Saturday, May 12, 2012

ကြံ့/ဖွံ့ အစိုးရရဲ့ ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးလုပ်ငန်းစဉ် ဘာ့ကြောင့်ပေါ်ထွက်လာသလဲ? (ချန်းဦး)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်မှစတင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးအာဏာကို ကြံ့/ဖွံ့ အစိုးရ က လက်လွှဲယူခဲ့တယ်။ ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်နိုင်ဖို့အတွက် ပြည်တွင်းမှာ နိုင်ငံရေးအရတည်ငြိမ်ဖို့ အရေးတကြီး လိုအပ်လာတယ်။

ဒီပြင် နိုင်ငံတကာ မျက်နှာစာမှာလည်း စီးပွားရေး၊ နိုင်ငံရေး နဲ့ သံတမန်ရေးဆိုင်ရာ ဆက်ဆံရေးများက ပြည်တွင်းနိုင်ငံရေး တည်ငြိမ်မှုကိုဖြေရှင်းဖို့ အဆက်မပြတ် တောင်းဆိုနေချိန်လည်း ဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများနဲ့ နိုင်ငံတကာ ဆက်ဆံရေး ဖိအားများက ကြံ့/ဖွံ့ အစိုးရအား အပစ်ရပ် နိုင်ငံရေးပြဿနာတွေကို ပြန်လည်ဖြေရှင်းဖို့ တွန်းအားတွေ ဖြစ်လာခဲ့ရတယ်။

ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ လက်နက်မကိုင်တဲ့ နိုင်ငံရေးအင်အားစုတွေအပေါ်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုပြီး ယာယီဖြေရှင်းထားနိုင်သေးတယ်။ သို့သော် လူမျိုးစု လက်နက်ကိုင်အင်အားစုများနဲ့ ပတ်သက်တဲ့ နိုင်ငံရေးပဋိပက္ခကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင် ကျင့်သုံးပြီး ဖြေရှင်းမည်ဆိုပါက နိုင်ငံရေး ပဋိက္ခတွေ ပိုမိုကြီးထွား၊ ကျယ်ပြန့်လာနိုင်တယ်။ ဆယ်စုနှစ် ၂ ခုနီးပါး ဖြစ်တည်လာခဲ့တဲ့ အပစ်ရပ်နိုင်ငံရေး အခြေအနေဟာလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပျက်စီးခဲ့ရဖူးပြီ မဟုတ်ပါလား။


ထို့အပြင် လူမျိုးစု လက်နက်ကိုင်အင်အားစုများနဲ့ ဖြစ်ပွားနေတဲ့ နိုင်ငံရေး/စစ်ရေး ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့ အပူတပြင်း တောင်းဆိုချက်တခု ရှိနေပြန်တယ်။ အဲဒါကတော့ ကြံ့/ဖွံ့ အစိုးရနဲ့ သူ့အပေါင်းအသင်းများရဲ့ အရင်းအနှီးများ မထိခိုက်ဖို့ရန်နဲ့ တိုးပွားဖို့ရန်အတွက်ဖြစ်တယ်။ သူတို့အားလုံးရဲ့ အကျိုးစီးပွားအများစုဟာ လူမျိုးစုတွေ နေထိုင်ရာဒေသများအတွင်းမှာ ရင်းနှီးမြှုပ်နှံထားခြင်းကြောင့် ဖြစ်တယ်။ (ဗမာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏရဲ့ ၆၅ % ကို ပြည်နယ် ၃ ခုတွင် ရင်းနှီးမြှုပ်နှံထားကြတယ်။ အဲဒီပြည်နယ်တွေကတော့ ကချင်ပြည်နယ်မှာ ၈.၃ ဘီလျံ၊ ရခိုင်ပြည်နယ်မှာ ၇.၅ ဘီလျံနဲ့ ရှမ်းပြည်နယ်မှာ ၆.၆ ဘီလျံ နီးပါးမြှုပ်နှံထားတယ်) ၁ 

ဘယ်လိုပဲဖြစ်ဖြစ် ကြံ့/ဖွံ့ အစိုးရအနေနဲ့ ထိုအရင်းအနှီးများအား မထိခိုက်၊ မပွန်းပဲ့စေရေးနဲ့ တိုးပွားနှုန်းမြန်ဖို့၊ မြင့်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေးပတ်ဝန်းကျင်တခု မရှိမဖြစ် လိုအပ်လာပါတယ်။ ဒီလိုအပ်ချက်ရဖို့ နည်းနာအသစ် ရှာရတယ်။ အဲဒီ နည်းနာသစ်မှာ ပြည်တွင်းမှာကျင့်သုံးမယ့် သဘောထားနဲ့ နိုင်ငံတကာအပေါ်ကျင့်သုံးမယ့် သဘောထားဆိုပြီး ၂ ပိုင်း တွေ့ကြရလိမ့်မယ်။

ပြည်တွင်းမှာ ကျင့်သုံးမယ့် သဘောထားကတော့ နိုင်ငံရေးအင်အားစု (ဒီမိုကရေစီရေး အတိုက်အခံများနဲ့ လူမျိုးစု နိုင်ငံရေးအင်အားစု) တွေနဲ့ဖြစ်နေဆဲ ပဋိပက္ခတွေ ပြေငြိမ်းရေး သို့မဟုတ် ချုပ်ငြိမ်းရေးနည်းနာသစ်ကို ရှာဖွေ၊ ဖော်ထုတ်လာရခြင်းဖြစ်တယ်။ အခုဖြစ်ထွန်းလာနေတဲ့ ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးဆိုတာ ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးနည်း ပရိယာယ်တွေထဲက တခုဖြစ်တယ်ဆိုတာ မြင်တွေ့လာရတော့မှာပါ။

ကြံ့/ဖွံ့ အစိုးရဟာ စစ်အုပ်စုအဆက်ဆက် စုဆောင်းထားခဲ့တဲ့ အကျိုးစီးပွား (နိုင်ငံရေး၊ စီးပွားရေး)တွေ ဆက်လက် ကြီးထွားဖို့ နေ့စဉ်လိုအပ်တယ်။ အထူးသဖြင့် သိမ်းပိုက်ထားတဲ့၊ စုပုံနေတဲ့ အရင်းအနှီးတွေ ဆက်လက်ရှင်သန် ကြီးထွားဖို့ လိုအပ်လာတယ်။ အရင်းအနှီးတိုးပွားရေးအတွက် နိုင်ငံတကာရဲ့ အရင်းအနှီးရေစီးကြောင်းနဲ့ ချိတ်ဆက်မိဖို့ လမ်းကြောင်းသစ်တွေ၊ နည်းနာအသစ်တွေ အလောတကြီး ရှာကြံလာရတော့တယ်။

ယခင် စစ်အစိုးရရဲ့ တရားမဲ့နိုင်ငံရေး လုပ်ဆောင်မှုတွေကြောင့် နိုင်ငံတကာက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ထားမှု တွေရှိခဲ့တယ်။ ကြံ့/ဖွံ့ အစိုးရရဲ့ အကျိုးစီးပွား (နိုင်ငံရေး၊ စီးပွားရေး) လိုအပ်ချက်အရ စီးပွားရေး၊ နိုင်ငံရေး ပိတ်ဆို့ ဒဏ်ခတ်ထားမှုတွေ အမြန်ဆုံးရုပ်သိမ်းပေးဖို့ အဆက်မပြတ် တောင်းဆိုခဲ့ကြတယ်။ တောင်းဆိုနေဆဲဖြစ်တယ်။

စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု (sanction) ရုပ်သိမ်းရေး တောင်းဆိုလာတဲ့ လက်ရှိ ကြံ့/ဖွံ့ အစိုးရကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ကိုပဲ နိုင်ငံတကာက တုံ့ပြန်ပြောဆိုလိုက်တယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပ သမဂ္ဂနိုင်ငံများက ပြင်းပြင်းထန်ထန် တုံ့ပြန်ပြောဆိုခဲ့ကြတယ်။

အာဏာရ ကြံ့/ဖွံ့ အစိုးရ အနေနဲ့ကလည်း တိုင်းပြည်အတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်စေဖို့ စိတ်ဆန္ဒရှိပုံပေါ်တယ်။ အကြောင်းမှာ တိုင်းပြည်တည်ငြိမ်မှုရှိမှ အာဏာရလူတန်းစားများရဲ့ အကျိုးစီးပွားများ ခိုင်မြဲမယ်၊ ဖွံ့ဖြိုးမယ်ဆိုတာ သဘောပေါက်နေလို့ဖြစ်တယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် ပြည်တွင်းမှာ ဖြစ်ပေါ်နေဆဲ နိုင်ငံရေး/ စစ်ရေးပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းဖို့ ကြံဆလာခဲ့တယ်။ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ပဆက်ဆံရေးတွေ မှန်တန်းဖြစ်ဖို့ လိုအပ်လာတယ်။

ဒီ လိုအပ်ချက်နဲ့ ကြံဆချက်ကြောင့်ပဲ ကြံ့/ဖွံ့ အစိုးရဟာ ပြည်တွင်း လက်နက်ကိုင်အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်လာခဲ့ရတာဖြစ်တယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ တွေ့ဆုံဆွေးနွေးမှုတွေမလုပ်ခင် ကြံ့/ဖွံ့ အစိုးရအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းလိုကြောင်း ဖိတ်ခေါ်ခဲ့တယ်။ ဖိတ်စာကို ပြည်ထောင်စုအစိုးရအဖွဲ့က ၁၈. ၈. ၁၁ ရက်စွဲနဲ့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကြံ့/ဖွံ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကို အချို့တိုင်းရင်းသားအဖွဲ့များက ချက်ခြင်း (၁၉. ၉. ၁၁ နေ့) ပဲပယ်ချခဲ့တယ်။ တဖွဲ့ချင်းမဆွေးနွေလိုပဲ အပစ်ရပ်နဲ့ အပစ်မရပ် တိုင်းရင်းသားအင်အားစုများ (လက်နက်ကိုင်အဖွဲ့၊ လက်နက်မကိုင်အဖွဲ့)များ စုပေါင်းဖွဲ့ထားသည့် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့သာ ဆွေးနွေးမယ်ဆိုပြီး တုံ့ပြန်ကြခဲ့တယ်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က ဧရာဝတီသတင်းဌာနကို ၁၉. ၈. ၁၁ နေ့က ပြောကြားခဲ့တာက “ကျနော်တို့က UNFC Aနေနဲ့ ဆွေးနွေးတာကိုပဲ လက်ခံမယ်၊ တဖွဲ့ချင်းစီ ဆွေးနွေးနေရင် အချိန်တွေ ကုန်မယ်၊ ပင်ပန်းမယ်၊ အမြင်တွေ ကွဲပြားတာတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် အားလုံးကို ကိုယ်စားပြုထားတဲ့ အဖွဲ့အနေနဲ့ပဲ ဆွေးနွေးမယ်” ဟု ပြောခဲ့တယ်။

သို့သော် နောင်မှာ တဖွဲ့ချင်းဆီကပဲ ကြံ့/ ဖွံ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရင်း ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးဖြစ်စဉ်ထဲ ပါဝင်ခဲ့ကြတယ်။ ဒီဖြစ်စဉ်ထဲ ပါဝင်လာရတဲ့ အကြောင်းအရင်းကတော့ -

ပြည်တွင်း၊ ပြည်ပမှာဖြစ်ပေါ်နေတဲ့အခြေအနေ( နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေး ဆက်ဆံရေး ) အပြောင်းအလဲကြီးတွေက လူမျိုးစု လက်နက်ကိုင်အင်အားစု (အပစ်ရပ်ခဲ့ဖူးတဲ့/ အပစ်မရပ်ရသေးတဲ့အဖွဲ့အစည်း) များအပေါ် ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုရှိနေတဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီအချက်ကြောင့်ပဲ ကြံ့/ဖွံ့ အစိုးရရဲ့ ဒုတိယအကျော့ အပစ်ရပ် နိုင်ငံရေးဖြစ်စဉ်ထဲသို့ ဆန္ဒပါလို့ပဲဖြစ်ဖြစ်၊ မပါလို့ပဲဖြစ်ဖြစ် ဝင်ပါလာရတာဖြစ်တယ်။ ဗမာပြည်ရဲ့ လက်တွေ့နိုင်ငံရေးဘဝထဲသို့ သဏ္ဍာန်တမျိုးနဲ့ ခြေလှမ်း,တလှမ်း တိုးစမ်းလိုက်တာလည်းဖြစ်တယ်။

၁၈. ၈. ၁၁ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော သမ္မတရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းအပေါ် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်မတော် (NDAA) မိုင်းလားအဖွဲ့တို့က အကောင်းမြင်ထောက်ခံကြောင်း ၂၇. ၈. ၁၂ နေ့က စာဖြင့် အကြောင်းပြန်ခဲ့ကြတယ်။

ကြံ့/ဖွံ့ အစိုးရဟာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ပြီး နောက်တရက် (၂၀၁၁ ခုနှစ် သြဂုတ်လ ၁၉ ရက် ) မှာပဲ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီး နိုင်ငံရေးကိစ္စများဆွေးနွေးမှု စတင်လုပ်ဆောင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွှတ်ပေးတာ လုပ်ဆောင်လာခဲ့တယ်။ NLD ပါတီကို ပါတီမှတ်ပုံတင်ခွင့်ရအောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးတာ အချို့ရှိခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါဝင်ယှဉ်ပြိုင် ခွင့်ရရှိစေခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနဲ့ တွေ့ဆုံစကားပြောဆိုတာတွေကနေတဆင့် အပစ်ရပ်စဲရေး လက်မှတ်ရေးထိုးတဲ့အဆင့်ထိ လုပ်ဆောင်ပြခဲ့တယ်။

ကြံ့/ဖွံ့ အစိုးရရဲ့ ဒီလိုလုပ်ဆောင်မှုတွေကို နိုင်ငံတကာက အကောင်းဘက်မှ ကြိုဆိုခဲ့ကြတယ်။ စီးပွားရေးပိတ်ဆို့မှုတွေကိုလည်း တဆင့်ချင်း ဖြေလျော့ ရုပ်သိမ်းပေးနေတာကိုလည်း တွေ့မြင်နေရပြီ။ အမေရိကန်ကဆိုရင် နှစ်၂၀ ကျော် သံတမန် ရုပ်သိမ်းထားမှုကို သံတမန်ဆက်ဆံရေးအသစ်နဲ့ ကြံ့/ဖွံ့ အစိုးရကို ဂုဏ်ပြုပေးပါတော့မယ်။

ကြားဖြတ်ရွေးကောက်ပွဲပြီးနောက်ပိုင်း ကြံ့/ဖွံ့ အစိုးရ အလိုချင်ဆုံး (Sanction ရုပ်သိမ်းရေး) အရာကို အနောက်နိုင်ငံတွေက ပုံစံမျိုးစုံနဲ့ ဖြည့်ဆည်းပေးခဲ့တယ်။ ကြံ့/ဖွံ့ အစိုးရကို ကူညီအားပေးတဲ့အခါ သူထက်ငါ နောက်ကျန်မကျရစ်စေဖို့ ခြေလှမ်းသွက်နေတာတွေ ကြားသိ မြင်တွေ့နေရတယ်။ အထူးသဖြင့် သြစတြေးလျ နဲ့ နော်ဝေ၊ ဂျပန်၊ အင်္ဂလန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ဟာ မကြာမီရက်ပိုင်းအတွင်းကပဲ စီးပွားရေးပိတ်ဆို့ထားမှုတွေ ရုပ်သိမ်းတာ၊ ဖြေလျော့တာ၊ ငွေကြေးဆိုင်ရာ ဒဏ်ခတ်အရေးယူမှုတွေ ဖယ်ရှားပေးတာ၊ အကြွေးတွေ လျှော်ပစ်တာ၊ ငွေကြေး ကူညီထောက်ပံတာတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်။

ကြံ့/ဖွံ့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန်ရဲ့ သဘောထားကတော့ လုပ်ရပ်ကို လုပ်ရပ်နဲ့ တုံ့ပြန်မယ် (Action by Action) လို့လည်း ပြောထားဖူးပါတယ်။ အမေရိကန်လွှတ်တော်အမတ် မက်ခ်ျ မက်ကော်နယ်ကတော့ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပြေလည်ကာ အခြေအနေ တိုးတက်ကောင်းမွန်လာမယ်ဆိုရင် စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးမယ်လို့ ဇန်နဝါရီ ၁၆ ရက်နေ့က ဗမာပြည်ကိုလာခဲ့စဉ် မက်လုံးပေးခဲ့ဖူးတယ်။

ကြံ့/ဖွံ့ အစိုးရရဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဆိုတာ ဒီမက်လုံးတွေရဲ့ မြူဆွယ်မှုနဲ့ ဆက်စပ်နေပါတယ်။ တစုံတယောက်က ဒါ Sanction ရုပ်သိမ်းရေးအတွက် လုပ်ဆောင်ချက်တွေဖြစ်တယ်လို့ပြောရင် ငြင်းကောင်း ငြင်းလိမ့်ပေလိမ့်မယ်။ သို့သော် ကြံ့/ဖွံ့ အစိုးရက နိုင်ငံရေး အနှစ်သာရမပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြလိုက်တိုင်း ပိတ်ဆို့ဒဏ်ခတ်ထားတဲ့နိုင်ငံများရဲ့ ကောင်းချီးပေးမှုတွေက အတိုင်းထက်အလွန်ပါပဲ။ ဒါ သာမန်ကောင်းချီးပေးခြင်းတော့ မဖြစ်နိုင်။ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုးပါ။ ဒီလိုကောင်းချီးပေးခံရတိုင်း ကြံ့/ဖွံ့ အစိုးရအတွက် သွေးနားထင်, ရောက်စေခဲ့တာအမှန်ပဲ။ ကြံ့/ ဖွံ့ အစိုးရရဲ့ သဘောထားမှန်ကန်မှုကိုသိလို့ နိုင်ငံတကာက Sanction တွေ ရုတ်သိမ်းပေးနေတာဖြစ်တယ်ဆိုပြီး ခပ်ကြွားကြွားလေး ပြောဆိုလာနိုင်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးလုပ်ငန်းစဉ်ရဲ့ တာထွက်ကတော့ ခပ်ရဲရဲနဲ့ ခပ်မြန်မြန် ထွက်ပေါ်လာပေပြီ။ ဘယ်လိုများ အဆုံးသတ်အုံးမလဲဆိုတာ ပြောဖို့ကတော့ အခြေအနေရင့်မှည့်လာတဲ့အထိ သတိမလစ်ဘဲ အချိန်ပေး စောင့်ကြည့်ကြရပါလိမ့်မယ်။

အပစ်ရပ်အဖွဲ့အစည်းများအနေနဲ့ ထိုင်စောင့်ကြည်နေတာမျိုးမဟုတ်ဘဲ ပထမအကျော့ အပစ်ရပ်နိုင်ငံရေး သင်ခန်းများကို မှန်မှန်ကန်ကန် နိဂုံးချုပ်သင့်တယ်။ ဒါမှသာ ဒုတိယအကျော့ အပစ်ရပ်နိုင်ငံရေးဖြစ်စဉ်ထဲက ရှုပ်ထွေးပွေလီမှုတွေကို နားလည်နိုင်မှာဖြစ်ပြီး တဖွဲ့ချင်းစီ ရင်ဆိုင်နေရတဲ့ပြဿနာများကို ကျော်နင်းနိုင်မှာဖြစ်တယ်။ ။

၂၄ ဧပြီ ၂၀၁၂ 


ရည်ညွှန်း - 

– တနင်္လာ, 16 ဧပြီ 2012 VOA – မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု နော်ဝေ ရုပ်သိမ်း

– တနင်္လာ, 16 ဧပြီ 2012 VOA – မြန်မာအပေါ် ဒဏ်ခတ်မှုတချို့ သြစတြေးလျ ရုပ်သိမ်း

– အင်္ဂါ, 17 ဧပြီ 2012 VOA – မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်

– မြန်မာ့အလင်း သတင်းစာ ၁၉ သြဂုတ်၂၀၁၁

– VOA ၁၉. ၄. ၁၂ မြန်မာအတွက် ဂျပန် ဖွံ့ဖြိုးရေး အကူအညီ ပြန်ပေးတော့မည် By ကျော်ကျော်သိန်း

– မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဧပြီလ ၁၉ မဇ္စျိမ – မြန်မာ့အကြွေးများ ဂျပန် လျှော်ပေးတော့မည်

– တနင်္လာ, 23 ဧပြီ 2012 မြန်မာအပေါ် ဒဏ်ခတ်မှု EU တနှစ်ဆိုင်းငံ့

Eleven Media Group Wednesday, 12 October 2011

No comments:

Post a Comment