Sunday, October 14, 2012

၂၄ နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှ မွေးဖွားပေးလိုက်သည့် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ယနေ့ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပါတီသက်တမ်း ၂၄ နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါသည်။

ပါတီသက်တမ်း ၂၄ နှစ်အတွင်း အခက်အခဲ အကြပ်အတည်းမျိုးစုံ၊ စိန်ခေါ်ချက်အဖုံဖုံကို ရင်ဆိုင်ကျော်လွှားရင်း နေရာဒေသအမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် ရင်းနှီးပေးဆပ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏အလံကို ပါတီရဲဘော်မျိုးဆက် အသီးသီးက လွှင့်ထူသယ်ဆောင်လာခဲ့ကြပါသည်။ ဤသို့ ‘ပြည်သူသာ အမိ၊ ပြည်သူသာ အဖ’ ဟူသော ပါတီဆောင်ပုဒ်ကို အခိုင်အမာစွဲကိုင်လျက် ယနေ့အထိ ရင်းနှီးပေးဆပ်သယ်ဆောင်လာခဲ့ကြသော ပါတီရဲဘော်မျိုးဆက်အသီးသီးကို အလေးအမြတ် ဂုဏ်ပြု တန်ဖိုးထားပါကြောင်း ယနေ့ ပါတီတည်ထောင်ခြင်းနေ့တွင် မှတ်တမ်းတင်ပါသည်။


ထိုသို့ သယ်ဆောင်လာခဲ့ကြသည့် အကျိုးရလဒ်ကြောင့် ယနေ့မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် လူထုပါတီတရပ်အဖြစ် ဆက်လက်ရပ်တည်နေနိုင်ခြင်းလည်း ဖြစ်ပါသည်။

ယနေ့အခြေအနေသည် နိုင်ငံရေးဖြစ်ထွန်းမှုအသစ်များ ပေါ်ပေါက်နေသည်ဆိုသော်လည်း ပြည်တွင်းစစ်များဖြစ်နေဆဲ၊ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေဆဲ၊ အလုပ်သမား လယ်သမား စသည့် အခြေခံလူထု၏ အခွင့်အရေးများမှာ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ချိုးဖောက်ခံနေရဆဲ၊ ကျောင်းသားလူငယ်များ၏ အနာဂတ်များလည်း မရေမရာဖြစ်နေကြရဆဲ ဖြစ်ပါသည်။ လက်ရှိအခြေအနေများကိုကျော်လွှားပြီး မြန်မာ့နိုင်ငံရေးလမ်းကြောင်းကို ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဖြစ်စဉ်ထဲသို့ အမှန်တကယ် ရောက်ရှိသွားစေရေးအတွက် ဆက်လက် ဆောင်ရွက်ကြရမည့်တာဝန်သည် ပြည်တွင်း ပြည်ပ အင်အားစုအသီးသီး၏ တာဝန်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာရေးအတွက် ယနေ့ကာလ အတားအဆီးများထဲက အရေးအကြီးဆုံး အရာများမှာ ပြည်တွင်းစစ် လုံးဝရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ အင်အားစုအားလုံးပါဝင်သည့် တွေ့ဆုံဆွေး နွေးရေးလုပ်ငန်းစဉ် ဖြစ်ထွန်းပေါ်ပေါက်လာရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အား ဒီမိုကရေစီကို အာမခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် ပြောင်းလဲပစ်နိုင်ရေးတို့ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

ထိုယုံကြည်မှုဖြင့်လျှောက်လှမ်းနေသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ပါတီသက်တမ်း ၂၄ ပြည့် အနာဂတ် လုပ်ငန်းစဉ်များသည် ပြည်သူတို့၏အကျိုးကို မျက်မှောက်ပြုသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြောင်းလဲပစ်ရေး လုပ်ငန်းစဉ်များသာ ဖြစ်ပါသည်။

ပြည်သူ့အကျိုးကို မျက်မှောက်ပြုသည့်လုပ်ငန်းစဉ်များကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ၊ ပြည်သူများနှင့်အတူ၊ မျိုးဆက်အသီးသီးမှ ကျောင်းသားလူငယ်များနှင့်အတူ၊ ဒီမိုကရေစီလိုလားသည့် အင်အားစုများနှင့်အတူ ခိုင်ခိုင်မာမာ လက်တွဲအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း လေးလေးနက်နက် ထုတ်ပြန်ကြေညာအပ်ပါသည်။

ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြ။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။

ဆက်သွယ်ရန် - ဦးအောင်မိုးဇော် (၀၈၁ ၂၈၁၅ ၃၅၀)၊ ဦးငွေလင်း (၀၈၁ ၄၇၅၉ ၂၂၃)

 

No comments:

Post a Comment