Saturday, April 28, 2012

လူငယ်စွမ်းဆောင်မှု မြှင့်တင်ရန် လုပ်ဆောင်သွားမည့် SYCB ညီလာခံကျင်းပပြီးစီး


“ဒီနေ့ နိုင်ငံရေးအပြောင်းအလဲမှာ လူငယ်တွေရဲ့အခန်းကဏ္ဍလည်း ပါဝင်ဖို့လိုတယ်။ အထူးသဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ လူငယ်တွေရဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ တဖက်ကလည်း အဲဒီ လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆ၊ စွမ်းဆောင်မှုတွေ မြှင့်တင်ဖို့လိုအပ်တယ်။ ဒါကို ဖြည့်ဆည်းနိုင်ရေး လုပ်ဆောင်သွားမယ်” ဟု မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသူ မမေဇွန် မှ ပြောဆိုပါသည်။

မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက်၏ သတ္တမ အကြိမ်မြောက်ညီလာခံလာခံကို ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ ထိုင်းမြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့သည်။


အဆိုပါ ညီလာခံသို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်အဖွဲ့အား ဗဟိုဦးဆောင်ကော်မတီဝင် ကိုတိုးတိုးထွန်းမှ ဦးဆောင်ပြီး လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင် ၃ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ ညီလာခံတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန့်ကျင်တိုက်ဖျက်ရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပ၊ ဥပဒေတွင်း၊ ဥပဒေပ၊ နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသားလူငယ် အင်အားစုများ၊ လူမျိုးပေါင်းစုံ လူငယ်များနှင့်အတူ လက်တွဲပြီး နည်းသဏ္ဍာန်ပေါင်းစုံဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။

 
သဘာပတိ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့် လူ့ဘောင်သစ်လူငယ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ကိုစိမ်းအောင်က “ဒီကနေ့ နိုင်ငံရေး အခင်းအကျင်းမှာ လူငယ်တွေပါဝင်မှု တိုးတက်လာရေး ဆောင်ရွက်ရမယ်။ နောက်မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်နေပြီလို့ဆိုပေမယ့် လက်တွေ့မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဒါတွေ မရပ်တန့် သရွေ့၊ မပြောင်းနိုင်သရွေ့ ကျနော်တို့ တတွေ ဆက်လက် တိုက်ပွဲဝင်သွားကြရဦးမယ်” ဟု ပြောဆိုသည်။

အဆိုပါ ညီလာခံသို့ အဖွဲ့ဝင် အဖွဲ့အစည်း ၁၅ ဖွဲ့မှ ညီလာခံကိုယ်စားလှယ်နှင့် လေ့လာသူ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့သည်။ ညီလာခံမှနေ၍ မြန်မာနိုင်ငံကျောင်းသား လူငယ်များ ကွန်ဂရက်ကို ကျစ်လစ်ခိုင်မာသည့် တပ်ပေါင်းစုအဖြစ် တည်ဆောက်သွားရန် ဆုံးဖြတ်ခဲ့သည်။ မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ဂရက်ကို ၁၉၉၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ စတင်ဖွဲ့စည်းခဲ့သည်။

-xxx- 


No comments:

Post a Comment