Tuesday, June 12, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၆)

အခန်း(၇) 
တပ်မတော် 

၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်းကောင်း တပ်မတော်ဟူ၍ အခန်း သီးသန့်ဖော်ပြခဲ့သည်ကို လုံးဝမတွေ့ရပါ။ ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်မူ တပ်မတော်အခန်းကို သီးသန့်ပြဋ္ဌာန်းထားသည်သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ပါဝင်သည့် ပုဒ်မပေါင်း အမြောက်အမြားကိုပါ တခြားအခန်းများတွင် ပြဋ္ဌာန်းထားသည်ကိုလည်း တွေ့ရှိရပါသည်။

ကာကွယ်ရေးဦးစီးချုပ်ဆိုင်ရာ ပုဒ်မများကို တပ်မတော်အခန်းတွင်သာ ပြဋ္ဌာန်းသင့်ပါသည်။ ဥပဒေပါ အနှစ်သာရများကို ရောထွေးယှက်တင်မဖြစ်စေရန် အခန်းခွဲထားခြင်းမရှိဘဲ အခန်းတိုင်း ပါဝင်နေမှုမှာ တမိုးလုံးဖျောက်ဆိပ်ဆိုသလိုပင် စစ်အာဏာရှင်စနစ်၏ ဖော်ပြချက်များကို တွေ့မြင်နေရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်မှာ စစ်တပ်လက်စွဲကျမ်း တစောင်ပမာ ဖြစ်နေပါသည်။ နိုင်ငံတကာ ဥပဒေပညာရှင်များက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တခွန်းတည်း ပြောပါသည် “အမှိုက်ပုံး” တဲ့ခင်ဗျာ။ ကောင်းကြသေးရဲ့လား။ နိုင်ငံတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရှုမြင်သုံးသပ်၍ နိုင်ငံ့ဂုဏ်သိက္ခာကို ယုတ်လျော့သွားစေသည့်ပြဋ္ဌာန်းချက်မျိုး နောက်နောင်မျိုးဆက်များ လက်ထက်တွင် မပေါ်ပေါက်အောင် ယခု မျိုးဆက်တွင်ပင် ရှင်းထုတ်ပစ်ခဲ့ရန် လိုအပ်ပါသည်။


မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး သင့်တော်သော အချိန်တခုသို့ ရောက်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ထဲသို့ရောက်နေသော တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက်ကို လျှော့ချနိုင်ချေရှိသည်ဟု ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း က အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
(news-eleven.com/04 June 2012, 02:15) 

ဤ ကတိကဝတ်သည် သင့်တော်သောအချိန်တခုသို့ရောက်မှ ၂၅ ရာခိုင်နှုန်းကို လျှော့ချနိုင်ချေရှိသည်ဟု ဖွင့်ဟပြသည့် အဆင့်မျှသာ ဖြစ်ပါသည်။ စစ်တပ်က ၂၅ ရာခိုင်နှုန်းကို လုံးဝပယ်ဖျက်လိုသည့် သဘောထားမရှိသည်ကတော့ သေချာသည်။ ထို့ကြောင့် လျှော့ချနိုင်ချေရှိသည်ဟု အစပျိုးပြောဆိုရုံမျှပြောဆိုနေသည့် အဆင့်ဟုသာ မှတ်ယူရဦးမည်ဖြစ်သည်။ အတည်ပြုရန်မှာ မည်သည့်အချိန် မည်သည့်ကာလအထိဟူ၍ အချိန်အကန့်အသတ်ဖြင့် ဖော်ပြရန် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်လာပါသည်။ ဤသို့ မရေမရာ ပြောဆိုချက်မျှဆိုလျှင် ဒီမိုကရေစီမူနှင့် ကိုက်ညီပါမည်လော။ လုံးဝ မကိုက်ညီသေးပါ။ ၂၅ ရာခိုင်နှုန်း အားလုံးကို ပယ်ဖျက်ပါမှ ဒီမိုကရေစီမူနှင့် အံဝင်ဂွင်ကျဖြစ်ပါမည်။ မည်သည့်ပုဂ္ဂိုလ် တဦးတယောက်နှင့်မျှ ဆိုင်သောကိစ္စ မဟုတ်ပါ။ တိကျပြတ်သားသည့် ဒီမိုကရေစီမူအပေါ် ပြတ်ပြတ်သားသား ရပ်တည်ရပါမည်။ 

- အခန်း (၄) ပုဒ်မ (၇၄)၊ (၁၀၉)၊ (၁၄၁)၊ (၁၆၁)တို့အရ တပ်မတော်သား ၂၅ ရာခိုင်နှုန်းပါဝင်နေခြင်း။ – -ပုဒ်မ ၆၀(ခ) (၃) အရ သမ္မတရွေးချယ်ရာတွင် တပ်မတော်သား အစုအဖွဲ့ အနေဖြင့်ပါဝင်နေခြင်း။ – ပုဒ်မ ၁၆၁ (ဃ)အရ တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် တပ်မတော်သားများမှာ လွှတ်တော်ကိုယ်စားလှယ်ဦးရေ၏ သုံးပုံတစ်ပုံ ပါဝင်နေခြင်း။ – ပုဒ်မ ၁၂၁ (ည) အရ တပ်မတော်သားများအား နိုင်ငံရေးတွင် ပါဝင်ခွင့် အထူးအခွင့်အရေးများ ပေးထားခြင်း စသည့် ပုဒ်မ များအားလုံးကို ဖျက်သိမ်းပစ်ရပါမည်။ ဤသို့ ပယ်ဖျက် ပစ်နိုင်ရန် ဆိုလျှင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပုဒ်မ ၄၃၆ တစုံလုံးကို ပြင်ဆင်ပြီးဖြစ်ရန်လိုပါသည်။ ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၏ ဖွင့်ဟချက်အရ မည်သို့ ဆက်လက် ဆောင်ရွက်သင့်သည်၊ ပြင်ဆင်ဖြည့်စွက်သင့်သည်ကို လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ကိုယ်တိုင်က ဒီမိုကရေစီ လွှတ်တော်တွင်းတိုက်ပွဲကို ပြတ်ပြတ်သားသား ဆင်နွှဲနိုင်ရပါမည်။

ဒီမိုကရေစီနိုင်ငံတိုင်းတွင် အရပ်သားအစိုးရ ဖြစ်လျှင် ကာကွယ်ရေး ဦးစီးချုပ်သည် ကာကွယ်ရေးဝန်ကြီး၏ ၀န်ကြီးဌာန၏ အောက်တွင်သာ ရှိပါသည်။ ပြည်ထောင်စု အစိုးရ၏ အဖွဲ့ဝင်သည် ကာကွယ်ရေးဝန်ကြီးသာ ဖြစ်ပါသည်။ ကာကွယ်ရေးဦးစီးချုပ် မဟုတ်ပါ။ သို့ပါ၍ စစ်အစိုးရ ဖြစ်နေကြောင်း ကြေညာထားသည့် ပုဒ်မများကို တခုမကျန် ပယ်ဖျက်ပစ်သင့်ပါသည်။

ဥပမာ- ပုဒ်မ ၃၄၂ တွင် “နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက် ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန် ပေးရမည်။”ဟု ဖော်ပြထား သော်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က သမ္မတကို ခန့်အပ်ထားကြောင်းကို ပုဒ်မ ၆၀ (က) တွင်”နိုင်ငံတော် သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်။” ဟုလည်းကောင်း၊

ပုဒ်မ ၆၀ (ခ)(၃) တွင်“ဖော်ပြပါ လွှတ်တော်နှစ်ရပ်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ”ဟုလည်းကောင်း ဖော်ပြထားသည်ကို ကြည့်ခြင်းအားဖြင့် သမ္မတကိုယ်၌က ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားကြောင်းကို တွေ့ရှိရပါသည်။ ဤပုဒ်မ နှစ်ခု၏ ဖော်ပြချက်များသည် ပုဒ်မ တခုကို နောက်ပုဒ်မ တခုက ချေဖျက်ထားခြင်း ဖြစ်နေပါသဖြင့် အဓိပ္ပါယ်မှာ ကာကွယ်ရေးဦးစီးချုပ်လက်ထဲတွင် သမ္မတအာဏာ ရှိနေ သည်ဟု မီးမောင်းထိုးပြလိုက်သလို ထင်ရှားနေပါသည်။

ကာကွယ်ရေးဦးစီးချုပ်သည် ပုဒ်မ ၁၆ တွင်”နိုင်ငံတော် အကြီးအကဲနှင့် နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။”ဟုဖော်ပြထားသည့်အတွက် အာဏာ ကို လက်တွေ့ဖော်ပြချက်တွင်ပင် ရယူထားသည်ကိုတွေ့ရပေသည်။ အဘယ်မှာ အရပ်သား အစိုးရ။ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရ တရပ်ကို ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေအရ အကောင်အထည် ဖော်ဆောင်နိုင်ပါမည်နည်း။ စစ်အစိုးရဘဲ ဖြစ်မြဲဖြစ်နေသည်ကို အဆိုပါပုဒ်မများက သက်သေပြနေသလို ဖြစ်နေပါ သည်။ဤ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရသာ ဆိုလျှင် ပြည်သူ့အစိုးရတရပ် အစိုးရကောင်းတရပ်ကို မည်သည့်နည်းနှင့်မျှ ဖော်ဆောင်နိုင် မည် မဟုတ်ကြောင်းကို တွေ့ရှိနေရပါသည်။

နိုင်ငံတော် သမ္မတသည် ကာကွယ်ရေးဦးစီးချုပ်လောက်မျှ အာဏာမရှိကြောင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ကို ကြည်ြ့ခင်းအားဖြင့်လည်း တွေ့မြင်နိုင်ပါသည်။ ပုဒ်မ ၂၀၄ တွင်” နိုင်ငံတော် သမ္မတသည်-

(က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိသည်။

(ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။ ဟုဖော်ပြထားသည်ကိုသာ ကြည့်ပါ။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၀ တွင်“ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သော အခွင့်အရေးသည် နိုင်ငံတော် သမ္မတ၌ တည်ရှိရမည်။” ဟု ဖော်ပြထား သည်နှင့် နှိုင်း ယှဉ်ကြည့်လျှင် တခြားစီဖြစ်နေသည်ကို တွေ့မြင်ရပါသည်။

၁၉၈၀ ခုနှစ်ကထုတ်ပြန်ခဲ့သော ၂/၈၀ ကဲ့သို့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို သမ္မတ ဦးနေ၀င်း(ဗိုလ်ချုပ်ကြီး နေ၀င်း) ကိုယ်တိုင် ထုတ်ပြန်ခဲ့သည်ကိုလည်း သင်ခန်းစာ ယူသင့်ပါသည်။ သမ္မတ ဦးသိန်းစိန် (ဗိုလ်ချုပ်ကြီး သိန်းစိန်) အနေဖြင့် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်မရ၍ အထွေထွေလွတ်ငြိမ်းသာခွင့် ထုတ်ပြန်နိုင်ခြင်းမရှိသည်ကို လက်တွေ့ တွေ့မြင်နေရပါသည်။

ပုဒ်မ ၃၃၇ တွင်”တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ ဖြစ် သည်။”နှင့် ပုဒ်မ ၃၃၉ တွင်”နိုင်ငံတော်အား ပြည်တွင်းပြည်ပ အန္တရာယ်မျာမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင် ရမည်။”ဟု ဖော်ပြချက်နှစ်ခု၏ အဓိပ္ပါယ်မှာ တဆက်တည်းဖြစ်နေပါသဖြင့် ပုဒ်မ တခု တည်းဖြင့် ဖော်ပြ လျှင် ပြည့် စုံနိုင်ပါသည်။

ထို့ပြင် ပုဒ်မ ၃၄၁ တွင်”နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်။” ဟု အထူးဖော်ပြစရာ မလိုအပ်ပါ။ မလိုအပ်သည့် အလိုလိုနားလည်ရမည့် လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်ဟုလည်းကောင်း၊ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည် ဟုလည်းကောင်း ဖော်ပြ ချက်မျိုးမှာ အပိုဖြစ်နေ ပါသဖြင့် ရှိပြီးသား အဓိပ္ပါယ်ကို ဖောင်းပွကာ လေးနက်မှုယုတ်လျော့သွားစေပါသည်။

ဥပမာ- ပုဒ်မ ၂၀ တွင်ဖော်ပြထားသော တပ်မတော်ဆိုင်ရာ ဖော်ပြချက်မျိုးကို တပ်မတော်အခန်းမျိုးတွင်သာ ဖော်ပြ သင့်ပါသည်။ အပို အလွတ်သဘော ဖြစ်နေသည့် ပုဒ်မများ ကို လျော့ပစ်ရန် လိုအပ်ပါသည်။အသစ်ပြုပြင် ပြဋ္ဌာန်းရန် လိုအပ်ပါ သည်။

ပုဒ်မ ၃၄၃ တွင်” စစ်ဘက်တရားစီရင်ရာတွင်-

(က) တပ်မတော်သားများအတွက် အဖွဲ့ဖြင့် ဖြစ်စေ၊ တစ်ဦးတည်းဖြစ်စေ ဥပဒေနှင့်အညီ စီရင်နိုင်သည်။

(ခ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်။” ဟု ဖော်ပြထားပါသဖြင့် တပ်မတော်သားများ အနေဖြင့် သာမာန်ပြည်သူများ ရရှိခံစားနိုင်သည့် အရပ်ဖက်တရားစီရင်ရေး၏ စီရင်ဆုံးဖြတ်မှုကို ခံယူရရှိနိုင်သည့် အခွင့်အရေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တည်းဟူသော နိုင်ငံ၏အမြင့်ဆုံး တရားရုံးသို့ အယူခံ တက်ရောက်ပိုင် ခွင့် မရရှိနိုင် တော့ပေ။ တပ်တွင်း ဒီမိုကရေစီဆိုသည်မှာ မူး၍ပင်ရှူစရာမရှိ။ ဒီမိုကရေစီ ဆိတ်သုဉ်း ကင်းမဲ့လှပေသည်။ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီဆိုသည်ကို အနက်ဖွင့်ရန် ခက်ခဲလွန်းလှပါသည်။ တပ်မတော်သားများသည် ပြည်သူလူထု၏ သားသမီးများ ဖြစ်သည့် အလျှောက် မိဘနှင့်တူသောပြည်သူများ ဒီမိုကရေစီ အပြည့်ရဖို့ လိုအပ် သကဲ့သို့ ထိုရရှိသော အခွင့်အရေးများကို ပြည်သူ၏ သားသမီးများဖြစ်သည့် တပ်မတော်သားများအနေဖြင့် ရရှိခံစားထိုက်ပေသည်။

တပ်မတော်သည် ပြည်သူ့အတွက် ဟု ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မူနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကာ ပြည်သူသည် တပ်မတော်အတွက်ဖြစ်နေရသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ အခြားအခန်းများတွင်ပါရှိသော ကာကွယ်ရေး ဦးစီးချုပ် ဝေါဟာရပါ ပုဒ်မအားလုံးကို တပုဒ်မကျန် ဖျက်သိမ်းပစ်ရပါလိမ့်မည်။

သို့မှသာ တပ်မတော်သည် ပြည်သူ့တပ်မတော် ဖြစ်လာပေလိမ့်မည်။ ယခု လက်ရှိတပ်မတော်ကို ပြည်သူကို ကာကွယ် စောင့်ရှောက်သည့် ပြည်သူ့တပ်မတော်အဖြစ် အသစ်ပြန်လည်ဖွဲ့စည်း တည်ထောင်ရန် လိုအပ်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ဤတပ်မတော် အခန်းပါ ပုဒ်မများကို ပြုပြင်ပြဋ္ဌာန်းရန် အထူးလိုအပ်လျှက်ရှိပါသည်။

ဦးမျိုး (ဥပဒေ) 
၇ – ၆ – ၂၀၁၂ 

No comments:

Post a Comment