Sunday, October 13, 2013

(၂၅) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပါတီ သက်တမ်း (၂၅) နှစ် ပြည့်ပြီ ဖြစ်ပါသည်။ 

ပါတီသက်တမ်း (၂၅) နှစ်တွင် မိမိတို့ပါတီသည် မြေပေါ်တွင် တရားဝင်ပါတီအဖြစ် (၃) နှစ်စွန်းစွန်းသာ ရပ်တည်လှုပ်ရှား ခွင့် ရရှိခဲ့ကြပြီး ကျန် (၂၂) နှစ်မှာ အခက်အခဲ အကြပ်အတည်းမျိုးစုံ၊ စိန်ခေါ်ချက်အဖုံဖုံကို ရင်ဆိုင်ကျော်လွှားရင်း နေရာဒေသ အမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် ရပ်တည်လှုပ်ရှားခဲ့ကြရသည်။ 

ပါတီရဲဘော် မျိုးဆက်အသီးသီးသည် အခက်အခဲမည်မျှပင် ကြုံရသည်ဖြစ်စေ၊ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟူသော ပါတီဆောင်ပုဒ်ကို အခိုင်အမာစွဲကိုင်လျက် ပါတီ၏အလံတော်ကို မတ်မတ်ခိုင်ခိုင် လွှင့်တင်စိုက်ထူခဲ့ကြသည်။ 


အကျဉ်းထောင်ထဲတွင်လည်းကောင်း၊ ပြည်တွင်းတွင်လည်းကောင်း၊ နယ်စပ်ဒေသတွင်လည်းကောင်း၊ တောထဲတောင်ထဲတွင်လည်းကောင်း၊ နိုင်ငံတကာတွင်လည်းကောင်း အသက်သွေးချွေးနှင့် မိသားစုဘဝများပါ ရင်းနှီးပေးဆပ်ပြီး မနားတမ်းလှုပ်ရှား သယ်ဆောင်လာခဲ့ကြသော ပါတီရဲဘော်မျိုးဆက်အသီးသီးကို အလေးအမြတ် ဦးညွှတ်ဂုဏ်ပြုတန်ဖိုးထားပါကြောင်း ယနေ့ ပါတီ တည်ထောင်ခြင်းနေ့တွင် မှတ်တမ်းတင်ပါသည်။ 

ယခုနှစ်အတွင်းတွင် မိမိတို့ပါတီသည် ပြည်တွင်းတွင် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြန်လည်ရပ်တည်နိုင်တော့မည်ဖြစ်သည်။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားတန်းတူခွင့်နှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ အပြည့်အဝ ရရှိရေးလုပ်ငန်းစဉ်များတွင် လူထုနှင့်အတူ၊ မဟာမိတ်များနှင့်အတူ လက်တွဲပြီး ပြည်တွင်းတွင် လှုပ်ရှားခွင့်ရရှိတော့မည် ဖြစ်သည်။ ပြည်သူတွေကို အနီးကပ် အလုပ်အကျွေးပြုခွင့်ရရှိတော့မည် ဖြစ်ပါသည်။ 

ဤသို့သော ဖြစ်ထွန်းမှုအသစ်များရရှိလာခြင်းသည် မိမိတို့ပါတီရဲဘော်များနှင့် မဟာမိတ်အင်အားစုအသီးသီးက လူမျိုးပေါင်းစုံပြည်သူများနှင့်အတူ နိုင်ငံတကာမိသားစုများနှင့်အတူ ကျားကုပ်ကျားခဲ လုံးပမ်းဆောင်ရွက်ခဲ့ခြင်း၏ အကျိုးဆက်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။ ထို့အတွက်လည်း လုံးပမ်းဆောင်ရွက်ခဲ့သူအားလုံးကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။ 

နေရာဒေသအသီးသီး၊ နယ်ပယ်အသီးသီးတွင်ရောက်ရှိနေကြသော ပါတီဝင်ရဲဘော်များ၊ ရဲဘော်ဟောင်းများအားလုံးကို ပါတီ၏အလံတော်အောက်တွင် အမြန်ဆုံး လာရောက်စုစည်းကြပါရန် လေးစားလှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ 

အလုပ်သမားအရေး လယ်သမားအရေးဆောင်ရွက်နေသူများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ ကျောင်းသား လူငယ်များ၊ အမျိုးသမီးများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအပါအဝင် ဒီမိုကရေစီရေး ငြိမ်းချမ်းရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူအားလုံးကိုလည်း မိမိတို့ပါတီနှင့် ပူးပေါင်း၍ဖြစ်စေ၊ အရင်းနှီးဆုံးမဟာမိတ်ပြု၍ဖြစ်စေ လက်တွဲဆောင်ရွက်ကြပါရန် လေးစားလှိုက်လှဲစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ 

မိမိတို့ပါတီသည် - 

၁။ ဒီမိုကရေစီရေး 
၂။ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး 
၃။ ငြိမ်းချမ်းရေး 
၎။ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး 
၅။ အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး 

စသည့် နိုင်ငံရေးဦးတည်ချက် (၅) ရပ်ဖြင့် လူမျိုးစုံပြည်သူများကို အလုပ်အကျွေးပြုသွားနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ပါတီတည်ထောင်ခြင်း (၂၅) နှစ်မြောက်နေ့တွင် အလေးအနက် အဓိဋ္ဌာန်ပြုပါသည်။ 

ဒီမိုကရေစီရေး ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အတက်ကြွဆုံး လှုပ်ရှားဆောင်ရွက်ကြ။ 

ဗဟိုစည်းရုံးရေးကော်မတီ 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) 
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။ 

ဆက်သွယ်ရန် - 
ကိုအောင်မိုးဇော် +၉၅- ၉၄၂၀၁၄၈၅၀၁ 
ကိုငွေလင်း + ၉၅ - ၉၃၁၁၀၆၂၄၂ 


 

No comments:

Post a Comment