“ယနေ့ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် အစပျိုး ကြိုးပမ်းချက်တွေလို့ ကျွန်တော်တို့ မြင်ပါတယ်”
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်
၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ကျောင်းသားများကို ကိုယ်စားပြုသည့် ပါတီတစ်ရပ်အဖြစ် ပြည်တွင်းတွင် ဖွဲ့စည်းခဲ့ပြီးမှ နှစ်ပေါင်း၂၀ ကျော် ပြည်ပရောက် နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခဲ့သည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် သမ္မတ ဦးသိန်းစိန် အစိုးရသစ်လက်ထက် ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တစ်နာရီကျော်ကြာ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များဖြစ်သော ဦလှမောင်ရွှေ၊ ဦးတင်မောင်သန်းနှင့် ဦးဆန်နီတို့ သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ပါတီဘက်မှ ဦးအောင်မိုးဇော်ဦးဆောင်သော ပါတီအဖွဲ့ဝင်များက လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မိုးသီးဇွန်က ဦးဆောင်၍ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် တရားဝင်ကြေညာရပ်တည်ခဲ့ခြင်း ဖြစ်သည်။
၁၉၉၀ တွင် ပါတီခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ ပါတီကိုပါ ဖျက်သိမ်းခံရသည့်အတွက် တိမ်းရှောင်သွားသည့် ပါတီခေါင်းဆောင်များက ၁၉၉၁ တွင် ပါတီကို ထိုင်း-မြန်မာနယ်စပ်ရှိ မာနယ်ပလောဒေသသို့ ပြောင်းရွှေ့ခဲ့ရာမှ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပြင် အခြားသော ပြည်ပရောက် နိုင်ငံရေးအင်အားစု၊ အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများကို ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ဆက်လက် ဆောင်ရွက်လျက်ရှိရာ ပြည်ပရောက် နိုင်ငံရေးပါတီတစ်ခု၏ လက်ရှိ ဆွေးနွေးပွဲများအပေါ်အမြင်ကို လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day News မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
- ဦးအောင်မိုးဇော်တို့ ဒီနေ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံမှုအခြေအနေက ဘယ်လိုရှိပါသလဲ။
နွေးထွေးမှုရှိတဲ့ တွေ့ဆုံမှုပါ။ ပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုလို့ ပြောလို့ရပါတယ်။
- ခုတွေ့ဆုံမှုကနေ လက်ဆုပ်လက်ကိုင်ပြောလို့ရတဲ့ ရလဒ်ရှိခဲ့တယ်လို့ ပြောလို့ရမလား။ ဒါမှမဟုတ် ဒီလိုတွေ့ဆုံမှုတွေကနေ အမျိုးသားရင်ကြားစေ့ရေးကို ဘယ်လောက်အတိုင်းအတာထိ ဖော်ဆောင်နိုင်မယ်လို့ ထင်မြင်ယူဆပါသလဲ။
ရင်းနှီးမှု၊ နားလည်မှု ပိုမိုရရှိလာတယ်လို့ ထင်ပါတယ်။ နောက်ထပ် တွေ့ဆုံမှုတွေ အများကြီးလုပ်ရဦးမယ်လို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ကတော့ ယနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ တရားဝင်ပါဝင်ပြီး တခြား နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲပြီး တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နည်းလမ်းရှာဖွေတာ ဖြစ်ပါတယ်။
- ဦးအောင်မိုးဇော်တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တွေ့ဆုံဖို့ကို ဘယ်လိုဆက်သွယ်မှု ရခဲ့တာပါလဲ။
ဒီလဆန်းပိုင်းမှာ ငြိမ်းချမ်းရေး အကျိုးဆောင်တွေထဲက ဒေါက်တာကျော်ရင်လှိုင် ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ အဲဒီကစတယ်လို့ ပြောရမယ်။ နောက် လေး၊ ငါးရက်ကြာတော့ ကျွန်တော်တို့ကို ဖိတ်စာပို့လာတယ်။ ဒီ ဖိတ်ခေါ်မှုကို ကျွန်တော်တို့က ကြိုဆိုလက်ခံခဲ့တယ်။ ဒါကြောင့် ဆွေးနွေးပွဲ ဖြစ်ခဲ့တာပါ။
- ဒီအဖွဲ့က လက်နက်ကိုင်အဖွဲ့တွေ၊ လက်နက်ကိုင်ပါတီတွေနဲ့ အဓိက တွေ့ဆုံနေတဲ့အချိန်မှာပဲ လူ့ဘောင်သစ်ပါတီလို ပြည်ပရောက် နိုင်ငံရေးပါတီကို တွေ့ဆုံဖို့ ကမ်းလှမ်းတဲ့အပေါ် ဦးအောင်မိုးဇော် ဘယ်လိုမြင်ပါသလဲ။
ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပ နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ကို ဖော်ဆောင်ဖို့ လိုအပ်တယ်လို့ ယူဆပြီး အဲဒီလို ဖိတ်ကြားတယ်လို့ ကျွန်တော်ထင်ပါတယ်။
- ပါတီအနေနဲ့ တွေ့ဆုံဖို့ လက်ခံလိုက်တာဟာ လက်ရှိ ဒီအဖွဲ့ကလုပ်နေတဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုတွေကို အတိုင်းတာ တစ်ခုအရ လက်ခံလို့၊ ထောက်ခံလို့လို့ ပြောရင်ရမလား။
ယနေ့ ငြိမ်းချမ်းရေးစကားပြောဆိုမှုတွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးရရှိဖို့အတွက် အစပျိုးကြိုးပမ်းချက်တွေလို့ ကျွန်တော်တို့ မြင်ပါတယ်။ ပါတီအနေနဲ့ ကြိုဆိုပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်တော့ ဆက်လုပ်ရဦးမှာ ဖြစ်ပါတယ်။
- ပြီးတော့ သမ္မတ ဦးသိန်းစိန်အစိုးရအပေါ် ဒီအဖွဲ့ရဲ့ ကိုယ်စားပြုနိုင်မှုကို ဘယ်လိုသုံးသပ်မိပါသလဲ။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဟာ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်သလို နိုင်ငံတော်သမ္မတရဲ့ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လောက်အတိုင်းအတာထိ တာဝန်ပေးအပ်ခြင်း ခံရတယ်ဆိုတာတော့ ကျွန်တော်လည်း မသိနိုင်ပါဘူး။ သို့သော်လည်း ဦးအောင်မင်းဟာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းတွေမှာ တော်တော်ကို ထဲထဲဝင်ဝင် လေးလေးနက်နက် လုပ်ဆောင်နေတဲ့ ဝန်ကြီးတစ်ဦးဖြစ်တယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။
- အရင်လက်နက်ကိုင်တွေနဲ့တွေ့တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါ့လေ။ အခုပါတီတွေနဲ့တွေ့တာကျတော့ ဘယ်လို ခေါင်းစဉ်အောက်က ဖြစ်မလဲ။ အစိုးရဘက်က ဘယ်လိုပုံစံမျိုးနဲ့ ကမ်းလှမ်းခဲ့တာလဲ။
ကျွန်တော်တို့နဲ့ နိုင်ငံရေးစကားပြောဖို့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာပါ။ ဘယ်ခေါင်းစဉ်လည်းဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ နိုင်ငံသားတစ်ဦးအနေနဲ့ဖြစ်ဖြစ်၊ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ဖြစ်ဖြစ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာတွေ ပြေလည်စေဖို့၊ ကျွန်တော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာနိုင်စေဖို့ စကားပြောရမယ်ဆိုရင် ဘယ်သူနဲ့မဆို ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် တွေ့ဆုံပြောဆိုမှာ ဖြစ်ပါတယ်။ စကားပြောဆိုတာဟာ အငြင်းပွား ရန်ဖြစ်နေတာထက်စာရင် အဖြေရဖို့ နီးစပ်နိုင်ပါတယ်။
- ဦးအောင်မိုးဇော်အနေနဲ့ ပြည်ပရောက်ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ အခုလို ပြည်တွင်းအစိုးရတာဝန်ရှိသူတွေရဲ့ ကမ်းလှမ်းမှုကိုရတာ ပထမဆုံးဖြစ်မယ် ထင်ပါတယ်။ အဲဒီလို တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ခဲ့ပါသလား။
တစ်ချိန်ချိန်မှာ ကျွန်တော်တို့ စကားပြောကို ပြောရမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ခဲ့ပါတယ်။ ကျွန်တော်တို့ အနှစ် ၂၀ ကျော် တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်ရဲ့ မျှော်မှန်းချက်ဟာ တိုင်းပြည်ကို နာကျင်မှု အနည်းဆုံးနဲ့ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ရောက်အောင်၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ် ရောက်အောင် တွန်းတင်နိုင်ဖို့ပါပဲ။
- ပြည်တွင်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးချင်ပါတယ်။ လက်ရှိနိုင်ငံရေး အခင်းအကျင်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ။
ကျွန်တော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို တက်လှမ်းနိုင်ဖို့အတွက် အခြေအနေသစ်တွေ ဖြစ်ထွန်းနေတယ်လို့ သုံးသပ်ပါတယ်။ ဒီအခြေအနေတွေကို အားလုံးက မိမိရရ ဆုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။ နောက်ကြောင်းပြန်လှည့်မှာကိုတော့ အတော်ကို စိုးရိမ်မိပါတယ်။ တိုင်းပြည်က အရမ်းနာနေပြီ။ အာဏာပိုင်များ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး ခိုင်ခိုင်ခန့်ခန့် လက်တွဲနိုင်တဲ့အခြေအနေရှိမှ သူများတွေထက် လေး၊ ငါးဆယ်ဆ အပင်ပန်းခံပြီး ကြိုးစားနိုင်ပါမှ ကြိုးပမ်းနိုင်မယ့် အခွင့်အလမ်းအခြေအနေတွေကိုလည်း လက်ရှိ အစိုးရအနေနဲ့ မဖြစ်ဖြစ်အောင် ဖန်တီးမယ်၊ နောက်ပြန်မလှည့်တော့ဘူးဆိုတဲ့ နိုင်ငံရေးစိတ်ဆန္ဒ ပြင်းထန်ပါမှ ကျွန်တော်တို့ တိုင်းပြည်ခံစားနေရတဲ့ ရောဂါဝေဒနာတွေ တဖြည်းဖြည်း ကုစားသွားနိုင်ပါလိမ့်မယ်။
- ပြည်တွင်းက အရင်လက်ကျန် အင်အားစုတွေရော ပြန်လည်စုစည်းပြီး ပြည်တွင်းမှာရော တရားဝင်နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်ဖို့ ဖြစ်လာနိုင်လား။ အခုလို ဆွေးနွေးမှုတွေကနေ ဒါမှမဟုတ် လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကို မြင်တွေ့ရခြင်းတွေကနေပြီးတော့ပေါ့။
တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်နိုင်တဲ့ အခင်းအကျင်းရှိခဲ့ရင် ကျွန်တော်တို့ တရားဝင်ပါတီအဖြစ် ရပ်တည်မှာပါ။ အဲဒီလို အခြေအနေဖြစ်ဖို့ အချိန်တော့ နည်းနည်းယူရဦးမယ် ထင်တယ်။
- နောက်ဆုံးမေးချင်တာကတော့ ပြည်ပရောက်နေတဲ့ ပုဂ္ဂိုလ်အချို့ ပြန်လာတာတွေ့ရပါတယ်။ ဦးအောင်မိုးဇော် မြန်မာပြည် ပြန်လာဖို့ အစီအစဉ် ရှိပါသလား။ ပြန်လာနိုင်မယ့် အခြေအနေရောရှိပြီလို့ ယုံကြည်ပါသလား။
ကျွန်တော်အနေနဲ့ကတော့ ပါတီနဲ့အတူ ကျွန်တော်တို့ ရဲဘော်ရဲဘက်အားလုံးနဲ့အတူ ပြန်လာနိုင်တဲ့ အခြေအနေရှိမှ ပြန်လာမယ်လို့ ပြောချင်ပါတယ်။
-xxx-
No comments:
Post a Comment