Sunday, October 16, 2011

ပါတီတည်ထောင်ခြင်း၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ၂၃ နှစ်မြောက် မွေးနေ့အခမ်းအနားကို အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် (၉)နာရီအချိန်တွင် အလုပ်သမား အသိပညာမြှင့်တင်ရေးခန်းမ၌ ကျင်းပခဲ့ပါသည်။ ထိုအခမ်းအနားတွင် သဘာပတိ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ရဲဘော်အောင်မိုးဇော်က ...

“ကျနော်တို့တိုင်းပြည်မှာ ဘာတွေပြောင်းလဲနေသလဲ၊ ကျနော်တို့ တိုင်းပြည်မှာ ဘာတွေဖြစ်နေပြီလဲ၊ ကျနော်တို့ သေသေချာချာကြည့်မယ်ဆိုရင်တော့ ကနေ့အနေအထားအထိ ကျနော်တို့တိုင်းပြည်မှာ ဘာအပြောင်းအလဲမှ မယ်မယ်ရရ ဆုပ်ဆုပ်ကိုင်ကိုင် မပြနိုင်တာက ကနေ့ အခြေအနေအထိ ဖြစ်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ဆက်လက်ပြီး ရဲဘော်အောင်မိုးဇော်က ယနေ့ မြန်မာနိုင်ငံကို ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲရာတွင် အဟန့်အတားဖြစ်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ မပြင်နိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ မဖယ်ရှားနိုင်ဘူး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွဲဆုတ်မပစ်နိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်ရဲ့အနေအထား၊ ကျနော်တို့ရဲ့အနေအထားဟာ တကယ်တမ်း ပြောမယ်ဆိုလို့ရှိရင် ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို ရောက်ဖို့ အတော်ခက်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ဒီနေရာမှာ လေးလေးနက်နက် ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့နောက် ကရင်အမျိုးသားအစည်းအရုံး (KNU)ဗဟိုအလုပ်အမှုဆောင်ကော်မတီကိုယ်စား ဗဟိုစည်းရုံးရေးဌာန ဒုတိယ တာဝန်ခံ ဖဒိုစောသမိန်ထွန်းမှ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (NDF)၏ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB)၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (NDD) ဥက္ကဋ္ဌ မခင်ဥမ္မာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (NLD-LA) ဥက္ကဋ္ဌ ဦးဗိုလ်သောင်း၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) ဒုတိယ အတွင်းရေးမှူးချုပ် မနိုးနိုးထက်စံ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ (ABFSU-FAC)၏ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းနိုင်တို့က ပါတီမွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစကားများ ပြောကြားခဲ့သည်။

ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ရဲဘော်ငွေလင်းမှ ကျေးဇူးတင်စကားပြောကြားရာတွင် “ခေါင်းဆောင်များရဲ့ ဆွေးနွေးချက်တွေအထဲမယ် ဆွေးနွေးချက်တိုင်းဆွေးနွေးချက်တိုင်း အရာရာ အင်မတန် တန်ဖိုးကြီးပါတယ်။ ဒါတွေဟာ တကယ့်ကို အလုပ်လမ်းညွှန်ဖြစ်ပါတယ်”ဟု ပြောဆိုသွားသည်။ ဆက်လက်၍ “ကနေ့အခြေအနေကတော့ ဘာလဲဆိုရင် ကျနော်တို့ဟာ လားရာအကောင်းလား လားရာအဆိုးလား နှစ်ခုလုံးဖြစ်နိုင်တဲ့အခြေအနေရဲ့အောက်မှာ ကိုယ့်ကိုယ်ကို သေသေချာချာ တည်ဆောက်ပြီးတော့မှ ကိုယ့်အားကိုယ် ကျစ်ထားရမယ့် ကာလဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ကိုယ့်အားကိုယ် ပြင်ရမယ်။ လားရာကောင်းပဲဖြစ်လာလာ၊ လားရာဆိုးပဲဖြစ်လာလာ ဘယ်အခြေအနေတွေရဲ့ အောက်မှာမဆို ကျနော်တို့ အဆင်သင့်ဖြစ်အောင် ကျနော်တို့ကိုယ်ကို ပြင်ဆင်ကြရလိမ့်မယ်” ပြောကြားခဲ့သည်။

မွေးနေ့အခမ်းအနားကို ပရိသတ် ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး နေ့လည် ၁၁ နာရီခွဲအချိန်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ အခမ်းအနားအပြီးနောက် ကြွရောက်လာသော ပရိသတ်များကို နေ့လည်စာဖြင့် တည့်ခင်းကျွေးမွေးခဲ့သည်။

No comments:

Post a Comment