချင်တဲ့ဆန္ဒရှိတဲ့သူတွေကို ပြောတာပါ။ ဒီနေရာမှာ အစိုးရတရပ်အနေနဲ့ သိပ်အားနည်းတာ တွေ့ရပါတယ်။
ဒီတော့ ... အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာသလဲဆိုတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အဆင်ပြေပါ့မလား၊ ကြားဖြတ်ရွေးကောက်ပွဲ သန့်ရှင်းမျှတပါ့မလား၊ မကြာခင်က လွတ်လာတဲ့သူတွေ ပြန်ပြီးတော့ ဖမ်းမလား သို့လော သို့လော တွေးနေရတာပါ။ အစိုးရက ပိုတာဝန်ရှိပါတယ်။ ပွင့်ပွင့်လင်းလင်းတိုင်းပြည်ကို တင်ပြလိုက်ပါ။ နိုင်ငံရေးလုပ်နေတဲ့ သူဘယ်သူ့ကိုမှပြန်မဖမ်းပါဘူး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်သွားမယ်၊ ဒီမိုကရေစီစံနစ်ကနေ နောက်ပြန်မလှည့်ပါဘူး။ ဒါတွေ ကြေငြာပေးရပါမယ်။ အစိုးရ ဘာဖြစ်လို့မကြေငြာနိုင်တာလဲဆိုတာ သုံးသပ်ကြည့်တော့ သူတို့ကိုယ်တိုင် ရေးဆွဲထားတဲ့ ဥပဒေအရကိုလွဲနေတော့တာပါပဲ။
စစ်တပ်က အာဏာပြန်မသိမ်းစေရဘူးပြောရအောင်လည်း ဥပဒေအရသိမ်းခွင့်ပေးထားတဲ့အတွက် တချို့ကြုံတုန်း ပါးစပ်ကနေ နောက်မလှည့်တော့ပါဘူးလောက် ပြောနေတာပါပဲ။ ဒီတော့ ဆိုလိုချင်တာက ဥပဒေမှာကို ပြောင်းပစ်၊ ပြင်ပစ်ရမယ့်ဟာတွေရှိနေတာ သေချာပါတယ်။ ဒါကြောင့် ဒေါ်စုက တရားဥပဒေစိုးမိုးမှု တည်ဆောက်ဖို့ဆိုရင် လက်ရှိဥပဒေမှာ လူထုအတွက် အကျိုးမရှိတဲ့ဥပဒေတွေကို ပြင်ပစ်ရမယ်လို့ ပြောနေတာပါ။ ကျနော်ထင်တာ လူထုကြီးက ဒါကို သိပ်သဘောကျနေတာပါ၊ လူထုက အသေးစိတ်ထုတ်မပြောတတ်ပေမယ့် ဘဝအရသိနေတဲ့သဘောပါ၊ နီးရာဓား ကြောက်ရတဲ့ဘဝမှာ နှစ်ပေါင်းများစွာနေလာကြရတာ လူထုပါ။
လတ်တလော ... ပြည်တွင်းငြိမ်းချမ်းရေးအသံတွေ သိပ်ထွက်နေပါတယ်။ ဒေါ်စုလည်း ပြောတယ်၊ ၈၈ တွေလည်း ပြောဆို လှုပ်ရှားနေတယ်၊ အစိုးရကလည်း တဖွဲ့ချင်းအပစ်ရပ်ရေးတွေကို ကိုယ်စားလှယ်နှစ်ဖွဲ့နဲ့ လုပ်နေတယ်။ ရှင်းအောင်လုပ်ရမယ့်ဟာကို ရှုပ်အောင်လုပ်တော့ ပိုကြာနေတာပေါ့ဗျာ။ နိုင်/ကျဉ်းကိစ္စရော၊ ပြည်တွင်းငြိမ်းချမ်းရေးရော၊ နိုင်ငံတကာရောက် မြန်မာပြည်သားတွေကိစ္စရော တခါတည်းနဲ့ တော်တော်လေးခရီးရောက်အောင်လုပ်ချင်ရင် အရင်ဆုံး တရားဝင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ တပြည်လုံး အပစ်ရပ်စဲရေးကို အစိုးရက ကြေငြာလိုက်ဖို့ပါပဲ။ ဒေါ်စုနဲ့ ၈၈ တွေ အပါအဝင် ငြိမ်းချမ်းရေးအင်အားစုတွေနဲ့ပါ လက်တွဲပြီး ပြည်တွင်းငြိမ်းချမ်းရေး အမျိုးသားကော်မတီကိုဖွဲ့ပြီး လုပ်လိုက်ရင် သားရွှေအိုးထမ်းလာတဲ့ကိန်းပါဗျာ။ အခုတော့ သမီးပေးသားမက်ပေး လိုက်လုပ်နေတော့ ယာယီ အပစ်ရပ်တာတွေတောင် ခဏခဏပြန်ဖြစ်နေတာတွေက ကြားနေရတာ တိုင်းပြည်အတွက် ရတက်မအေးလှပါဘူး။ နောက်များပြန်လှည့်သွားလို့ကတော့ သေပါရောဆိုပါတော့ မြန်မာပြည်ပေါ့ဗျာ။
ကိုယဉ်ထွန်း (လူ့ဘောင်သစ်)
ဖေဖော်ဝါရီလ ၂၄ ရက်၊ ၂၀၁၂။
No comments:
Post a Comment