Wednesday, October 23, 2013

ပါတီဥက္ကဋ္ဌအား နိုင်ငံသား စိစစ်ရေးကဒ် ထုတ်မပေးသေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နိုင်ငံသားစိစစ်ရေးကဒ် ယခုထိ မရရှိသေးတဲ့အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန်ကိစ္စမှာ နှောင့်နှေးနေကြောင်း သိရသည်။ 

"လူဝင်မှုကြီးကြပ်ရေးဌာနက ကျွန်တော့်မှတ်ပုံတင်ကိစ္စကို အချိန်ဆွဲနေတဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ အချိန်ကြန့်ကြာနေပါတယ်'' ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ 

၎င်းက ၂၀၁၃ သြဂုတ်လကတည်းက မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားတာပါ။ ယခုအချိန်ထိ ဘာအကြောင်းမှ မထူးသေးဘူးဟု ထပ်မံဖြည့်စွက်ပါတယ်။ 


"ကျွန်တော် မြို့နယ် လဝကရုံးကို မေးတော့ သူတို့က တိုင်း လဝက ရုံးကို လွှဲပါတယ်၊ တိုင်း လဝက ကိုမေးတော့ ဗဟို လဝကရုံးကို ထပ်ပြီးညွှန်ပါတယ်။ ဗဟိုကိုမေးတော့ ညွှန်ချုပ်က လက်မှတ်မထိုးသေးဘူးလို့ ပြောပြန်ပါတယ်။ ဘာတွေဖြစ်နေလဲတော့ ကျွန်တော် မသိရသေးပါဘူး'' လို့ ဦးအောင်မိုးဇော်က ဆိုပါတယ်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယခုနှစ် သြဂုတ်လထဲတွင် နယ်စပ်ဒေသမှ ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပါတီခေါင်းဆောင်များတွေ့ဆုံကာ ပါတီ ပြန်လည်မှတ်ပုံတင်မည့်ကိစ္စကို နှစ်ကြိမ်တိုင်တိုင် ဆွေးနွေးအောင်မြင်ခဲ့ပြီးဖြစ်သည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ကျောင်းသားလူငယ်အများစုနှင့် ဖွဲ့စည်းထားသောပါတီအဖြစ် လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈-၁၉၈၉ ကာလများတွင် ပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ဝန်းရံသော ပါတီအဖြစ်ရပ်တည်ခဲ့ပြီး ဒုတိယ အင်အားအကြီးမားဆုံးပါတီအဖြစ် လူထုအကြား ခိုင်ခိုင်မာမာနေရာရခဲ့ပါတယ်။ 

၁၉၉၀ ရွေးကောက်ပွဲအပြီးကာလများတွင် စစ်အာဏာရှင်အစိုးရမှ မတရားအသင်းအဖြစ်သတ်မှတ်ပြီး ပါတီဝင်များကို လိုက်လံ ဖိနှိပ်ဖမ်းဆီး ထောင်သွင်းအကျဉ်းချသဖြင့် ပါတီကို ထိုင်း-မြန်မာနယ်စပ်တွင် ပြောင်းရွှေ့အခြေချခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ်တွင် ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အကောင်ထည်ဖော်ရေး ကော်မတီနှင့် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုမှတစ်ဆင့် ပြည်တွင်းတွင် ပါတီပြန်လည်ထူထောင်ရန် ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ 

(Myanma Freedom Daily မှ ''DPNS leader laments prolong NRC issuance'' Reported by Zay Ko) ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။ 

ဒီနေရာက ကူးယူ ဖော်ပြပါတယ်။

 

No comments:

Post a Comment