Wednesday, January 4, 2012

ဗြောင်လိမ်ဗြောင်စား လွတ်ငြိမ်းချမ်းသာခွင့်များ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
သုတေသနနှင့်လေ့လာရေးဌာန

ဝေဖန်သုံးသပ်ချက် အမှတ်စဉ် (၁/၂၀၁၂)
(၂၀၁၂-ခုနှစ် ဇန်နဝါရီလ ၄ ရက်)

ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၂ ရက်နေ့ နေ့စွဲဖြင့် “လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်ကို နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၁/၂၀၁၂ ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

လွတ်လပ်ရေးနေ့တွင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးမည်ဟုဆိုသော သတင်းများကြောင့် အားလုံးက စောင့်မျှော်နေကြချိန်တွင် ယခုကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ ကြံ့ဖွံ့အစိုးရ ဝန်ကြီးတဦးဖြစ်သူ မီးရထားဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ပြောကြားခဲ့သော စကားများကြောင့် မျှော်လင့်ချက်အပြည့်နှင့် စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။

“လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်တွင်

(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများ အတွက် ထောင်ဒဏ် တသက် (နှစ်အကန့်အသတ် မရှိ) သို့ ပြောင်းလဲ ကျခံစေရန် လည်းကောင်း။

(ခ) ထောင်ဒဏ် နှစ် ၃၀ အထက် (နှစ်အကန့်အသတ် မရှိနှင့် ထောင်ဒဏ်တသက် ကျခံနေ ရသည့် အကျဉ်းသားများမပါ) အား ထောင်ဒဏ် ၃၀ နှစ်သို့ လျှော့ပေါ့ကျခံစေရန် လည်းကောင်း။

(ဂ) ထောင်ဒဏ် နှစ် ၂၀ အထက်မှ ထောင်ဒဏ်နှစ် ၃၀ အထိ ကျခံနေရသည့် အကျဉ်းသားများအား ထောင်ဒဏ် နှစ် ၂၀ သို့ လျှော့ပေါ့ကျခံစေရန် လည်းကောင်း။

(ဃ) ထောင်ဒဏ် နှစ် ၂၀ အောက်ကျခံနေရသည့် အကျဉ်းသားများအား ယင်းတို့ကျခံနေသော ထောင်ဒဏ်၏ လေးပုံတပုံအား လျှော့ပေါ့ကျခံစေရန် လည်းကောင်း ဖော်ပြထားသည်။

ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်၏ ယခုလွတ်ငြိမ်းချမ်းသာခွင့်သည် သူ့အစိုးရ သက်တမ်း ၉ လကျော် သက်တမ်းအတွင်း ၃ ကြိမ်မြောက် ဖြစ်သည်။ ယခင် နှစ်ကြိမ်ဖြစ်သော မေလ ၁၆ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အောက်တိုဘာလ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်များအရ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်ခဲ့သကဲ့သို့ ယခုတကြိမ်တွင်လည်း နိုင်ငံရေးအကျဉ်းသားအများစု မလွတ်မြောက်နိုင်အောင် စနစ်တကျအကွက်ချ၍ ကြေညာလိုက်ခြင်း ဖြစ်သည်။

“ကိုမင်းကိုနိုင်တို့ အပါအဝင် ထောင်ဒဏ် ၆၅ နှစ် အထက်ကျခံနေရသူတွေဟာ အမှုတစ်ခုချင်းစီအလိုက် ထောင်ဒဏ် ၁၅ နှစ်နဲ့ ၄ မှုအထက်ကျသူတွေ ဖြစ်နေပါတယ်။ ဒီအတွက်ကြောင့် သူတို့တွေဟာ အနှစ် ၂၀ အောက် လေးပုံတစ်ပုံထဲ ပါနေတယ်လို့ နားလည်ပါတယ်။ အခု လျော့ချလိုက်တဲ့အတွက် ထောင်ထဲမှာ ၄၈ နှစ်နဲ့ ၄ လ ကျော်ကျော်လောက် ဆက်ရှိနေရမဲ့ သဘောဖြစ်နေပါတယ်။” ကိုမြတ်သူ (၈၈ မျိုးဆက် ကျောင်းသား အဖွဲ့) Eleven Media Group

သမ္မတ ဦးသိန်းစိန်၏ “လွတ်ငြိမ်းချမ်းသာခွင့်ပြု” အမိန့်သည် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအများစုကို အကျဉ်းထောင်အသီးသီမှ မလွတ်မြောက်စေရန် အစီအစဉ်ရှိရှိ လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။

“အခုချိန်မှာ ဟိုဝန်ကြီးက ပြောလိုက်၊ ဒီဝန်ကြီးက ပြောလိုက်၊ လူ့အခွင့်အရေးကော်မရှင်က ပြောလိုက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတော့မလိုလိုနဲ့ ပြောခဲ့ကြပြီးမှ မလွှတ်ချင်တဲ့အတွက် တိုင်းပြည်ကို ဗြောင်လိမ်သလိုဖြစ်နေပြီး ဘာကိုမှ မယုံကြည်ရတော့သလို ဖြစ်သွားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ကိစ္စဟာ အင်မတန် အရေးကြီးပါတယ်။” လူထုဦးစိန်ဝင်း Eleven Media Group

ကြံ့ဖွံ့အစိုးရ အာဏာရလာချိန်မှစပြီး ကုလသမဂ္ဂ အပါအဝင် အာဆီယံနိုင်ငံများ၊ နိုင်ငံတကာ ခေါင်းဆောင်များ ပြည်သူများက ကြံ့ဖွံ့အစိုးရအား နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းနေသည်။ ထို့အတူ မြန်မာနိုင်ငံသား လူထု လူတန်းစား အလွှာအသီးသီးမှ ပြည်သူများကလည်း နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုနေသည်။
ထိုသို့ ဘက်ပေါင်းစုံမှကျရောက်နေသော ဖိအားမျာကို ကျော်လွှားနိုင်ရန်အတွက် ကြံ့ဖွံ့အစိုးရသည် ကတိအမျိုးမျိုးကို ပေးခဲ့သည်။သို့သော် နိုင်ငံရေးအကျဉ်းသားများအပေါ် တန်ဖိုးထားစိတ်နှင့် လက်တွေ့လွှတ်ပေးချင်စိတ်တို့မှာမူ ကြံ့ဖွံ့အစိုးရတွင် လုံးဝ မရှိကြောင်း ၎င်းတို့၏လွတ်ငြိမ်းချမ်းသာခွင့် ၃ ကြိမ်က အတိအလင်းဖော်ပြနေပါသည်။

-xxx-

No comments:

Post a Comment