Monday, October 8, 2012

ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဆက်ပြီးတော့ ရင်ဆိုင်သွားမယ်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မြန်မာနိုင်ငံက ပြန်ရောက်လာပြီမို့ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဒီနေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကို အခြေခံပြီး ပြည်တွင်းမှာ ပါတီအဖြစ် ရပ်တည်ဖို့ အဆင်သင့်ဖြစ်ပြီးလားလို့ ဦးမောင်မောင်သန်းက ဦးအောင်မိုးဇော်ကို မေးကြည့်ပါတယ်။

ဦးအောင်မိုးဇော် ။ ။ အခု ကျနော်တို့နောက်ဆုံးအဆင့် တစ်ခုလုပ်ဖို့ပဲ ကျန်ပါတော့တယ်။ နောက်ဆုံးအဆင့်ကတော့ ကျနော်တို့အနေနဲ့ ကျနော်တို့လိုချင်တဲ့ အချက်အလက်တွေ၊ ကျနော်တို့ဆောင်ရွက်ချင်တဲ့ကိစ္စတွေကို အသေအချာ စာနဲ့ ရေးသားပြုစုပြီးတော့ တစ်ဖက်က ဒီအစိုးရပိုင်းက တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို တင်ပြဖို့ပါပဲ။ ဒီတဆင့်ပဲ ကျန်တော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့မှ ကျန်ာတို့ရှေ့ဆက် ဘာလုပ်မလဲ၊ သူတို့နဲ့ ဘယ်လိုဆက်ဆွေးနွေးမလဲ၊ အဖြေဘယ်လိုရမလဲ ဒီအပေါ်မှာ မူတည်ပါတယ်။ ယေဘူယျပြောမယ်ဆိုလို့ရှိရင်ကတော့ အဆင်အတော်လေး ပြေသလောက် ပြေနေပြီဖြစ်ပါတယ်။ ကျနော်တို့ပြန်ဖို့ကိစ္စက ပိုပြီးတော့ နီးစပ်လာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။


ဦးမောင်မောင်သန်း ။ ။ တစ်ခုရှိတာကလေ ပြည်တွင်းမှာတော့ လွှတ်တော်တွင်း၊ လွှတ်တော်ပဆိုပြီးတော့ အင်းအားတွေ အမျိုးမျိုးရှိတာပေါ့၊ တချို့ကလည်း ၈၈ ကျောင်းသားတွေထဲမှာလည်းပဲ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ကလည်း တောင်းဆိုနေတာတွေရှိတယ်။ အဲတော့ ဦးအောင်မိုးဇော်တို့သွားရင် ပါတီနိုင်ငံရေးလုပ်မှာလား၊ အခု နောက်ပြီးတော့ ၈၈ တို့လို ခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါမှာရော ကိုယ့်ကို လှိုက်လှိုက်လှဲလှဲရှိလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့သွားမယ့်ကိစ္စကတော့ ကျနော်တို့ အထူးသဖြင့် နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီးတော့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကျနော်တို့လုပ်ရမယ့်ကိစ္စတွေ ဆက်လက်ဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင်တွေက ကျနော်တို့ခေါင်းဆောင်တွေဖြစ်ပါတယ်၊ ကျနော်တို့ရဲဘော်တွေ ဖြစ်ပါတယ်။ ကျနော်တို့နဲ့ တွေ့ဆုံစကားပြောတဲ့အခါမှာလည်း နွေးထွေးမှုအပြည့်ရှိပါတယ်၊ ကျနော်တို့ကို ကြိုဆိုမှုအပြည့်ရှိပါတယ်။

ဦးမောင်မောင်သန်း ။ ။ အစိုးရနဲ့ အရင်တုန်းက အတိုက်အခံပုံစံမျိုး ဆောင်ရွက်နေတဲ့ NLD ကလည်း အခု အစိုးရနဲ့ အများကြီး လက်တွဲနေပြီလေ၊ အဲတော့ ဦးအောင်မိုးဇော်တို့ကိုရော NLD က ဘယ်လိုသဘောထားလဲ၊ သူတို့မဟာမိတ်လို့ပဲ ကြိုဆိုလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တို့အနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကနေ့တိုင်းပြည်ထဲမှာ ရှေ့တန်းအရောက်ဆုံး နိုင်ငံရေးအင်အားစုအဖြစ် သဘောထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကိုလည်းပဲ ကျန်ာတို့တိုင်းပြည်ရဲ့ခေါင်းဆောင်၊ ပြည်သူလူထုရဲ့ခေါင်းဆောင်အဖြစ် ကျနော်တို့ သဘောထားပါတယ်။ အဲဒီအတွက် ကျနော်တို့တိုင်းပြည်ထဲမှာ ကျနော်ရောက်စဉ်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေကို သွားရောက်နှုတ်ဆက်ပါတယ်၊ နှုတ်ဆက်တဲ့အခါမှာတော့ နွေးထွေးတဲ့တုံ့ပြန်မှုတွေ ရှိပါတယ်။

ဦးမောင်မောင်သန်း ။ ။ ဘာလို့လဲဆိုတော့ တချို့သတင်းတွေမှာ ကြားနေတာက ဒီပြည်ပကနေပြီးတော့ နိုင်ငံရေး လှုပ်ရှားတဲ့အင်အားစုတွေက နှစ် ၂၀ လောက် တစ်ယောက်နဲ့တစ်ယောက် ကင်းကွာနေကြတာပေါ့လေ။ အခုပြန်တွေ့တဲ့အခါမှာ ဒီပုဂ္ဂိုလ်ရေးအရတော့ လှိုက်လှိုက်လှဲလှဲရှိပေမယ့်လို့ လုပ်နည်းလုပ်ဟန်တွေ၊ အယူအဆတွေမှာတော့ ကွဲလွဲနေသေးတယ်။ သိပ်ပြီးတော့ အမြင်မတူကြသေးဘူးလို့ ဝေဖန်မှုတွေလည်း ကြားနေတယ်။ အဲဒါလည်း ဟုတ်လားခင်ဗျား။

ဦးအောင်မိုးဇော် ။ ။ အဲဒီကိစ္စက အတွင်းရယ်၊ အပြင်ရယ် မဟုတ်ပါဘူး၊ ကျနော်တို့ဒီအပြင်မှာရှိတဲ့ ရဲဘော်ရဲဘက် အချင်းချင်းမှာလည်း လုပ်နည်းလုပ်ဟန်တွေ မတူတာရှိတာပဲ၊ အတွင်းမှာရှိတဲ့ ရဲဘော်ရဲဘက်အချင်းချင်းတွေကြားမှာလည်း လုပ်နည်းလုပ်ဟန်တွေ မတူတာတွေရှိတာပဲ။ တခါတခါကျတော့ တချို့အတွင်းကလူနဲ့ တချို့ အပြင်ကလူနဲ့ တူကြတယ်။ အတွင်းကလူအချင်းချင်း မတူတာရှိတယ်။ တချို့က အပြင်ကလူအချင်းချင်း မတူတာရှိတယ်။ နိုင်ငံရေးဆိုတာက နေရာတကာမှာရှိတဲ့အခါကျတော့ ကိစ္စတိုင်းက တူရမယ်လို့ပြောဖို့ခက်တာပေါ့။ အတွင်းနဲ့ အပြင်နဲ့ အဲလို ပြဿနာတက်နေတယ်လို့တော့ ကျနော် မယူဆပါဘူး။

ဦးမောင်မောင်သန်း ။ ။ ထုတ်ပြန်ချက်အရဆိုရင် နိုင်ငံရေးပါတီအလံက ပြန်ပြီးတော့ ထူထောင်ဖို့ နီးစပ်လာပြီလို့ ပြောတယ်။ မသွားခင်က ဟိုဆွေးနွေးချက်တွေအရကတော့ ပါတီနိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင် အဟန့်အတားတွေ ရှိနိုင်တယ်။ အခက်အခဲတွေရှိနိုင်တယ်။ အထူးသဖြင့် ပြည်တွင်းမှာ လူတစ်ယောက်က အနည်းဆုံး ဆယ်နှစ်တောက်လျှောက်နေရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကလည်းပဲ များလွန်းအားကြီးတယ်ဆိုတဲ့သဘောတွေ ပြောထားတယ်။ အခုတခါ ကျေနပ်မှုရှိတယ်ဆိုတော့ အဲဒီအချက်အလက်တွေရော ထည့်သွင်းစဉ်းစားထားလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်ထင်တယ် ဗမာပြည်ထဲကို ပြန်ပြီးတော့ နိုင်ငံရေးလုပ်မယ်ဆိုလို့ရှိရင်တော့ အကန့်အသတ်တွေက အများကြီးပဲ။ တပြိုင်နက်တည်းမှာ အခုလက်ရှိ လမ်းပွင့်လာတာလည်း ရှိတယ်။ တဖက်မှာလည်း အကန့်အသတ်တွေ အများကြီးရှိတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့အဲဒီအကန့်အသတ်တွေကို ကျော်လွှားနိုင်အောင် ဆက်ပြီးတော့ပဲ ကြိုးစားသွားရမှာပဲ၊ အကုန်ပြေလည်မှ၊ အကုန်ရမှဆိုလို့ရှိရင်တော့ အဲဒါတော့ ကျနော် မပြောတတ်ဘူးပေါ့နော်။ ကျနော်တို့ပြန်ပြီးတော့ နိုင်ငံရေးလုပ်နိုင်တဲ့အခြေအနေရှိလို့ရှိရင် အဲဒီအခြေအနေကို အမိအရ ဆုပ်ကိုင်မယ်။ ကြုံတွေ့ရမယ့်အခက်အခဲတွေကို ဆက်ပြီးတော့ ရင်ဆိုင်သွားမယ်။ ဆက်ပြီးတော့ ကျော်လွှားနိုင်အောင် ကြိုးစားသွားမယ်လို့ ကျနော် အဲလိုပြောချင်ပါတယ်။

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်နှင့် အင်တာဗျူးမှ … 


 

No comments:

Post a Comment