Tuesday, November 22, 2011

မျက်မှောက် ဗမာပြည်နိုင်ငံရေး နဲ့ Crony စီးပွားရေးစနစ် အန္တရာယ် (ရဲဘော်ထွန်းဦး)

မျက်မှောက်နိုင်ငံရေးအခြေအနေကို အကဲဖြတ်ကြတော့မယ်ဆိုရင် အနီးခေတ်သမိုင်းဖြစ်စဉ်၊ လက်တွေ့နိုင်ငံရေး လုပ်ဆောင်မှုများနဲ့ အခြားအခြားသော ဆက်စပ်ပတ်သက်နေမှုများကို နက်နက်ရှိုင်းရှိုင်းလေ့လာမှုက စတင်ကြရတာ ဖြစ်တယ်။ ကြံ့/ဖွံ့ အစိုးရဟာဘယ်လို အစိုးရလဲဆိုတဲ့ အကြောင်းပြောရင် နဝတ – နအဖ စစ်အုပ်စု၊ စစ်အစိုးရ အကြောင်း မပြောလို့ မဖြစ်ဘူး။ စစ်အစိုးရ ဖြစ်တည်လာမှုနဲ့ ကြီးထွားလာမှုကို မပြောလို့မဖြစ်ဘူး။ မေ့ထားလို့မရဘူး။ ကြံ့/ဖွံ့ အစိုးရ ဖြစ်တည်လာမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ ဖြစ်တယ်။

နဝတ – နအဖ စစ်အုပ်စု၊ စစ်အစိုးရ ဘယ်လိုဖြစ်တည်လာ၊ ကြီးထွားလာခဲ့သလဲ။

ရှစ်လေးလုံးအရေးတော်ပုံကို မဆလ အစိုးရက လက်နက်ကိုင်အင်အားသုံးပြီး ဖြေရှင်းခဲ့တယ်။ ၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှာတော့ တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို စစ်တပ်က အကြွင်းမဲ့ သိမ်းပိုက်လိုက်တယ်။ မဆလ အစိုးရရဲ့ အာဏာအမွေကို စစ်တပ်ကရယူလိုက်ပြီး ဗမာပြည်နိုင်ငံရေးရဲ့ ထိပ်ဆုံးအလွှာမှာ ရပ်တည်လာခဲ့တယ်။ နဝတ စစ်အုပ်စုအဖြစ်နဲ့ နိုင်ငံရေးဇာတ်ခုံမှာ စတင်ပေါ်ထွက်လာခဲ့တာဖြစ်တယ်။

အာဏာသိမ်း စစ်အုပ်စုဟာ အာဏာသိမ်းစမှာ ပါတီစုံနိုင်ငံရေးစနစ်ကို တည်ရှိခွင့်ပြုမယ်ဆိုပြီး ပြောဆိုခဲ့တယ်။ ဒါပေမယ့် ဟန်ပြပြောတာ ဖြစ်ခဲ့တယ်။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ပွဲတခုတော့ ကျင်းပပေးခဲ့ဖူးတယ်။ လူထုက NLD ပါတီကို ပြတ်ပြတ်သားသား ဆန္ဒမဲပေးပြီး ထောက်ခံခဲ့တယ်။ သို့သော် စစ်အုပ်စုဟာ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေမယ့် နိုင်ငံရေးအာဏာကို လွှဲပြောင်းပေးခြင်း မရှိခဲ့။ ထိုအပြင် တရားဝင်နိုင်ငံရေးပါတီများရဲ့ နိုင်ငံရေးလုပ်ငန်းများကိုလည်း ဥပဒေအမျိုးမျိုးထုတ်ပြန်ကာ ချူပ်ချယ်ကန့်သတ်ခဲ့တယ်။ အင်အားသုံးဖိနှိပ်မှုများကြောင့် ယနေ့ထိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ရှိနေသေးတယ်။


အထူးသဖြင့် ၉၀ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကို ဦးတည်ရန်သူအဖြစ်သတ်မှတ်ပြီး နိုင်ငံရေးအရ ဖိနှိပ်မှုများ အဆက်မပြတ်လုပ်ခဲ့တယ်။ တဖက်က စစ်အုပ်ဟာ ပြိုင်ဖက်နိုင်ငံရေးအုပ်စုများကို အာဏာဖြင့် နှိပ်ကွပ်မှုလုပ်ခဲ့သလို တဖက်က စစ်အာဏာရှင်စနစ် ခိုင်မာရေးအတွက် စီမံကိန်းတကျ လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်။ ၁၅ နှစ်ကြာရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေကိုကြည့်ရင် သိနိုင်တယ်။

နဝတ – နအဖ စစ်အုပ်စု၊ စစ်အစိုးရ ဖြစ်တည်မှု၊ ကြီးထွားမှုဖြစ်စဉ်တိုင်းမှာ လူထုကိုယ်စားပြု နိုင်ငံရေးအင်အားစုတိုင်းကို နိုင်ငံရေးအရဖိနှိပ်မှုမပါရှိပဲနဲ့ မဖြစ်တည်နိုင်၊ မကြီးထွားနိုင်ဘူးဆိုတာ တွေ့ဖူးခဲ့ကြပြီ။ ဒါဟာ အခြေခံဒီမိုကရေစီရရှိရေး လှုပ်ရှားဆောင်ရွက်မှုတိုင်းကို ချေမှုန်းပစ်မှသာ စစ်အာဏာရှင်စနစ်က ဘေးကင်း၊ ရန်ကင်း ကြီးထွားနိုင်တယ်ဆိုတဲ့ အချက်ကို သိစေလိုက်တာဖြစ်တယ်။ 

စစ်အာဏာရှင်စနစ် ခိုင်မြဲရေး / ကြီးထွားရေးအတွက် စီးပွားရေးအခြေခံအုတ်မြစ်များ လိုအပ်လာခြင်း။

စစ်အုပ်စု အာဏာခိုင်မြဲရေး/ ကြီးထွားရေးဖြစ်စဉ်ကို လျင်မြန်ဖြစ်ထွန်းဖို့ရန်အတွက် စီးပွားရေးတောင့်တင်းဖို့ လိုအပ်ချက် ပေါ်လာပြန်တယ်။ မဆလ စစ်အုပ်စုရဲ့ စီးပွားရေးစနစ်ဟောင်းများကို ပြောင်းလဲပစ်ဖို့၊ အစားထိုးဖို့ အရေးကြီး လိုအပ်ချက် ရှိလာခဲ့တယ်။ အာဏာသိမ်းစစ်အစိုးရဟာ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးမယ်ဆိုတဲ့အကြောင်း ခါတော်မီ ဝါဒဖြန့် ကြွေးကြော်လာခဲ့တယ်။

တကယ်တမ်းတော့ စစ်အုပ်စုဟာ နိုင်ငံရေးအာဏာ သိမ်းပိုက်မိကတည်းက မဆလ စစ်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းကို အလိုလိုချုပ်ကိုင်ပြီးသား ဖြစ်တယ်။ နိုင်ငံရေးအာဏာချုပ်ကိုင်တားတဲ့ သက်တမ်းကြာလေ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့ စီးပွားရေးလုပ်ငန်းခွင်တိုင်း (လယ်ယာမြေ၊ သတ္တုသိုက်၊ လောင်စာစွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ သစ်တောလုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ အကြီးစား ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားနဲ့ ဟော်တယ်လုပ်ငန်း - - စသည်တို့) ကို လက်ဝါးကြီးအုပ်လာမှု ပိုမို ကျယ်ပြန့်နက်ရှိုင်းလေဖြစ်တယ်။

ဦးဆုံးအားဖြင့် အာဏာသိမ်းပြီး နှစ်အနည်းငယ်အတွင်း (၁၉၉၀ ခုနှစ်) တွင် စစ်တပ်အသုံးစရိတ်နှင့် ရန်ပုံငွေအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဆိုတဲ့ စစ်တပ်စီးပွားရေးလုပ်ငန်းစုဆိုတာကို ထူထောင်လိုက်တယ်။ အဲဒီကုမ္ပဏီရဲ့ ရင်းနှီးမတည်ငွေကို တိုင်းပြည်ရဲ့ဘဏ္ဍာငွေထဲကနေပြီး ကျပ်ငွေကုဋေပေါင်း ၁၀၀၀ ကို အသုံးပြုခဲ့တာ ဖြစ်တယ်။ ဒီ ရင်းနှီးမတည်ငွေရဲ့ ၆၀ % ကို စစ်တပ်အသိုင်းအဝိုင်းကထည့်ပြီး၊ ၄၀ % ကိုတော့ အစိုးရက ထည့်ရတယ်။ ဦးပိုင်လီမိတက် စတင်စဉ်က အဓိကစီးပွားရေးလုပ်ငန်းဟာ သွင်းကုန်ပို့ကုန်လုပ်ငန်းဟာ အဓိကလုပ်ငန်း ဖြစ်ခဲ့တယ်။

(၁၉၈၈ ခုနှစ်က ပြည်တွင်းလှည့်လည်သုံးစွဲငွေ ပမာဏ= ကုဋေ ၁၂၀၀ သာရှိသည်) 

ဦးပိုင်စီးပွားရေးလုပ်ငန်းစု ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ ၉၀ ခုနှစ်ရွေးကောက်ပွဲပြီးလျှင် အရပ်သားအစိုးရ တက်လာနိုင်တယ်။ အဲဒီအစိုးရတက်လာတဲ့အခါ စစ်အုပ်စုအတွက် စီးပွားရေးအခွင့်အလန်း နည်းပါးလာနိုင်တယ်။ ဒါကြောင့် စစ်သားစဉ်းစားချက်အတိုင်း လက်ဦးမှုရယူပြီး စီးပွားရေးနယ်ပယ်မှာ ကတုတ်ကျင်းတူးပြီး တပ်စွဲလိုက်တဲ့ သဘောပါ။ ဦးပိုင်ကို အခြေခံထားပြီး စစ်သားလူတန်းစားများအတွက် ဠင်းတ, တသောင်းနားခိုနိုင်တဲ့ စီးပွားရေး သစ်ပင်ကြီးတပင်ကို စိုက်ထူလိုက်တာလည်း ဖြစ်တယ်။

စစ်အုပ်စုရဲ့ အာဏာခိုင်မြဲရေးအတွက် ဦးပိုင်လီမိတက်ဟာ စစ်အုပ်စုရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ တိုးပွားလာရာ ပင်မရေသောက်မြစ်အဖြစ် ဖန်တီးလိုက်တာဖြစ်တယ်။ စစ်အုပ်စုလက်ထဲ အာဏာရှိစဉ်ဖန်တီးရတဲ့အတွက် အာမခံချက်ပိုရှိတယ်။ ဦးပိုင်စီးပွားရေးလုပ်ငန်းဟာ နဝတ – နအဖ စစ်အစိုးရလက်ထဲ ဦးဆုံးပေါ်ပေါက်လာခဲ့တဲ့ လက်ဝါးကြီးအုပ် စီးပွားရေးအဖွဲ့ ဖြစ်ခဲ့တယ်။

အာဏာသိမ်းစစ်အစိုးရဟာ အာဏာသက်တမ်းကြာလာတာနဲ့အမျှ ၎င်းတို့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာ တဖြည်းဖြည်း တိုးချဲ့ လက်ဝါးကြီးအုပ်လာလိုက်တာ ရေသန့်လုပ်ငန်းတောင် လက်လွှတ်မပေးခဲ့ဘူး။ ဦးပိုင်စီးပွားရေးလုပ်ငန်းစုရဲ့ လက်ဝါးကြီးအုပ်မှုတွေကို အကြမ်းအားဖြင့်ဖော်ပြရလျှင် ဘဏ်လုပ်ငန်း၊ ကုန်တိုက်နဲ့ အရောင်းဆိုင်လုပ်ငန်း၊ ရွှေ သတ္တုနဲ့ ကျောက်မျက်တူးဖော်ရေးလုပ်ငန်း စက်သုံးဆီလုပ်ငန်း၊ ပင်လယ်ကူးသင်္ဘောလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်း၊ ခရီးသည် သည်ယူပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန် သွင်းကုန်လုပ်ငန်း၊ စက်မှုထုတ်လုပ်ရေးလုပ်ငန်း …. စတာတွေပါပဲ၊၊

ဒီလုပ်ငန်းတွေနဲ့တင် အားမရတဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနပိုင်တဲ့ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဆိုတဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည် တိုးချဲ့လုပ်ကိုင်ထားလျှက်ရှိတယ်။

စစ်အုပ်စု အာဏာချုပ်ကိုင်ထားတဲ့ကာလအတွင်းမှာပဲ မဆလ လက်ထက်ကတည်းက သန္ဓေတည်လာခဲ့တဲ့ ဗျူရိုကရက် အရင်းရှင်လူတန်းစားတရပ် (တချို့က Crony – မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်း စီးပွားရေးလုပ်ငန်းရှင်များလို့ခေါ်) ဟာ အရှင်မွေး၊ နေ့ချင်းကြီးဆိုသလို လူအဖွဲ့အစည်းထဲမှာ ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့တယ်။ ထင်ရှားတဲ့ Cronies လုပ်ငန်းရှင်တွေကတော့ ဦးတေဇ (ထူးကုမ္ပဏီ)၊ ဦးထွန်းမြင့်နိုင် (အေးရှာဝေါ) ကုမ္ပဏီ၊ ဦးဇော်ဇော် (မက်စ်မြန်မာ)၊ ဦးခင်ရွှေ (ဇေကမ္ဘာ ကုမ္ပဏီ)၊ ဦးဌေးမြင့် (ယုဇနကုမ္ပဏီ)၊ အောင်ကိုဝင်း (ခ) ဆရာကျောင်း (ကမ္ဘောဇဘဏ်)၊ ဦးအောင်ခမ်းထီ (နေပြည်တော် ဆောက်လုပ်ရေး)၊ ဦးကျော်ဝင်း (ရွှေသံလွင်)၊ ဦးချစ်ခိုင် (ဧဒင်)၊ ဦးရန်ဝင်း (အေဝမ်းကုမ္ပဏီ) — စသူတို့ဖြစ်ကြတယ်။

ဒီစီးပွားရေးလုပ်ငန်းရှင်တွေဆိုတာကလည်း တကယ်တမ်းအားဖြင့် စစ်အုပ်စုရဲ့ မိသားစုများ၊ ဆွေမျိုးများနှင့် ၎င်းတို့ရဲ့ သြဇာခံများပင် ဖြစ်ကြပါတယ်။ စစ်အုပ်စုအုပ်စိုးတဲ့ အနှစ် ၂၀ ကျော်အတွင်းမှာ တိုင်းပြည်ထဲရှိ လုပ်ခင်းကိုင်ခင်းမှန်သမျှကို သူတို့ချင်း ခွဲဝေခဲ့ပြီးခဲ့ပြီး၊ အကျိုးဆက်အဖြစ် ဧရာဝတီမြစ်ကြီးကို ရောဂါရစေခဲ့တယ်။ လူထုတွေရဲ့ နေထိုင်မှုဘဝတွေ တည်ငြိမ်အေးချမ်းမှု မရှိခဲ့ဘူး၊ တိုင်းသူပြည်သားအများစုအား ဆင်းရဲမွဲတေမှုကို ဖြစ်စေခဲ့တယ်။ သို့သော် လက်တဆုပ်စာ စစ်အုပ်စုနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ စီးပွားရေးလုပ်ငန်းရှင်များကတော့ တိုင်းပြည်ရဲ့ လူချမ်းသာတွေ ဖြစ်လာကြတယ်။

ဒီနှစ် ၂၀ ကျော်အတွင်း စစ်အုပ်စုရဲ့ အရင်းအနှီးစုပုံလာမှုဟာ တိုင်းပြည်ရဲ့ သယံဇာတပစ္စည်းများနှင့် စီးပွားရေး အသက်သွေးကြောမှန်သမျှကို လက်ဝါကြီးအုပ် ချုပ်ကိုင်နိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတွေ လက်ဝါးကြီးအုပ်နိုင်ဖို့ရန်အတွက် နိုင်ငံရေးအာဏာဟာ စစ်အုပ်စုအတွက် မရှိမဖြစ်တဲ့ လိုအပ်ချက်ဖြစ်လာပါတော့တယ်။ နိုင်ငံရေးအာဏာ နဲ့ အရင်းအနှီးတို့အကြား သိပ်သိပ်သည်းသည်း ပူးပေါင်းလာကြတယ်။ အပြန်အလှန် ထောက်ကူ အကျိုးပြုနေကြတယ်။

ဒီနည်းဖြင့် စစ်ဗျူရိုကရက် အရင်းရှင်စနစ် (Cronies စီးပွားရေးစနစ်)ဟာ ဗမာပြည်လူ့အဖွဲ့အစည်းအတွင်း ခြေကုပ်မြဲလာခဲ့တယ်။ တပြိုင်နက်တည်းမှာ ဗမာပြည်လူ့အဖွဲ့အစည်းကို အသက်ရှူပေါက်မရှိအောင် လွှမ်းခြုံရစ်ပတ်ထားတာာကို တွေ့နေကြရပြီ။ ဒါဟာ တိုင်းပြည်ကို ကျဆုံးနိုင်ငံ (Failed State) အဖြစ်သို့ ရောက်အောင်တွန်းပို့နေတဲ့ အဓိက အကြောင်းအချက်ဖြစ်တယ်။ 

ကြံ့ / ဖွံ့ အစိုးရဆိုတာ ဘယ်လိုအစိုးရလဲ။

နဝတ – နအဖ စစ်အစိုးရဟာ ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကို ချေမှုန်းခဲ့ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးဘဝ၊ စီးပွားရေး ဘဝ၊ လူမှုရေးဘဝတွေကို ချုပ်ကိုင်စိုးမိုးခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်ခဲ့တယ်။ ဒီအနှစ် ၂၀ ကျော်အတွင်းမှာ အမျိုးသားသွေးစည်းညီညွတ်ရေးမရှိခဲ့တဲ့ တိုင်းပြည်ရဲ့အခြေအနေကို ပိုမိုကျဲကွဲအောင် လုပ်ဆောင်ခဲ့တယ်။ ဒီနည်းဖြင့် စစ်အာဏာရှင်စနစ်ကို အခိုင်အမာတည်ဆောက်ခဲ့တာ ဖြစ်တယ်။

စစ်အုပ်စုဟာ စစ်အစိုးရအဖြစ်တိုင်းပြည်ကို ဗိုလ်ကျအုပ်ချုပ်ခဲ့စဉ်အတွင်း ဘယ်ခေတ်၊ ဘယ်ကာလနဲ့မှမတူတဲ့ အရင်းအနှီးတွေ စုပုံလာခဲ့တယ်။ ဒီလို လုယက်ပြီးရယူခဲ့တဲ့ အရင်းအနှီးတွေ ပွန်းပဲ့မသွားဖို့နဲ့ တိုးပွားဖို့ နိုင်ငံရေးအာဏာဟာ မရှိမဖြစ် လိုအပ်နေတဲ့ အရာတခုဖြစ်တယ်။ ဒါကို စစ်အုပ်စုက တစက္ကန့်လေးတောင် မလစ်ဟင်းခဲ့ဘူး။ ဘာကြောင့်လဲ ဆိုရင် အာဏာဟာ အုပ်စိုးသူတိုင်းရဲ့ အောက်ဆီဂျင်ဖြစ်လို့ပါပဲ။

နိုင်ငံရေးအာဏာဟာ စစ်အုပ်စုရဲ့နိုင်ငံရေး၊ စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်ချက်ဖြစ်လာခဲ့ရတယ်။ ရရှိထားတဲ့ အာဏာလက်မလွှတ်ရရေးအတွက် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ဆိုတဲ့ ဓားတစင်းကို ဖန်တီးခဲ့တယ်။ တပြိုင်နက်တည်းမှာ ဗမာပြည်နိုင်ငံရေးဇာတ်ခုံပေါ်မှာ စစ်အုပ်စုသန္ဓေပါဝင်နေတဲ့ နိုင်ငံရေးပါတီတခုကို စီမံကိန်းတကျနဲ့ မွေးမြူလာခဲ့တယ်။ ကြံ့/ ဖွံ့ ပါတီဆိုတာက ဒီလိုနည်းနဲ့ စစ်အုပ်စုရဲ့ကိုယ်ပွား ပေါ်ထွက်လာခဲ့တာပါ။

၂၀၁၀ အလွန်မှာတော့ ကြံ့/ ဖွံ့ ပါတီဟာ ဗမာပြည်နိုင်ငံရေးလောကရဲ့အထက်မှာ ပြောင်ကျကျ နေရာယူထားလိုက်ကြပြီ။

ကြံ့/ဖွံ့ ပါတီဟာ စစ်အုပ်စုရဲ့ ကိုယ်ပွားပါတီတခုအဖြစ်နဲ့လည်းကောင်း၊ စစ်အုပ်စုနဲ့ Crony တွေရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သူအဖြစ်နဲ့လည်းကောင်း နိုင်ငံရေးလုပ်ဆောင်လာဖို့ စတင်ခြေလှမ်းနေပါပြီ။

ကြံ့/ဖွံ့ အစိုးရရဲ့ ခြေလှမ်းတိုင်းဟာ စစ်အုပ်စု ပုံစံချမှတ်ပေးခဲ့တဲ့ နိုင်ငံရေးရည်မှန်းချက်တွေ၊ နိုင်ငံရေး လိုအပ်ချက်တွေအတိုင်း လျှောက်လှမ်းလာပါလိမ့်မယ်။ ဖိနပ်ပြောင်းစီးပြီး၊ လျှောက်လှမ်းလာတာပဲ ရှိမယ်။ ဦးတည်ချက် မပြောင်းဘူး။ ဒါကို မမြင်တွေ့နိုင်ရင် နိုင်ငံရေးအရ အလွန် ထူ, အ သူတွေ ဖြစ်သွားနိုင်တယ်။ မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်သူတွေကတော့ ကြံ့/ဖွံ့ အစိုးရရဲ့ နွေးထွေးနှစ်သိမ့်မှုကို ခံယူလိုသူနဲ့ ပူးပေါင်းလိုသူတွေသာ ဖြစ်လာပါလိမ့်မယ်။

ဒီလိုဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ တိုင်းပြည်ကယ်တင်ရေးအတွက် လတ်တလော နိုင်ငံရေးလုပ်ငန်းစဉ်တခုရှိဖို့ လိုအပ်လာနေပြီ။ အဲဒါကတော့ ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ လိုအပ်ချက်တွေကို ဖျက်ဆီးပြစ်ရေးပဲ ဆိုတာပါပဲ။ ။

၁၁. ၁၁. ၁၁

No comments:

Post a Comment