Saturday, August 13, 2011

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တပ်ပေါင်းစုရေးရာ

တိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် ပတ်သက်သော သဘောထား

တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါ အခွင့်အရေးပင်ဖြစ်သည်။ ယင်းတို့တွင် ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာ စာပေတို့မှာ မူလကတည်းက တည်ရှိပြီးဖြစ်သည်။ ပဒေသရာဇ်စနစ်၊ နယ်ချဲ့စနစ်၊ စစ်အာဏာရှင်စနစ်နှင့် ဖောက်ပြန်သည့် အုပ်စိုးသူတို့ကြောင့်သာ တိုင်းရင်းသား လူမျိုးအသီးသီး၏ တရားအရတည်ရှိပြီး အခွင့်အရေးတို့သည် စော်ကားဖျက်ဆီးခြင်း ခံနေရပေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများ၏ တော်လှန်စစ်သည် မိမိတို့၏ မွေးရာပါ အခွင့်အရေးများကို ခုခံကာကွယ်ရန်နှင့် တိုင်းရင်းသား အသီးသီး လွတ်မြောက်ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းသစ်ကြီးအတွက် ဖောက်ပြန်သည့်စနစ်ကို သုတ်သင်ရန် ဆင်နွှဲနေသည့် တရားသောစစ်ဖြစ်သည်။

အမျိုးသားရေးပြသနာနှင့် အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပေါ် သဘောထား

အမျိုးသားရေးပြဿနာဆိုသည်မှာ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးဆိုင်ရာ ပြဿနာပင်ဖြစ်သည်။
ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ထိတိုင် မြန်မာပြည်လူ့အဖွဲ့အစည်းအတွင်းရှိ တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် လက်တွေ့တွင် အမှန်တကယ် ညီညွတ်မှုမရရှိခဲ့ကြပေ။ ထိုပြဿနာနှင့်ပတ်သက်၍ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားမှာ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံရေးပင်ဖြစ်သည်။

တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောထား

ပါတီိတခုမှဦးဆောင်၍ တော်လှန်ရေးအောင်ပွဲခံနိုင်သည့် သာဓကများ ကမ္ဘာ့တော်လှန်ရေးသမိုင်းတွင် တည်ရှိခဲ့ကြသည့်နည်းတူ ယနေ့ မြန်မာပြည်တော်လှန်ရေး၏ အခြေအနေများသည် ကျစ်လစ်ခိုင်မာသော၊ အမှန်တကယ် ညီညွတ်သော တပ်ပေါင်းစုတရပ်ကို တောင်းဆိုနေသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ယူဆသည်။

ယနေ့အခြေအနေတွင် တော်လှန်ရေးအင်အားစုအသီးသီးသည် ဘုံရန်သူဆန့်ကျင်ရေးမူအပေါ်တွင် အခြေခံအားဖြင့် ညီညွတ်ကြသော်လည်း လက်တွေ့ပေါင်းစပ်မှု အားနည်းလျှက်ရှိသည်ဟု ပါတီမှ သုံးသပ်သည်။

တခုတည်းသော နိုင်ငံရေး၊ စစ်ရေး ဘုံလုပ်ငန်းစဉ်အပေါ်တွင် အမှန်တကယ်ညီညွတ်သော တပ်ပေါင်းစုတရပ်အနေဖြင့် ရန်သူ၏ ပိုင်းခြားထိုးစစ်ဆင်မှုကို ချေဖျက်နိုင်မည်ဖြစ်ပြီး မိမိ၏ နိုင်ငံရေး၊ စစ်ရေးလှုပ်ရှားမှု အရှိန်အဟုန်ကို ပိုမိုလျှင်မြန်စွာ မြှင့်တင်နိုင်မည်ဖြစ်သည်။ တပြိုင်နက်တည်းမှာပင် တော်လှန်ရေးအင်အားစု အသီးသီးအနေဖြင့် လက်တွေ့ လုပ်ငန်းစဉ်များတွင် အပြန်အလှန် နားလည်မှုရကာ အမျိုးသားသွေးစည်းညီညွတ်မှု ပြဿနာကိုပါ ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မည်ဟု ပါတီအနေဖြင့် ယုံကြည်သည်။

ထို့ကြောင့် တစုတစည်းတည်းသော၊ အနှစ်သာရအရ ခိုင်မာသော စစ်အုပ်စုတိုက်ဖျက်ရေး တပ်ပေါင်းစုကြီးတရပ် ပေါ်ထွက်ရေးသည် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၏ သဘောထားဖြစ်သည်။

အမျိုးသားဒီိမိုကရေစီတပ်ပေါင်းစု (NDF) အပေါ် သဘောထား

စစ်အုပ်စု အပါအဝင် အာဏာရှင်ဖိနှိပ်သူများကြောင့် မတရား ဆုံးရှုံးနေရသော တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပါအဝင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများရရှိရေးအတွက် တရားသော တော်လှန်စစ်ကို ဆင်နွှဲနေသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ တပ်ပေါင်းစုဖြစ်သည်။

မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) အပေါ် သဘောထား

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲကြီးအတွင်း၌ တိုင်းရင်းသားလူမျိုးများ၏ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ကျောင်းသားများ၊ ရဟန်းသံဃာများ၊ ပြည်ပရောက် မြန်မာမျိုးချစ်များ အပါအဝင် ဒီမိုကရေစီ အင်အားစုများ လက်တွဲပေါင်းစည်းလာသည့် ဖြစ်ပေါ်တိုးတက်မှုကြောင့် မွေးဖွားလာသော တပ်ပေါင်းစုကြီးဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) အပေါ် သဘောထား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာပြည် ဒီမိုကရက်တစ်အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီအား ပိုမိုခိုင်မာကျယ်ပြန့်သော အနှစ်သာရရှိသည့် စစ်အုပ်စုဆန့်ကျင်တိုက်ဖျက်ရေး၊ တပ်ပေါင်းစုအဖြစ် တိုးချဲ့သွားရန် ကြိုးပမ်းသွားရမည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) အပေါ် သဘောထား

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု (FDB) သည် စတင်ဖွဲ့စည်းစဉ်ကတည်က ပါတီက တက်ကြွစွာ ပါဝင်ခဲ့သည့် အင်အားစုဖြစ်သည်။

၈၈ မျိုးဆက်များဖြင့် အခြေတည်စုဖွဲ့ထားပြီး အနာဂတ်ကာလတွင် ပိုမိုကျစ်လစ်ခိုင်မာပြီး ကျယ်ပြန့်သည့် တပ်ပေါင်းစုတရပ် ဖြစ်လာရေးကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ရည်မှန်ချက်ထားသည်။

ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးအပေါ် သဘောထား

မြန်မာပြည်လူ့အဖွဲ့အစည်း၏ နိုင်ငံရေးပြဿနာများ ပြေလည်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး ရရှိရန်အတွက် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရမည်ဖြစ်သည်။ ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေးကို ရှေးဦးစွာ လုပ်ဆောင်ရမည်ဖြစ်သည်။

စစ်အုပ်စု၏ အပစ်အခတ်ရပ်စဲရေးပေါ်လစီအပေါ် သဘောထား

စစ်အုပ်စုမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြုလုပ်ထားသော အပစ်အခတ်ရပ်စဲရေးသည် ပြည်တွင်းစစ်ပြဿနာနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ နိုင်ငံရေးနှင့် လူမျိုးရေး အဆင့်နေရာကို ပစ်ပယ်လျစ်လျူရှုပြီး တတိုင်းပြည်လုံးက လိုလားတောင့်တနေသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းမှု တည်ဆောက်ရေးကို လမ်းလွှဲပစ်ရန်သာ ဖြစ်သည်။

အပစ်အခတ်ရပ်စဲထားသည့် အင်အားစုများအပေါ် သဘောထား

အပစ်အခတ်ရပ်စဲမှုကို တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများက ဆောင်ရွက်ခြင်းသည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့သော ခြေလှမ်းတရပ်ဖြစ်သည်။

ထိုမှတဆင့် တတိုင်းပြည်လုံး ငြိမ်းချမ်းရေးသို့ တက်လှမ်းရန် လိုသည်။

သို့သော်လည်း ယခုအချိန်အထိ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေးနှင့် လူမျိုးရေးအဆင့်နေရာကို (နအဖ)စစ်အုပ်စုက ပစ်ပယ်လျစ်လျူရှုထားဆဲဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ၏ နိုင်ငံရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အခွင့်အရေးများအတွက် တောင်းဆိုတိုက်ပွဲဝင်မှုမှန်သမျှကို မိမိတို့ပါတီအနေဖြင့် ထောက်ခံသွားမည်။

No comments:

Post a Comment