Thursday, October 18, 2012

ကြံ့ဖွံ့ ညီလာခံ ရလဒ်များနှင့်ပတ်သက်၍ ပါတီ အထွေထွေအတွင်းရေးမှူးနှင့် ဘီဘီစီ အင်တာဗျူး

ကြံ့ခိုင်ရေးပါတီရဲ့ညီလာခံမှာ ဗဟိုကော်မတီ၊ ဗဟိုအလုပ်မှုဆောင်နဲ့ ထိပ်တန်းရာထူးတွေကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ရဲ့ ရာထူးတွေ အပြောင်းအလဲ မရှိပါဘူး။ ဦးဌေးဦးနဲ့ သူရဦးအေးမြင့်တို့ကိုတော့ ဒုဥက္ကဌ ရာထူးနေရာတွေမှာ ဖြည့်စွက်ခန့်ထားခဲ့ပါတယ်။ အခုလိုခန့်ထားမှုတွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ဘာတွေများ ထူးခြားပြောင်းလဲသွားစေနိုင်ပါသလဲ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းကို ကိုသိန်းမြတ်ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။


ကိုငွေလင်း ။ ။ ကျနော့်အမြင်အရပြောရလို့ရှိရင်တော့ အများကြီး သိသိသာသာ ထူးခြားသွားမယ်၊ ပြောင်းလဲသွားမယ်လို့ ကျနော်တော့ မအောင်းမေ့ပါဘူး။ အခု ဦးသိန်းစိန်ကို ဥက္ကဋ္ဌနေရာမှာပဲ ပြန်ပြီးထားတယ် ဆိုတဲ့ကိစ္စဟာလည်းပဲ ဒီတလောမှာပေါ့ဗျာ၊ ဦးသိန်းစိန်ရဲ့ထင်ပေါ်လာမှု၊ တစုံတရာ နိုင်ငံရေးမှာပေါ့ဗျာ စန်းပွင့်လာတယ်လို့ပဲ ဆိုကြပါစို့ဗျာ၊ အဲလိုဖြစ်လာမှုပေါ်မှာ သူတို့ပါတီက ဒါ ဥက္ကဋ္ဌနေရာမှာ ရှိသင့်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ ဒီဥစ္စာကို ဒီလိုပဲရာထားတယ်လို့ မြင်ပါတယ်။ ကျန်တဲ့ အပြောင်းအလဲတချို့ရှိတယ်ဆိုတဲ့ ဥစ္စာကတော့ ဖွဲ့စည်းပုံအရ လိုအပ်လို့ အထိုက်အလျှောက် လူတိုးတာ၊ လူဖြည့်တာကလွဲလို့ရှိရင် အဓိကအားဖြင့်တော့ ပေါ်လစီ ပြောင်းလား၊ မပြောင်းဘူးလား၊ လူထုဘက်ကို မျက်နှာမူမှာလား၊ မမူဘူးလားဆိုတဲ့ကိစ္စဟာ ဒါအရေးကြီးတာဖြစ်တော့ ကျနော့်အထင်ဆိုရင်တော့ ဘာမှ ထူးထူးခြားခြားပြောင်းလိမ့်မယ်လို့ မမျှော်လင့်ပါဘူး။

ကိုသိန်းမြတ် ။ ။ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းကြားထဲမှာ အားပြိုင်မှု၊ လွန်ဆွဲမှုရှိတယ်ဆိုပြီးတော့ တချို့ထင်မြင် ယုံကြည်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့်ပြောလို့ရှိရင် ဒီလွှတ်တော်နဲ့ ခုံရုံးနဲ့အားပြိုင်တဲ့ကိစ္စမျိုးပေါ့နော်၊ အဲဒါတွေအပေါ်မှာ ကြည့်ပြီးတော့ အဲလိုသုံးသပ်ကြတာတွေ ရှိတယ်လေ။ ကိုငွေလင်းအနေနဲ့ရော အဲလိုအားပြိုင်မှုမျိုး မြင်မိလား။

ကိုငွေလင်း ။ ။ ဥပဒေပြုအာဏာနဲ့ အုပ်ချုပ်ရေးအာဏာကြားထဲမှာ တစုံတရာ အားပြိုင်တဲ့ပုံသဏ္ဌာန်မျိုးက ဒီမိုကရေစီနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံသဏ္ဌာန်မျိုးပေါ့ဗျာ။ ဒါမျိုးက သဏ္ဍာန်အရတွေ ဖြစ်နေတယ်လို့ ကျနော် ပိုပြီး ထင်တယ်။ အနှစ်သာရအရဆိုလို့ရှိရင်တော့ နင်လား ငါလားပေါ့ဗျာ၊ သိသာထင်ရှားစွာ မကွာလှဘူးလို့ပဲ မြင်ပါတယ်။ ဘာပဲပြောပြော ၂၀၀၈ အခြေခံဥပဒေ frame ထဲကပဲ ငြင်းကြ၊ ခုန်ကြ အဲဒီလောက်ပဲ သွားနေတာဖြစ်တဲ့အတွက် အများကြီး ကွာခြားတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အားပြိုင်ကြတယ်။ တစ်ယောက်ကို တစ်ယောက်ပေါ့ဗျာ အသာစီးရသွားအောင်၊ အနိုင်ရသွားအောင်ထိ ပြိုင်တယ်ဆိုတာမျိုး အနှစ်သာရသဘောတော့ ကျနော် မယုံဘူးဗျာ။ သဏ္ဍာန်အရတော့ အဲဒါမျိုးလေးတွေဖြစ်နေတာ တွေ့ရပါတယ်။

ကိုသိန်းမြတ် ။ ။ နောက်ထပ် ဒီ သူရဦးအေးမြင့်နဲ့ ဦးဌေးဦးနဲ့ကို ဒုဥက္ကဋ္ဌအနေနဲ့ ထပ်ပြီးတော့ ဖြည့်လိုက်တာကရော ဒါက သူတို့ထဲမှာ ဒီအာဏာချိန်ခွင်လျှာကို ထပ်ပြီးကြတော့ ညှိလိုက်တဲ့သဘောမျိုးလို့ အဲလိုမျိုး ယူဆလို့ရပါသလားခင်ဗျာ။

ကိုငွေလင်း ။ ။ ဖြစ်ကောင်းလည်း ဖြစ်နိုင်ပါတယ်ဗျာ။ သို့ပေမယ့် ကျနော် အောင်းမေ့တာကတော့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတာကလည်း ပါတီကြီးတခုဖြစ်တာကိုး။ လူဦးရေးအရ၊ အရွယ်အစားအရ အဲလိုပါတီကြီးတခုအဖို့ ဆိုလို့ရှိရင် ဒုဥက္ကဋ္ဌ တယောက်တည်းထားတာထက်စာရင် တယောက် နှစ်ယောက် သုံးယောက်ပေါ့ဗျာ စသည်ဖြင့် ဒါမျိုးထားရင်လည်း ထားအပ်တဲ့အရွယ်အစားမျိုးဖြစ်တဲ့အတွက် ဒါလည်းဖြည့်တာ ဖြစ်နိုင်ပါတယ်။ နောက် ဦးဌေးဦးဆိုလို့ရှိရင်တော့ သိသာတဲ့အချက်ကတော့ပေါ့ဗျာ ၂၀၀၈ အခြေခံဥပဒေနဲ့ပတ်သက်ရင် သူပြောတာက ၂၀၀၈ အခြေခံဥပဒေမှာ ပြင်စရာ၊ ပြုစရာဆိုရင် ဘာမှကိုမရှိအောင် ကောင်းပါပေတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်မျိုး ဖြစ် ၏တာကိုး။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒုဥက္ကဋ္ဌနေရာမျိုးထိ ပေးလိုက်တာကလည်း ပိုပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက်ဆိုရင်တော့ cover ပိုဖြစ်နိုင်တာပေါ့ဗျာ။

ကိုသိန်းမြတ် ။ ။ ဦးအောင်သောင်း၊ ဦးတင်ထွဋ်၊ ဦးစိုးသာတို့ကို အတိုင်ပင်ခံဆိုတဲ့ ရာထူးပေါ့နော်၊ သူတို့ အပြောအရဆိုလို့ရှိရင် ဒါက ထိပ်တန်းရာထူး၊ ဒု ဥက္ကဋ္ဌနဲ့ တန်းတူအနေအထားဆိုတဲ့သဘောမျိုး ခန့်လိုက်တယ်လို့ဆိုတော့ အဲဒါကရော ဘာထူးခြားမှုရှိတယ်လို့ဆိုနိုင်မလဲ ခင်ဗျား။

ကိုငွေလင်း ။ ။ နိုင်ငံရေးပါတီတခုအနေနဲ့ပေါ့ဗျာ၊ အကြံပေးဆိုတာမျိုးက ထားကောင်းတာပါပဲ။ ဒါပေမယ့် ဒီအချိန်မှာ အဲလိုပုဂ္ဂိုလ်မျိုးတွေ၊ ဦးအောင်သောင်းတို့လို ပုဂ္ဂိုလ်မျိုးတွေထားတာကတော့ ကျနော် ထင်တာကတော့ သူတို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထဲက စည်းလုံးညီညွတ်မှု ချိန်ခွင်လျှာကို ပြန်ညှိတယ်လို့ ကျနော်တော့ အဲလိုအောင်းမေ့တယ်။

ဒါကတော့ DPNS ခေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းကို ကိုသိန်းမြတ်ကနေ ဆက်သွယ်မေးမြန်းခဲ့တာပါ။

အောက်တိုဘာလ ၁၇၊ ၁၀၊ ၂၀၁၂

No comments:

Post a Comment