Tuesday, June 5, 2012

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတွင်းက ဥပဒေ အချင်းချင်း ပဋိပက္ခဖြစ်နေမှုများ (အပိုင်း - ၅)

အခန်း (၆) 
တရားစီရင်ရေး 

 မြန်မာနိုင်ငံ တရားရုံးများ ဖွဲ့စည်းပုံအရ တရားရုံးအမျိုးအစား သုံးမျိုးကို တွေ့ရပါသည်။ ပုဒ်မ ၂၉၃ (က)တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်များ၊ ပြည်နယ်တရား လွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်ထားသော အခြားတရားရုံးများ။”

ပုဒ်မ ၂၉၃ (ခ)တွင် “စစ်ဘက်ဆိုင်ရာ တရားရုံးများ”။

ပုဒ်မ ၂၉၃(ဂ)တွင် “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး” ဟူ၍ သုံးမျိုးသုံးစား တွေ့ရပါသည်။

 ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရားစီရင်ရေး အာဏာနှင့် ပတ်သက်၍ ပုဒ်မ ၂၉၄ တွင်” နိုင်ငံတော်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တရပ်ထားရှိသည်။ စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေဘဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည်။” ဟု ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံ၏ အမြင့်ဆုံးတရားရုံးဖြစ်သော်လည်း စစ်ဘက်ဆိုင်ရာ တရားရုံးများနှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတို့၏ စီရင်ပိုင်ခွင့်ကို ကျော်လွန်၍ မရပါ။ ယခင်ကတည်ရှိခဲ့သော တရားရုံးဖွဲ့စည်းပုံများနှင့် လုံးဝ ကွာခြားသွားသည်ကို တွေ့ရပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၏ စီရင်ပိုင်ခွင့်အာဏာနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ စီရင်ပိုင်ခွင့် အာဏာတို့ လုံးဝ ကွာခြားသွားပါသည်။


၁၉၄၇ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၅၁(၁) တွင် “တရားလွှတ်တော်ချုပ်၏ ထင်မြင်ယူဆချက်ကို ရယူလောက်အောင် ပြည်သူများအတွက် အရေးကြီးသည်ဟူသော ဥပဒေကြောင်းဆိုင်ရာ ပြဿနာတရပ် ပေါ်ပေါက်လာသည်ဟုသော်လည်းကောင်း၊ ပေါ်ပေါက်ရန် အကြောင်းရှိသည်ဟုသော်လည်းကောင်း နိုင်ငံတော် သမ္မတသည် မည်သည့်အခါ၌မဆို ယူဆခဲ့သော် ထိုပြဿနာကိုစဉ်းစားရန် တရားလွှတ်တော်ချုပ်သို့ လွှဲအပ်နိုင်သည်။ တရားလွှတ်တော်ချုပ်ကလည်း ထိုပြဿနာနှင့်စပ်လျဉ်း၍ လျော်ကန်သင့်မြတ်သည့်အတိုင်း ကြားနာ စစ်ဆေးပြီးနောက် သမ္မတထံ အစီရင်ခံနိုင်ရမည်။”ဟု ပြဋ္ဌာန်းထားချက် ရှိခဲ့ဖူးပါသည်။ အမေရိကန်ပြည်ထောင်စု၏ တရားလွှတ်တော်ချုပ်သည်လည်း အခြေခံဥပဒေနှင့် ဥပဒေများကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခွင့် အာဏာရှိပြီး အခြေခံဥပဒေနှင့် မညီသောကိစ္စရပ်များကိုလည်း အဆုံးအဖြတ်ပြုနိုင်ခွင့် အာဏာရှိပါသည်။ အင်္ဂလိပ် ရိုးရာဥပဒေစနစ်ကို ကျင့်သုံးခဲ့သည့် မြန်မာနိုင်ငံအနေဖြင့် ယခင်က တရားလွှတ်တော်ချုပ်၏ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်ပါသည်။ သို့သော် ယခုအခါ ဥရောပနိုင်ငံများက စတင်ကျင့်သုံးခဲ့သည့် ကိုဓဥပဒေ/ ပြဋ္ဌာန်းဥပဒေစနစ် (Code Law System) သို့မဟုတ် ဆီဗီလ်ဥပဒေစနစ် (Civil Law System) ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးစနစ်ကို ကျင့်သုံးဆောင်ရွက်လာသည်ကို တွေ့ရပေသည်။ ၁၉၉၀ ခုလွန်နှစ်များတွင် အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နှင့် ယခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၃ (ဂ) အရ ဖွဲ့စည်း တည်ထောင်ထားသည်ကို တွေ့ရှိရပါသည်။ ကပြားဥပဒေစနစ်တခုကို ထူထောင်ကျင့်သုံးလာကြောင်း တွေ့ရှိရပါသည်။ ဥပဒေစနစ် ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ သို့သော် မိမိနိုင်ငံ၏ နိုင်ငံနှင့် ဥပဒေသမိုင်းအပေါ် အခြေခံသည့် အမျိုးသားနိုင်ငံရေး သမိုင်းအစဉ်အလာနှင့် ရိုးရာ ဓလေ့ထုံးတမ်းဆိုင်ရာ လောကပါလတရားများကိုတော့ ချန်လှပ်ထား၍ ကျော်လွန်၍ ရနိုင်ကောင်းသည့် အရာမဟုတ်ပါ။

ပုဒ်မ ၂၉၅ (ဃ) တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖြစ်စေ၊ အခြားဥပဒေပါပြဋ္ဌာန်းချက်တရပ်ရပ်ကိုဖြစ်စေ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်၏ စီရင်ချက်များကို ဆုံးဖြတ်နိုင်သော အယူခံမှုစီရင်ပိုင်ခွင့် အာဏာရှိသည်။ ထို့အပြင် အခြား တရားရုံးများကချမှတ်သော စီရင်ချက်များကိုလည်း ဥပဒေနှင့်အညီ စစ်ဆေးဆုံးဖြတ်နိုင်သော အယူခံမှု စီရင်ပိုင်ခွင့် အာဏာရှိသည်။” ဟု ဖော်ပြထားပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော်တို့၏အထက်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တည်ရှိပါသည်။ ပုဒ်မ ၂၉၅ (ခ) တွင် “ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံးဖြစ်သည့်အားလျော်စွာ နောက်ဆုံး အပြီးအပြတ် အယူခံဝင်ရာ တရားရုံး ဖြစ်သည်။” ဟု ဖော်ပြထားပါသည်။

တရားရုံးများဖွဲ့စည်းပုံနှင့်ပတ်သက်၍ အင်္ဂလိပ် ကိုလိုနီခေတ်မှ ယနေ့ခေတ်အထိ ဖွဲ့စည်းပုံအပြောင်းအလဲများကို သိသင့်ပါသည်။ တဦးထိုင် စနစ်လား။ ဂျူရီစနစ်ကဲ့သို့ အများ (၃ ဦး သို့မဟုတ် ၅ ဦး) ထိုင်စနစ်လား။ အင်္ဂလိပ် ကိုလိုနီ လက်ထက်မှ ပါလီမန်ဒီမိုကရေစီ လက်ထက်တိုင် တဦးထိုင်တရားရုံးစနစ် ဖြစ်ပါသည်။ တရားရုံးမှာလည်း တရားမတရားရုံးနှင့် ရာဇဝတ် တရားရုံးဟူ၍ နှစ်ရုံးခွဲထားပါသေးသည်။ ၁၉၇၄ ခုနှစ် မဆလ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကစ၍ ယနေ့တိုင်အောင် တရားမမှုနှင့် ရာဇဝတ်မှုကို တရုံးတည်းကသာ စစ်ဆေးဆုံးဖြတ်သည်ကို တွေ့ရပါသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှစ၍ ၁၉၈၈ နဝတ စစ်တပ်က အာဏာသိမ်းသည့်ကာလအထိ တရားသူကြီး အများထိုင်စနစ် သို့မဟုတ် ၃ ဦးထိုင်စနစ်ကို ကျင့်သုံးခဲ့ပါသည်။ နဝတ စစ်အစိုးရမှ နအဖ စစ်အစိုးရ။ ထိုမှသည် ယနေ့အထိ ။ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပုဒ်မ - ၃၁၄ တွင် “တရားရုံးဖွဲ့စည်းပုံ အဆင့်ဆင့်” ကို ဖော်ပြထားသည်။ တရားသူကြီးများမှာ တဦးထိုင်စနစ်ဖြင့် စစ်ဆေးနေသော အစိုးရခန့်သူများသာ ဖြစ်နေပါသည်။ ကိုလိုနီခေတ်၊ ပါလီမန် ဒီမိုကရေစီခေတ် နှင့် ယနေ့ ကြံ့ဖွံ့အစိုးရတို့သည် တဦးထိုင်စနစ်ကိုသာ ကျင့်သုံးနေကြသည်ကို တွေ့ရှိရပါသည်။ ဂျူရီစနစ် သို့မဟုတ် ခုံအဖွဲ့ဖြင့် စစ်ဆေးသည့်စနစ်ကို လေ့လာရကောင်းမှန်းပင် မသိလေသလော မပြောတတ်ပါ။ ကမ္ဘာ့ လာဘ်ပေး လာဘ်ယူမှု အများဆုံး နိုင်ငံစာရင်းဝင် ဖြစ်နေသည်ကတော့ ငြင်းမရပါ။ အောက်ပါသတင်းတပုဒ်ကို ပူပူနွေးနွေး တွေ့နိုင်ပါသည်။

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု (၇၇) မှုရှိခဲ့ 

( Weekly Eleven News ,No30 Vo17, p-2) 

သမ္မတကြီး မိန့်ခွန်းပြောကြားပြီးသည့်နောက် ပြည်သူလူထုက တရားစီရင်ရေးဆိုင်ရာ တရားသူကြီးများအပေါ်တွင် တိုင်ကြားမှု (၇၇) မှုရှိခဲ့ပြီး တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန်မှုရှိခဲ့ကြောင်း၊ ထို့ပြင် ရာထူးအဆင့် လျော့ချခံရသူ နှစ်ဦး၊ အငြိမ်းစားပေးခြင်းခံရသူ တစ်ဦးနှင့် သတိပေးခြင်းခံရသူ ၄၀ ဦး အပါအဝင် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ချမှတ်ခံရသူ တရားသူကြီးပေါင်း ၅၇ ဦးရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက “အခုလို တရားရုံးချုပ်က စီမံလိုက်တာက စီမံခန့်ခွဲရေးနည်းလမ်းအားဖြင့် အပြစ်ပေးတယ်လို့ အကြမ်းဖျင်း သဘောပေါက်ပါတယ်။ တကယ်ဖြစ်သင့်တာက ဒီလိုကိစ္စမျိုး ပေါ်ပေါက်လာရင် ဥပဒေအရ အရေးယူအပြစ်ပေးခြင်းဟာ ပိုပြီးတော့ နှစ်ဖက်မျှတလို့ ပြည်သူ့ရှေ့မှောက်မှာ တရားစီရင် လိုက်တယ်ဆိုလို့ရှိရင် ပြည်သူလည်း သိ၊ သက်ဆိုင်ရာ တရားသူကြီးလည်း သိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများလည်း သိသွားမှာဖြစ်တဲ့အတွက် ပိုကောင်းမွန်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါက တစ်ချက်ပါ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်ခရီးမှာ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ဥပဒေအရ အပြစ်ပေးအရေးယူခြင်းဟာ ဒီနေ့သွားတဲ့စနစ်နဲ့ ပိုပြီး ကိုက်ညီမှုရှိကြောင်း ကျွန်တော့်အနေနဲ့ ထင်မြင်သုံးသပ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၇၇ မှာ တရားသူကြီးများရဲ့ တရားစီရင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အရေးယူမှု မပြုနိုင်ရန် ကင်းလွတ်ခွင့်ပြုထားပါတယ်။ အဲဒီ ကင်းလွတ်ခွင့်ကို ပယ်ဖျက်သင့်ပါတယ်။ ဒါမှသာ သဘောရိုးလို့ တွင်ကျယ်စွာသုံးပြီး မရိုးမဖြောင့်ပြုလုပ်ခြင်းများ ပပျောက်ကာ တရားစီရင်ရေးကဏ္ဍကို တည့်မတ်နိုင်မှာ ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။ (ဝေယံဖြိုးဦး)

တရားသူကြီးများကို ခန့်အပ်ခြင်းနှင့်ပတ်သက်၍ ပုဒ်မ - ၂၉၉ (ဂ) (၂) တွင် “ပုဒ်မ ၃၀၁ တွင် သတ်မှတ်ထားသော ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက ပြည်ထောင်စု လွှတ်တော်သည် နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်းတင်သွင်းသူကို ငြင်းပယ်ခွင့် မရှိစေရ။”ဟု ပါရှိပါသည်။ ထို့ကြောင့် အဆိုပါ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှာ ပြည်ထောင်စု လွှတ်တော်မှ ရွေးချယ်တင်မြှောက်လိုက်သည့်ပုဂ္ဂိုလ်များ မဟုတ်ကြတော့ပါ။ သမ္မတ (အုပ်ချုပ်ရေး အကြီးအမှူး)က ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီးချုပ်အား ခန့်အပ်ထားကြောင်း ပေါ်လွင်ထင်ရှားပါသည်။ အုပ်ချုပ်ရေး အာဏာအောက်က တရားစီရင်ရေးအာဏာရှိနေသည်ဆိုလျှင် အုပ်ချုပ်သူစေခိုင်းသည့်အတိုင်း အမိန့်ချကြရပေတော့မည်။ လက်ရှိ အာဏာပိုင်တို့ စိတ်ကြိုက် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေခြင်းက ဤအချက်ကို သက်သေပြနေပါသည်။ အဘယ်မှာ လွတ်လပ်သည့် တရားစီရင်ရေး ဖြစ်နိုင်ပါတော့မည်နည်း။

တိုင်းဒေသကြီးတရားလွှတ်တော် သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားသူကြီးများ ခန့်အပ်ခြင်းဆိုင်ရာ ပုဒ်မ ၃၀၈ (ခ) (၂) တွင် “ပုဒ်မ ၃၁၀ တွင် သတ်မှတ်ထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီး၏ အရည်အချင်းနှင့် မပြည်စုံကြောင်း အထင်အရှား မပြနိုင်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သည် နိုင်ငံတော် သမ္မတက ပြည်ထောင်စု တရားသူကြီးချုပ်၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန်လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများအဖြစ် ခန့်အပ်ရန်လည်းကောင်း အမည်စာရင်း ပေးပို့သူများကို ငြင်းပယ်ခွင့်မရှိစေရ။”ဟု ဖော်ပြထားသဖြင့်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့တွင် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ရွေးချယ် တင်မြှောက်ပိုင်ခွင့်မရှိကြောင်း အထင်အရှား တွေ့ရပါသည်။ သမ္မတနှင့် ဝန်ကြီးချုပ်များကသာ ခန့်အပ်ထားခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်တို့၏ လုပ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ကို မျက်ကွယ်ပြုထားခြင်း ဖြစ်ပါသည်။ ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်ရမည့် ပြည်သူ့တရားသူကြီး၏ အခန်းကဏ္ဍကို မထီမဲ့မြင်ပြုလိုက်သလို ဖြစ်နေပါသဖြင့် ဤပုဒ်မအားလည်း အသစ်ပြုပြင် ပြဋ္ဌာန်းသင့်ပါသည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်တို့ထားရှိခြင်းမှာ ဟန်ပြသဏ္ဍာန်ဆောင်ရုံသက်သက်မျှသာ ဖြစ်နေပါသဖြင့် ပြည်ထောင်စု အစိုးရ၏ ဖြစ်တည်ရမည့် တရားစီရင်ရေးစနစ်ကို မည်သည့်ပုဒ်မတွင်မှာမျှ ရှာမတွေ့နိုင်ပါ။ သက်ဆိုင်ရာ လူမျိုးစု ပြည်နယ်များ၏ ဓလေ့ထုံးတမ်းဆိုင်ရာ အမှုအခင်းများ၊ ဥပဒေများနှင့် စပ်ဆိုင်လာလျှင် ယခုခန့်အပ်ထားသည့် ဗျူရိုကရက်အရာရှိ တရားသူကြီးများက မည်သို့စစ်ဆေးစီရင်ရမည်ကို တတ်သိနားလည်နိုင်မည် မဟုတ်ပါ။ ပြည်ထောင်စု တရားစီရင်ရေးစစ်စစ်တရပ် ပေါ်ပေါက်လာရန် အထူးကြိုးစားရန် လိုအပ်ပါသည်။

တရားစီရင်ရေးမဏ္ဍိုင်သည် နိုင်ငံတနိုင်၏ လူသား၊ လူ့အခွင့်အရေးများကို တရားမျှတစွာတည်ရှိနေစေရန် အဓိကအားဖြင့် ပဲ့ကိုင်ထိန်းကျောင်းပေးရသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ တရားစီရင်ရေး လွတ်လပ်ခွင့်ကို အခြေခံဥပဒေဖြင့် ပြတ်ပြတ်သားသား ပြဋ္ဌာန်းပေးရပေမည်။ တချိန်က ပါလီမန်ဒီမိုကရေစီခေတ်က တရားစီရင်ရေး လွတ်လပ်ခွင့်ရှိစေရန် ၁၉၄၇ ခုနှစ်အခြေခံဥပဒေ ပုဒ်မ ၁၄၀ တွင် “(၁) ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူချက်ဖြင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတသည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။” ဟု ပြဋ္ဌာန်းထားချက်ကို နမူနာယူသင့်ပါသည်။ ထို့ပြင် တဆက်တည်း ပုဒ်မ ၁၄၁ တွင် “တရားသူကြီးအားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများကိုသာလိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရမည်။” ဟု တရားစီရင်ရေး လွတ်လပ်မှုကို တိတိကျကျ ပြဋ္ဌာန်းခဲ့သည်။ ဤကဲ့သို့ အခြေခံဥပဒေ ပုဒ်မများဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပုဒ်မ ၂၉၉ ကို ပယ်ဖျက်ပြီး အစားထိုး ပြဋ္ဌာန်းသင့်ပါသည်။

တရားသူကြီးများ ခန့်ထားခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၃၁၇ တွင် “ပြည်ထောင်စုတဝန်းလုံးတွင် တရားစီရင်ရေးဆိုင်ရာ ကိစ္စအဝဝကို ဖွဲ့စည်းပုံအခြေခံဥပဒေအရဖြစ်စေ၊ အခြားဥပဒေတရပ်ရပ်အရဖြစ်စေ ဖွဲ့စည်းသည့် တရားရုံးများတွင် ဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံဆောင်ရွက်ရမည်။”ဟု ပြဋ္ဌာန်းချက်အရ ခန့်အပ်သော ဗျူရိုကရက် တရားသူကြီးများဖြင့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်မည်ဟု ဖော်ပြချက်သက်သက် ဖြစ်ပါသည်။

ပြည်သူလူထုပါဝင်သော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်မည့် ပြည်သူ့တရားစီရင်ရေးစနစ်ကို ငြင်းပယ်ထားခြင်း ဖြစ်ပါသည်။ ဗျူရိုကရက်အုပ်ချုပ်ရေးအောက်က ဗျူရိုကရက် တရားစီရင်ရေးစနစ်ဖြစ်နေပါသဖြင့် အကျင့်ပျက်ခြစားမှုကို မီးလောင်ရာလေပင့် အဖြစ်မျိုးရောက်အောင် လမ်းခင်းပေးသလိုဖြစ်နေပါသည်။ အဘယ်မှာ သန့်ရှင်းပြီး ပွင့်လင်းမြင်သာသည့် လွတ်လပ်သော တရားစီရင်ရေးစနစ်ကို ဖော်ဆောင်နိုင်ပါမည်နည်း။ တရားမျှတမှုဖြင့် တရားဥပဒေ စိုးမိုးနိုင်အောင် ဆောင်ရွက်နိုင်မည့် ရည်မှန်းချက်က ပျောက်ဆုံးနေပါသည်။ တရားစီရင်ရေးစနစ်တခုလုံးကို ပြောင်းလဲပစ်နိုင်ရန် ဖော်ပြပါ ပုဒ်မအသီးသီးအား ပြင်ဆင်ပြဋ္ဌာန်းသင့်ပါသည်။

ပုဒ်မ ၃၁၉ တွင် “ပုဒ်မ ၂၉၃ ပုဒ်မခွဲ (ခ) အရ စစ်ဘက်ဆိုင်ရာ တရားရုံးများကို နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက် တရားစီရင်ရမည်။” ဟု ဖော်ပြထားသဖြင့် တပ်မတော်သားများအနေဖြင့် အရပ်ဖက်ဆိုင်ရာ တရားစီရင်ရေး၏ စီရင်မှုနှင့် လုံးဝ ကင်းလွတ်နေပါသည်။ ပြည်သူလူထုနှင့် တသားတည်းရှိရမည့် တပ်မတော်သားများ၏ တရားစီရင်ရေးဆိုင်ရာ အခွင့်အရေးဆုံးရှုံးနေကြောင်း တွေ့ရှိရပါသည်။

ပုဒ်မ ၃၂၆ တွင် “အောက်ပါပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်၊ သဘောထားရယူရန်ကိစ္စများကို သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခွင့်ရှိသည် - (ဃ) ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များ။” ဟုဖော်ပြထားသဖြင့် ၁၀ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များက လွှတ်တော်အတွင်းတွင် ဖွဲ့စည်းပုံနှင့်ပတ်သက်၍ လိုအပ်ချက်၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်နှင့် ပယ်ဖျက်ခွင့်တို့ကို တင်သွင်းခွင့် ရှိပါသလားဆိုပါမူ သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီဟု ဖော်ပြချက်က ပိတ်ပင်ထားသည်ကို သတိမူရန် လိုအပ်ပါသည်။ လက်တွေ့လွှတ်တော်တွင်း တိုက်ပွဲကို ဆင်နွှဲကြည့်သင့်ပါသည်။ ရွေ့၏လော။ မရွေ့၏လော။ အရွေ့မရှိလျှင် ရူပဗေဒသဘောအရ အလုပ်မဖြစ်ဟုသာ သိပ္ပံနည်းကျ ကောက်ချက်ချရပါမည်။ ဆန္ဒသက်သက်ဖြင့် အလုပ်မဖြစ်ပါ။ လက်တွေ့နိုင်ငံရေးကသာ အရေးပါ အရာရောက်ပါလိမ့်မည်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုကို ပုဒ်မ ၃၂၃ တွင် “တရားရုံးတရုံးသည် အမှုတမှုကို စစ်ဆေး စီရင်ရာတွင် ဥပဒေတရပ်ရပ်ပါ ပြဋ္ဌာန်းချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှုပေါ်ပေါက်ပါက ထိုအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကလည်း တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးလျှင် အဆိုပါ တရားရုံးသည် အမှုစစ်ဆေးစီရင်ခြင်းကို ရပ်ဆိုင်းထားပြီး မိမိ၏ထင်မြင်ချက်ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်ပြ၍ အဆုံးအဖြတ် ရယူရမည်။ ယင်းအငြင်းပွားမှုနှင့်စပ်လျဉ်း၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အမှုအားလုံးနှင့် သက်ဆိုင်စေရမည်။” ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် စပ်ဆိုင်မှသာခုံရုံးသို့သွားခွင့်ရှိကြောင်း ဖော်ပြချက်ဖြစ်ပါသည်။ တရားရုံးအမှုများလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ရောက်လာနိုင်ရန် လမ်းကြောင်းရှိကြောင်း တွေ့ရှိရပါသည်။ ဤအမှုမျိုးတွင် ပုဒ်မ ၃၂၄ အရ “နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်။” ဟု လည်း ဖော်ပြပါရှိသည်။ တရားလွှတ်တော်ချုပ်သို့သွားရန် မလိုအပ်တော့ပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်မှု ရှိ-မရှိ၊ ညီညွတ်မှု ရှိ-မရှိ အငြင်းပွားမှုများသည် တရားရုံးများမှတဆင့် ခုံရုံးသို့ရောက်ရှိလာမည့် လမ်းကြောင်းလည်းရှိနေပါသဖြင့် စီရင်ထုံးအသစ်များ ပေါ်ပေါက်လာလျှင် တရားမျှတမှု ရှိမရှိကို ပြည်သူအများစောင့်ကြည့်ကာ သတိထား သုံးသပ် ဆန်းစစ်ရပါမည်။ စီရင်ထုံးအသစ်များက ဥပဒေကို ပြုပြင်နိုင်လေမလား စဉ်းစားခန်းဝင်ရမလိုလိုပင် ဖြစ်နေပါသည်။ ဖွဲ့စည်းပုံအတိုင်း မလိုက်နာနိုင်မှုများ အစိုးရတွင်ရှိလျှင်လည်း ဗူးပေါ်သလို ပေါ်ပေါက်လာမည့် အကြောင်းအချက်များစွာကို နေ့စဉ် တွေ့မြင်ရပါလိမ့်မည်။ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်းသည်) တွင် နောက်ဆုံးနံပါတ် (၁၁) ၌ တရားစီရင်ရေးကဏ္ဍကို (က) မှ (ဋ) အထိ ဖော်ပြထားပါသဖြင့် ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဥပဒေပြုပိုင်ခွင့်ကို တရားစီရင်ရေးကဏ္ဍ၌ ပြုပိုင်ခွင့်ရှိကြောင်း တွေ့ရှိရပါသည်။

ဇယား (၁) ဖော်ပြပါ တရားစီရင်ရေးကဏ္ဍများအားလုံးကို မည်သို့မည်ပုံ ဥပဒေပြုသွားကြပါမည်နည်းဆိုသည်ကိုတော့ လွှတ်တော်မှ ပေါ်ထွက်လာမည့် ဥပဒေများ၏ အသံဗလံများကိုသာ စောင့်မျှော် နားဆင်ရပါတော့မည်။

ဦးမျိုး (ဥပဒေ)
၂၂ – ၅ – ၂၀၁၂

No comments:

Post a Comment