Sunday, April 22, 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲရောက်တဲ့အခါ ဘာတွေလုပ်နိုင်ခွင့်ရှိလာမလဲ

ကိုသားညွန့်ဦး ။ ။ ဆွေးနွေးမယ့်အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ နေရာအများစု အားလုံးနီးပါးကိုအနိုင်ရပြီးတော့ မကြာခင်ဆိုရင် လွှတ်တော်ထဲကိုဝင်တော့မှာ ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဝင်လာခြင်းအားဖြင့် ဘယ်လောက်အထိ အပြောင်းအလဲ ရှိလာနိုင်မလဲ။ ဘယ်လောက်အထိ အားကောင်းလာနိုင်မလဲ။ အတိုက်အခံတွေ ဘယ်လောက် အားကောင်းလာနိုင်မလဲ။ စတဲ့ကိစ္စတွေကို သုံးသပ်ဆွေးနွေးပေးဖို့ရှိပါတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ပါဝင်ဆွေးနွေးပေးဖို့လည်း ဖိတ်ခေါ်ထားတာရှိပါတယ်။

အရင်ဆုံးတော့ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုဖြိုးမင်းသိန်းနဲ့ အရင်ဆုံး ဆွေးနွေးလိုက်ပါမယ်။

အရင်ဆုံး လွှတ်တော်ထဲမဝင်ခင်အခြေအနေ နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ တနေ့ကပဲ အမေရိကန်ပြည်ထောင်စုကို သမ္မတအကြံပေး ဦးကိုကိုလှိုင် ရောက်နေပါတယ်။ သူနဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ သူကပြောတာက ဒီ ကြားဖြတ် ရွေးကောက်ပွဲမှာ ထင်တာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အတော်အသင့်တော့ ရလိမ့်မယ်။ ဒီလောက်အထိတော့ အပြတ်အသတ်နိုင်လိမ့်မယ်လို့ သူတို့ မမျှော်မှန်းခဲ့ဘူးပေါ့နော်။ အဲဒီလိုပြောပါတယ်။ အဲဒီတော့ NLD အနေနဲ့ ကိုဖြိုးမင်းသိန်းတို့ကရော ဒီလောက်အထိ အပြတ်အသတ် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့သလား ဘယ်လို အနေအထားရှိသလဲ ဒီမတိုင်ခင်က။


ကိုဖြိုးမင်းသိန်း ။ ။ ကျနော်တို့ ရွေးကောက်ပွဲမတိုင်ခင်အခြေအနေမှာ ပြည်သူလူထုရဲ့ အဖွဲ့ချုပ်အပေါ်မှာ ထောက်ခံမှု၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ လေးစားထောက်ခံမှုတွေကိုကြည့်ခြင်းအားဖြင့် အဖွဲ့ကို အင်နဲ့အားနဲ့ ထောက်ခံလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အခုရလဒ်တွေကိုကြည့်တဲ့အခါမှာတော့ ကျနော်တို့ မျှော်လင့်ထားတဲ့အခြေအနေထက်ကို လူထုက အဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမှု အားများတာကို ကျနော်တို့တွေ့ရပါတယ်။ ဒီအခြေအနေကတော့ ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီရေးကို လိုလားနေတယ်၊ အပြောင်းအလဲတရပ်ကို လိုလားနေတယ်ဆိုတာကို သက်သေပြလိုက်တာဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲရဲ့ရလဒ်ကို ကြည့်မယ်ဆိုရင် ၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ထက်တောင် လူထုထောက်ခံမှု အားများတယ်ဆိုတာကို ပြောလို့ရပါတယ်။ ကျနော်တို့ ၉၀ ရာခိုင်နှုန်းကျော် ပြည်သူလူထုကြီးက အဖွဲ့ချုပ်ကိုထောက်ခံတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲဖြစ်အောင် လုပ်နိုင်လိမ့်မယ်လို့ ပြည်သူလူထုတရပ်လုံးရဲ့ မျှော်လင့်ချက်ကို ဒီနေရာမှာ တွေ့နေရပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စပဲ ကျနော်ပြောမလို့ပါ။ ဒီ ကြားဖြတ်ရွေးကောက်ပွဲမှာ တကယ်ပဲ အပြတ်အသတ် အနိုင်ရခဲ့တယ်။ ဒါပေမယ့် အဲဒီအပေါ်မှာ ဂယက်တွေတော့ အများကြီးတွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဌေးဦးတို့ ဘာတို့ ပြောလာတာရှိပါတယ်။ သူတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင်ရဆင်ရမယ်။ သူတို့မှာ အားနည်းချက်တွေရှိတယ်။ ဝန်ခံတဲ့သူကလည်း ဝန်ခံပါတယ်။ နောက် တချို့ကျတော့လည်း NLD က မဲညစ်တဲ့ပုံစံမျိုးပြောတာတွေလည်း ရှိပါတယ်။ ပြောမယ်ဆိုရင် ၂၀၁၅ မှာ အာဏာရပါတီနဲ့ နင်လား ငါလား ပြိုင်ရမယ့် အနေအထားရှိပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီလောက်အထိ အပြတ်အသတ်အနိုင်ရလိုက်တဲ့အခြေအနေက အာဏာရပါတီအတွက် စိုးရိမ်စရာဖြစ်မသွားနိုင်ဘူးလား။ ကိုဖြိုးမင်းသိန်း ဘယ်လိုယူဆပါသလဲ။

ကိုဖြိုးမင်းသိန်း ။ ။ ဒီအခြေအနေဟာ ၂၀၁၅ မှာ အဖွဲ့ချုပ်က အင်နဲ့အားနဲ့ နိုင်နိုင်တယ်ဆိုတာကိုတော့ လူထုက ပြသလိုက်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲအပေါ်ကနေ ကျနော်တို့တတွေက အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးလုပ်ငန်းစဉ်တွေကို စနိုင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ အပြောင်းအလဲတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်။ ပြည်သူလူထုဆီက မဲရဖို့ဆိုလို့ရှိရင်တော့ ကျနော်တို့က လူထုနဲ့တသားကျအောင် နေဖို့လိုပါတယ်။ လူထုရဲ့ဆန္ဒတွေ လူထုရဲ့ ဖြစ်စေချင်တဲ့ဆန္ဒတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပဲဖြစ်ဖြစ် ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ် ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပေါ်မှာရော နားလည်နိုင်လာပါလိမ့်မယ်။ အဖွဲ့ချုပ်ကတော့ လူထုနဲ့ တသားတည်း ရပ်တည်နေတဲ့အတွက် အဖွဲ့ချုပ်ကို ပြည်သူလူထုက တခဲနက် ထောက်ခံအားပေးနေတာပါ။ ဒီအခြေအနေအပေါ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း လူထုဖြစ်စေချင်တဲ့ဆန္ဒတွေကို အဖွဲ့ချုပ်နဲ့အတူဆောင်ရွက်မယ်ဆိုရင် လူထုရဲ့ထောက်ခံမှုကို သူတို့လည်း ရလာနိုင်ပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့ခင်ဗျ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ကိုငွေလင်းကို မေးချင်ပါတယ်။ ကိုငွေလင်းခင်ဗျာ ခုနကလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲမရောက်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တဲ့အခြေအနေကို ကိုဖြိုးမင်းသိန်း သုံးသပ်တာလည်း ရှိပါတယ်။ ဒီအနိုင်ရခဲ့တဲ့အခြေအနေက အပြတ်အသတ်လိုဖြစ်တော့ ကိုငွေလင်းတို့ နဂိုကတည်းက မျှော်မှန်းမိသလား။ အခုလို အပြတ်အသတ်အနိုင်ရလိုက်ခြင်းကို။

ကိုငွေလင်း ။ ။ ရွေးကောက်ပွဲသာ တစုံတရာ တရားမျှတတယ်ဆိုလို့ရှိရင် ဘယ်အချိန်မှာပြိုင်ပြိုင် လူထု တခဲနက်ထောက်ခံထားပြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီ၊ NLD ပါတီဟာ ကျိန်းသေပေါက်နိုင်နိုင်တယ်ဆိုတဲ့ အနေအထားရှိပါတယ်။ ဒါက သာမန်အနေအထားမှာကိုပဲ ကြည့်လို့မြင်သာပါတယ်။ နောက်တစ်ခုက ဒီလွှတ်တော်ထဲမှာ NLD ရောက်လာတဲ့ကိစ္စဟာ လွှတ်တော်ထဲမှာ NLD မရှိတာထက်ပိုပြီးသင့်လျော်တယ် ပိုပြီးကြည့်လို့ကောင်းတယ် ဆိုပြီးတော့မှ ကြံ့ဖွံ့ပါတီဖြစ်တဲ့ အာဏာရပါတီအနေနဲ့လည်း ဒီကိစ္စက သူတို့လည်း သဘောပေါက်နိုင်တဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီကျတော့ NLD ရွေးကောက်ပွဲနိုင်လာနိုင်ရေးအတွက် တနည်းအားဖြင့် လွှတ်တော်ထဲကို ရောက်လာနိုင်ရေးအတွက် တစုံတရာ ရွေးကောက်ပွဲကို တရားမျှတအောင် လုပ်ပေးလိုက်တယ်။ တစုံတရာပြောတာပါ နှိုင်းယှဉ်ချက်အရ။ အဲဒီလိုလုပ်ပေးလိုက်တယ်လို့ ကျနော်တို့လည်း မြင်ပါတယ်။ လူထုကလည်း အပြောင်းအလဲတွေ အင်မတန် လိုချင်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲ Campaign ကာလမှာ ပြောဆိုတာတွေကလည်းပဲ လူထုနှလုံးသားထဲကကို လိုချင်နေတဲ့ အကြောင်းအရာတွေဖြစ်နေတယ်ဆိုတဲ့အခါကျတော့ တခဲနက်ဝိုင်းပြီး မဲပေးလိုက်ကြတယ်။ နေရာတိုင်းလိုလိုနိုင်သွားတယ်လို့ ကျနော်တို့ အဲဒီလိုနားလည်ပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့ပါ ကိုငွေလင်း။ ကိုဖြိုးမင်းသိန်းကို ဆက်မေးချင်ပါတယ်။ ကိုဖြိုးမင်းသိန်းရေ အခုက လွှတ်တော်ထဲလည်း မကြာခင်ဝင်ရတော့မယ့်အခြေအနေရှိပါတယ်။ လွှတ်တော်ထဲဝင်ရင် ဘာလုပ်မယ်ဆိုတဲ့ အချက်ကြီးသုံးချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကတိပေးထားတာလည်း ရှိပါတယ်။ အဲဒီတော့ ဝင်ဖို့အတွက် ပြင်တာဆင်တာတွေရော ဘယ်လိုရှိပါသလဲခင်ဗျ။

ကိုဖြိုးမင်းသိန်း ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွင်းကိုရောက်ဖို့အတွက် အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲကို ဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ အဖွဲ့ချုပ်ဟာ လွှတ်တော်နိုင်ငံရေးမျက်နှာစာမှာ ပြည်သူလူထုရဲ့ လိုလားချက်တွေကို လွှတ်တော်အတွင်းမှာရော လွှတ်တော်ပြင်ပမှာပါ နှစ်ခုစလုံးဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ချုပ်က ချမှတ်ပြီး ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကိုဝင်ခဲ့ပြီးတဲ့ နောက်ပိုင်းအခြေအနေမှာ ကျနော်တို့ ကျမ်းသစ္စာကျိန်ဆိုရေးအပိုင်းနဲ့ပတ်သက်ပြီး ပုဒ်မ ၁၂၅ ဇယား (၄) မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြင်ဆင်ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့ အနေအထားအပေါ်မှာတော့ ကျနော်တို့ ဆက်လက်ညှိနှိုင်းဆောင်ရွက်ပြီး ဒီအခြေအနေကိုပြုပြင်နိုင်ဖို့ ကျနော်တို့ ကြိုးစားနေပါတယ်။ ကျနော်တို့ကတော့ လွှတ်တော်တွင်းနိုင်ငံရေးမှာ ပြည်သူလူထုရဲ့ လိုလားချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ ကျနော်တို့ ကြိုးပမ်းမှာဖြစ်ပါတယ်။ ဒီ ကြိုးပမ်းမှုအပေါ်မှာ ကျနော်တို့ရလာနိုင်တဲ့ရလဒ်တွေကတော့ ကျနော်တို့ရဲ့ မှန်ကန်တဲ့တင်ပြမှုတွေ မှန်ကန်တဲ့ ဆွေးနွေးမှုတွေအပေါ်မှာ လွှတ်တော်ထဲမှာရှိတဲ့လူတွေဟာ ပြည်သူလူထုကို ကိုယ်စားပြုနေတယ်။ ပြည်သူလူထုရဲ့ လိုလားချက်တွေအတွက် လွှတ်တော်ထဲကိုရောက်နေကြတယ်ဆိုရင် ကျနော်တို့ရဲ့ ဆွေးနွေးမှုတွေအပေါ်မှာ အခြားနိုင်ငံရေးပါတီက ထောက်ခံလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေကိုဖြစ်ဖို့အတွက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်ကျိုးစွန့် အနစ်နာခံပြီး စံပြဖြစ်အောင် လွှတ်တော်ထဲမှာ ကြိုးပမ်းရပါလိမ့်မယ်။ ဒါမှသာ ကျနော်တို့ရဲ့ဆောင်ရွက်မှုကို လူထုကရော လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေကရော ထောက်ခံမှုနဲ့ ကျနော်တို့တိုင်းပြည်ရဲ့အပြောင်းအလဲတစ်ခုကို အဖွဲ့ချုပ်က သယ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီယုံကြည်ချက်ကိုလည်း ပေါ်ထွန်းအောင် အမြန်ဆုံးကြိုးပမ်းမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့ခင်ဗျ။ တိုက်ရိုက်လေလှိုင်းဆွေးနွေးမှုအတွက်ဆိုပြီး ပေးပို့လာတဲ့ စာနှစ်စောင်ရှိပါတယ်။ အဲဒါလေး အရင် ဖတ်ပြချင်ပါတယ်။ တစ်စောင်ကတော့ Forever Young ကနေ ပေးပို့ထားတာပါ။

သူ ရေးထားတာကတော့ NLD လွှတ်တော်ထဲ ပါဝင်လာလို့ရှိရင် လွှတ်တော်က ပိုပြီးတော့ ပီပြင်လာမယ်လို့ ယုံကြည်ထားပါတယ်တဲ့။ အကြောင်းကတော့ NLD ရဲ့ အသံကို တကမ္ဘာလုံးက ကြားနေနိုင်လို့ပါပဲတဲ့။ တဖက်သတ်ဖွဲ့စည်းပုံဥပဒေကို ခဏဘေးချိတ်ထားစေချင်ပါတယ်။ လက်ရှိ မတရားစီးပွားရေးချယ်လှယ်နေမှု ချက်ကောင်းတွေကို ဖော်ထုတ်နိုင်ခဲ့လို့ရှိရင် ဖွဲ့စည်းပုံဥပဒေကို မတရားသူတွေကို နေရာမပေးတော့ဘူးဆိုတာ အလိုလိုဖြစ်လာပါလိမ့်မယ်လို့ ထင်ပါတယ်တဲ့။ Forever Young က သူ့ရဲ့အမြင်ကို ပေးပို့ထားတာပါ။

နာက်စာတစ်စောင်ကတော့ ဗွီအိုအေမြတ်နိုးသူ ကိုသန့်ဇင်က ပေးပို့လာတာပါ။ အခုရွေးကောက်ပွဲမှာ NLD အနိုင်ရပြီးတဲ့ နောက်ပိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ်လို့ပြောလာပါတယ်တဲ့။ NLD ကတော့ လေးစားလိုက်နာရမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ ပြောပြချင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဂျာနယ်တစ်ခုမှာပြောပါတယ်။ ကာကွယ်စောင့်ရှောက်တာနဲ့ လေးစားလိုက်နာတာ အတူတူပါပဲဆိုပြီး ဖြေပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာနေပြီးတော့ မြန်မာစကားကို နားမလည်ဘူးလားဆိုပြီးတော့ မေးချင်ပါတယ် တဲ့။ ကိုသန့်ဇင်က မေးထားပါတယ်။ သူမေးလိုက်တဲ့မေးခွန်း ခုနက အင်တာဗျူးမှာ ဖြေထားတဲ့သူကို မေးတာပါ။ ကျနော်တဆက်တည်း ကိုဖြိုးမင်းသိန်းကို မေးချင်ပါတယ်။ အဲဒီတော့ ကာကွယ်စောင့်ရှောက်တယ်ဆိုတဲ့ စကားလုံးနဲ့ လေးစားလိုက်နာတယ်ဆိုတဲ့ စကားလုံး ဘယ်လောက်အထိကွာလည်း ဘယ်လောက်အထိ အတိမ်အနက်ရှိသလဲ ကိုဖြိုးမင်းသိန်း ဖြေပေးပါလား။

ကိုဖြိုးမင်းသိန်း ။ ။ ဒီအခြေအနေဟာ အရေးကြီးတဲ့ကိစ္စတရပ်ပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တရားဝင် ပြန်လည်ရပ်တည်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိစ္စမှာကတည်းက ဒီခေါင်းစဉ်ကို ကျနော်တို့ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ သဘောတူညီထားတာတွေ ရှိပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတော်သမ္မတကြီးဘက်က လေးစားလိုက်နာရမယ်ဆိုတဲ့စကားလုံးကို ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ဒီစကားလုံးနှစ်ခုဟာ ကွာခြားပါတယ်။ ကျနော်တို့ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နေလို့ မရပါဘူး။ ဖွဲ့စည်းပုံဥပဒေဟာ ကာလဒေသနဲ့ ကိုက်ညီမှုမရှိတော့ဘူးဆိုတဲ့အခြေအနေမှာ ကျနော်တို့ ပြင်ဆင်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူး၊ လူထုကို အကျိုးမပြုဘူး၊ တိုင်းပြည်အတွက် အကျိုးမဖြစ်ထွန်းနိုင်တဲ့ကိစ္စတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေလို့ မရနိုင်ပါဘူး။ ဒီအခြေအနေတွေဟာ ကျနော်တို့ ပြုပြင်ရမှာဖြစ်ပါတယ်။ ဒီလို ပြုပြင်နိုင်ဖို့အတွက်ဆိုရင် စကတည်းက ဥပဒေဆိုတာကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်ဆင်သင့်တာတွေကိုတော့ ကျနော်တို့ ပြင်ဆင်ဖို့ ကြိုးစားသွားကြရမှာပါ။ ဒါကြောင့်မို့ ကျနော်တို့အဖွဲ့ချုပ်ကတော့ ဒီအခြေအနေအတွက် ဆက်လက်ပြီး ဆွေးနွေးညှိနှိုင်းသွားမှာဖြစ်ပါတယ်။ ဒီစကားရပ်က အရေးကြီးပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့ခင်ဗျ။ ကျနော် ကိုငွေလင်းကို မေးချင်ပါတယ်။ ကိုငွေလင်းရေ ခုနက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒီဖွဲ့စည်းပုံဥပဒေပြင်မယ်ဆိုပြီးတော့ ရွေးကောက်ပွဲဝင်ခဲ့တဲ့ NLD အနေနဲ့ အခု စကတည်းက လွှတ်တော်မဝင်ခင်ကတည်းက ဖွဲ့စည်းပုံဆိုင်ရာကိစ္စနဲ့ပတ်သက်ပြီးတော့ အဓိကကတော့ ဒီအာဏာပိုင် လက်ရှိအုပ်ချုပ်နေတဲ့ ခေါင်းဆောင်ပိုင်းနဲ့ နည်းနည်း တင်းတင်းမာမာဖြစ်နေတဲ့သဘောတော့ ရှိပါတယ်။ အဲဒီတော့ ကိုငွေလင်းအမြင် ခုနကလိုပြောသလို NLD က လွှတ်တော်ထဲဝင်သွားမယ်။ ဖွဲ့စည်းပုံဥပဒေကို ပြင်မယ်ဆိုတဲ့ကိစ္စတွေက ဘယ်လောက်အထိ ဖြစ်လာနိုင်မလဲ။ ဘယ်လောက်အထိ လက်တွေ့ကျနိုင်မလဲ။ လုပ်နိုင်မယ် ထင်လား။

ကိုငွေလင်း ။ ။ ဟုတ်ကဲ့။ အဓိကပြဿနာက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ နိုင်ငံရေးပါတီတွေကိုရော လူထုတွေကိုရော တော်တော်ကို ဖိဖိနှိပ်နှိပ်ပြုထားတဲ့ဥပဒေဖြစ်နေတာဟာ အထူးပြောစရာ မရှိတော့ပါဘူး။ အခုပဲ ကျမ်းသစ္စာကျိန်ဆိုရမယ်ဆိုတဲ့ကိစ္စပေါ့ဗျာ။ အစောက ကိုဖြိုးမင်းသိန်းဆွေးနွေးတဲ့ ဇယား (၄) ကိစ္စ၊ အဲဒီမှာကိုပဲ အခြေခံဥပဒေအရ ကျနော်တို့ကို ဘယ်လောက် ဒုက္ခပေးနေပြီလဲဆိုတာ ပုံပေါ်ပါတယ်။ အဲဒီတော့ လေးစား လိုက်နာမယ်ဆိုတဲ့စကားလုံးကို သေသေချာချာ ညှိပြီးပြီ ပြင်လည်း ပြင်ပြီးပြီ။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေကို ပြင်ဆင်တဲ့အခါမှာ အဲဒီအချက်ကိုလည်း ပြင်ပြီးပြီ။ ပြင်ပြီးလို့ အဲဒီအချက်ကို အားလုံးသဘောတူတဲ့အတွက် NLD လည်း ပါတီမှတ်ပုံတင် အသစ်ပြန်တင်လိုက်ပြီဆိုတဲ့အချိန်မှာတောင် ဒီကိစ္စက ကျမ်းကျိန်ရမယ်ဆိုတဲ့အချိန်ကျတော့ ဒီကိစ္စလာပြီး ထစ်နေပြန်တယ်။ ဒီကျမ်းကျိန်လွှာကို ပြင်မပေးဘူးဆိုရင် ဇယား (၄) ကို ပြင်မပေးဘူးဆိုရင် NLD က ကျမ်းကျိန်ဖို့ ခက်နေပြီ။ ကိုဖြိုးမင်းသိန်း အပါအဝင် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီ ၂၃ ရက်နေ့ လွှတ်တော်ကိုတက်ဖို့ဆိုရင် ပထမဆုံးနေ့မှာ ကျမ်းကျိန်ရမှာပဲ။ အဲဒီတော့ ကျမ်းကျိန်ဖို့မှာတောင် ကျမ်းကျိန်လွှာ ဇယား (၄) က ဒုက္ခပေးနေပြီ။ အဲဒီတော့ အစောက ကိုဖြိုးမင်းသိန်းဆွေးနွေးသလိုပဲ ကာကွယ်စောင့်ရှောက်ရမယ်ဆိုတဲ့အဆင့်ကို ကျနော်တို့ ဒီမှာ မတိုက်နိုင်ဘူးဆိုရင် သို့မဟုတ် မငြင်းနိုင်ဘူး မပြင်နိုင်ဘူးဆိုရင် ကျနော်တို့က တောက်လျှောက် ကာကွယ်စောင့်ရှောက်ပေတော့ဆိုတာ ဖြစ်သွားလိမ့်မယ်။ အဲဒါ တော်တော်ဆိုးတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီ ဇယား အပါအဝင်ပေါ့ဗျာ။ ဒါက ကျမ်းကျိန်လွှာပဲရှိသေးတယ်။ ကျန်တဲ့ အချက်ပေါင်းများစွာ NLD က ထောက်ပြတာ ၁၂ ချက်ရှိပါတယ်။ အဲဒီ ၁၂ ချက်ကို ဘယ်လိုပြင်မလဲပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ Campaign ကာလမှာ ပြောခဲ့တဲ့စကားမှာပါတဲ့ ဒီ ၂၅ ရာခိုင်နှုန်းသော တပ်မတော်က ပုဂ္ဂိုလ်များပါနေတဲ့ကိစ္စ ဒီမိုကရေစီ နည်းမကျဘူးဆိုတဲ့ဥစ္စာဟာ NLD ထောက်ပြတဲ့ ၁၂ ချက်ထဲက တစ်ချက်ဖြစ်ပါတယ်။ အဲဒါမျိုးတွေကို ဘယ်လိုပြင်မလဲ။ အဲဒါကို ဘယ်နည်းနဲ့ ပြင်မလဲဆိုလို့ရှိရင် အစောက ကနဦးမှာ ကိုဖြိုးမင်းသိန်းဆွေးနွေးသလိုပဲ လွှတ်တော်တွင်း လွှတ်တော်ပနည်းတွေနှင့်မှ ပြင်လို့ရမယ်လို့ ကျနော်တို့ ထင်ပါတယ်။ လွှတ်တော်တွင်းနည်း တစ်နည်းတည်းပဲသုံးမယ်ဆိုရင် ပြင်ဖို့တော်တော်ခက်လိမ့်မယ်လို့ ကျနော်တို့ အဲဒီလိုပဲ မြင်ပါတယ်။

ကိုသားညွန့်ဦး ။ ။ ကိုဖြိုးမင်းသိန်းက ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ဆွေးနွေးချင်တာများရှိပါသလား။

ကိုဖြိုးမင်းသိန်း ။ ။ ထူးထူးခြားခြားဆွေးနွေးစရာမရှိပါဘူး။ ဒီ ကျနော်တို့အဖွဲ့ချုပ်အနေနဲ့လည်း အခုဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကြေညာစာတမ်းမှာ ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့က လွှတ်တော်ပြင်ပ နိုင်ငံရေးခွင်ကနေ လွှတ်တော်တွင်း နိုင်ငံရေးခွင်အထိ တိုးမြှင့်ပြီး ပြည်သူလူထုရဲ့အကျိုး၊ ဒီမိုကရေစီရေးအကျိုးနဲ့ တိုင်းပြည်အကျိုးတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကိုသားညွန့်ဦး ။ ။ အမေရိကန်ပြည်ထောင်စုရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုရဲမော်ထူးကို ဆက်သွယ်ထားပါတယ်။ ရှေ့က ဆွေးနွေးတာတွေ ကြားရမယ်ထင်ပါတယ် ခင်ဗျ။ NLD ကတော့ လွှတ်တော်ထဲ ဝင်မယ်။ လွှတ်တော် အားသာချက် အားနည်းချက်၊ NLD ဝင်ခြင်းအားဖြင့် ကိုရဲမော်ထူးက ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ကိုရဲမော်ထူး ။ ။ ကျနော်တို့က အခု ပြန်ပြီး အစကောက်ရမယ်ဆိုလို့ရှိရှင် ၂၀၁၀ ရွေးကောက်ပွဲ ၂၀၀၈ ဖွဲ့စည်းပုံ ၂၀၁၀ ရွေးကောက်ပွဲပေါ့။ အခု ၂၀၁၂ မှာလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဆိုရင် NLD က ဝင်တယ်။ NLD က သူတို့ပေးထားတဲ့ အမတ်နေရာမှာဆိုရင် သူတို့ အများဆုံးရလိုက်တယ်လို့ ဒါ ပြောလို့ရပါတယ်။ အဲဒီတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရအမတ်တွေနဲ့ ဒီ ၂၀၁၂ ခုနှစ်မှာ ဖြစ်တဲ့ အနိုင်ရအမတ်တွေ ကွာခြားချက်ကတော့ဗျာ ၉၀ ခုနှစ် ရွေးကောက်ပွဲဆိုတာကတော့ ကျနော်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေဆွဲမယ်ဆိုတဲ့ အမတ်တွေပေါ့ဗျာ။ ၂၀၁၂ ခုနှစ် အခုရလိုက်တဲ့ NLD အများစုအမတ်တွေကတော့ဗျာ ဆွဲပြီးသားဖွဲ့စည်းပုံကို ဝင်ပြီးတော့ ပြင်မယ်ဆိုတဲ့ အမတ်ပေါ့ဗျာ။ အဲဒီလို ပြောလို့ရပါတယ်။ အဲဒီတော့ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ၊ လွှတ်တော်ထဲ နိုင်ငံရေးလုပ်တဲ့အခါကျတော့ လွှတ်တော်တွင်းနိုင်ငံရေးဆိုတာ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျနော်တို့ နားလည်ချက်ကတော့ အရေအတွက် နိုင်ငံရေးပေါ့ဗျာ။ အရေအတွက် နိုင်ငံရေးဆိုတာ ခု NLD ပါတီ အနေနဲ့ဆိုလို့ရှိရင် ခု လွှတ်တော်ထဲမှာဆိုလို့ရှိရင် ၅ ရာခိုင် နှုန်းလောက်ပဲ ရှိတယ်။ ကျန်ခဲ့တဲ့အမတ်တွေဟာဆိုရင် အများစု ဖြစ်နေတယ်။ ဒီကြားထဲ အဲဒီမှာပဲ စစ်တပ်ကပါလာတဲ့ ၂၅ ရာခိုင်နှုန်းကလည်း ရှိနေတယ်ပေါ့ဗျာ။ အဲဒီတော့ ဒီလိုအခြေအနေမျိုးမှာ လွှတ်တော်ရဲ့ အနေအထားကလည်း ဗမာပြည်နိုင်ငံရေးနဲ့ ယှဉ်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင် အခုရောက်နေတဲ့ လွှတ်တော်ထဲမှာရှိနေတဲ့ အမတ်အများစုဟာ ခုနကပြောသလို အကျိုးသင့် အကြောင်းသင့်နဲ့ ရှင်းပြပြီးတော့ ရရှိနိုင်မယ့် နိုင်ငံရေးမျိုးတော့ မဟုတ်ဘူးခင်ဗျ။ အဲဒီအခါကျတော့ ကျနော်မြင်တာကတော့ လွှတ်တော်ထဲရဲ့ ရွယ်ရွည်ချက်နဲ့ပတ်သက်လို့ကတော့ တချို့ကိစ္စတွေမှာ လွှတ်တော်ထဲမှာ ရောက်ရှိနေတဲ့နိုင်ငံရေးနဲ့ လူထုရဲ့နိုင်ငံရေးအခြေအနေနဲ့ ချိတ်ဆက်ပြီး လုပ်နိုင်ငံတဲ့ နိုင်ငံရေးမျိုးကို ပိုပြီး ထားသင့်တယ်။ နောက်တခုက ဒီလွှတ်တော်ထဲမှာရောက်နေတဲ့ NLD ရဲ့ လွှတ်တော် အမတ်တွေက ၂၀၁၅ ခု ရွေးကောက်ပွဲဆိုတဲ့ဟာကို လှမ်းမျှော်ကြည့်တာထက်စာရင် ယခု လက်ရှိရောက်ရှိနေတဲ့ ဗမာပြည်နိုင်ငံရေးမှာ ဖြစ်နေတဲ့ လူထုလိုလားချက်တွေ၊ ဥပမာအားဖြင့် – ကျောင်းသားသမဂ္ဂ ရရှိရေးတို့၊ လူထုဆန္ဒပြပွဲ၊ အလုပ်သမားဆန္ဒပြပွဲတွေမှာ ရှိနေတဲ့အခြေအနေမျိုးတွေ အဲဒါတွေနဲ့ ချိတ်ဆက်တဲ့ နိုင်ငံရေးမျိုး၊ လွှတ်တော် နိုင်ငံရေးကို လူထုနိုင်ငံရေးနဲ့ ချိတ်ဆက်စေချင်တယ်လို့ ကျနော်တို့က မြင်တယ်။ ဒီတော့ လွှတ်တော်နိုင်ငံရေးဆိုတာ ဘာလဲ၊ လူထု နိုင်ငံရေးနဲ့ ချိတ်ဆက်တဲ့ NLD လုပ်ရမယ့်လုပ်ငန်းကတော့ လူထုနိုင်ငံရေးနဲ့ ချိတ်ဆက်တဲ့ နိုင်ငံရေးဖြစ်မယ်လို့ အဲဒီလောက်ပဲရမယ်လို့ ကျနော် ယုံကြည်တယ် ခင်ဗျ။

ကိုသားညွန့်ဦး ။ ။ ဒါနဲ့ပတ်သက်လို့ ကိုရဲမော်ထူး ဆွေးနွေးတာနဲ့ပတ်သက်လို့ ကိုဖြိုးမင်းသိန်း ဘာများ ပြန်ဆွေးနွေးစရာ ရှိပါသေး လဲခင်ဗျ။

ကိုဖြိုးမင်းသိန်း ။ ။ ဒီအခြေအနေအပေါ်မှာ နည်းနည်း ဆွေးနွေးစရာ ရှိပါတယ်။ လွှတ်တော်တွင်းနိုင်ငံရေးဟာ အရေအတွက်အရ ပြောမယ်ဆိုရင် ကျနော်တို့ဟာ ရာခိုင်နှုန်း အင်မတန် နည်းပါတယ်။ ဒါ့ပေမယ့် ကျနော်တို့ရဲ့ ပြောင်းလဲနိုင်မှုဟာ ဒီအထဲမှာ အရေအတွက်ထက် အရည်အချင်းပေါ်မှာ မူတည်မယ်လို့ ကျနော်က ဒီအခြေအနေတရပ်ကို ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို လုပ်တဲ့နေရာမှာ ကျနော်တို့က ၉၀ ခုနှစ်တုန်းက ရွေးကောက်ပွဲရလဒ်တစ်ခု ကြုံခဲ့ဖူးပါတယ်။ ဒီရွေးကောက်ပွဲရလဒ်က အာဏာလွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ပါဘူး။ ဘာကြောင့်မရှိခဲ့လဲဆိုတော့ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လွှတ်တော် ခေါ်ပေးမယ်၊ အာဏာလွှဲပြောင်းပေးမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လွှဲအပ်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခုအခြေအနေမှာတော့ ကျနော်တို့က လူထု ထောက်ခံမှုအား အကြီးကြီး ရထားတယ်။ လူထုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အပြောင်းအလဲကို လိုလားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အင်နဲ့အားနဲ့ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ပဲ တိုင်းပြည်ရဲ့ အပြောင်းအလဲကို ဖြစ်နိုင်လိမ့်မယ်လို့ ပြည်သူလူထုတရပ်လုံးက ယုံကြည်နေတယ်။ ဒီအခြေအနေတွေကို ကျနော်တို့ ရထားတဲ့ကာလမှာ ကျနော်တို့ လွှတ်တော်ထဲကို ရောက်မယ့် အရေအတွက်က အနည်းစုဖြစ်တယ်။ အနည်းစုဖြစ်သော်လည်း ကျနော်တို့ လွှတ်တော်ထဲကို ရောက်ခဲ့ပါတယ်။ လွှတ်တော်ထဲကိုရောက်နိုင်တဲ့ အခြေအနေတွေလည်း ကျနော်တို့ ရှိနေပါတယ်။ ဒါကြောင့် လွှတ်တော်ထဲမှာ ဒီအရည်အချင်းနဲ့ အပြောင်းအလဲတရပ်ကို အမှန်တရားတွေကို လွှတ်တော်ထဲမှာ ကျနော်တို့ တင်ပြမယ်။ လူထုရဲ့လိုလားချက်တွေကို လွှတ်တော်ထဲမှာ ဖော်ဆောင်မယ်ဆိုရင် ကျနော်တို့ရဲ့ အရေအတွက် နည်းပင်နည်းသော်ငြားလည်း အပြောင်းအလဲတရပ်ကို ကျနော်တို့ တွန်းအားပေးနိုင်ပါတယ်။ ဒီနေရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တချိန်က တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်တွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဖြစ်လာတဲ့အတွက် တပ်မတော်ခေါင်းဆောင်းပိုင်းတွေဟာ သူတို့ လုပ်ချင်တဲ့ကိစ္စရပ်တွေကို သူတို့သဘောနဲ့ ဆောင်ရွက်လိုတဲ့ သဘောသဘာဝလည်း ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ကို ကျနော်တို့က တွန်းအားပေးချင်ပါတယ်။ သူတို့က ဒီမိုကရေစီကို ဖော်ဆောင်တဲ့ စစ်ခေါင်းဆောင်များအဖြစ် ရပ်တည်စေချင်ပါတယ်။ ဒီလိုရပ်တည်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ပြည်သူလူထုရဲ့ ထောက်ခံမှု၊ ပြည်သူလူထုရဲ့ လိုလားမှုကို ဖော်ဆောင်ပေးတဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူ တပ်မတော်ခေါင်းဆောင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တယ်ဆိုတာနဲ့ ကျနော်တို့တိုင်းပြည်ကို ငြိမ်းချမ်းစွာနဲ့ အသွင်ကူးပြောင်းသွားနိုင်လိမ့်မယ်လို့ ကျနော်တို့မှာ မျှော်လင့်ချက်ရှိပါတယ်။ ဒီမျှော်လင့်ချက်နဲ့ ဒီအခြေအနေကို ကြိုးစားနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ။ ဒါကို လွှတ်တော်ပြင်ပမှာလည်း လူထုရဲ့အသံ လူထုရဲ့ဆောင်ရွက်နိုင်မှုတွေကို ဥပဒေတွင်းကနေ ကျနော်တို့ ကြိုးပမ်းနိုင်တဲ့ အခြေအနေအားလုံး ကျနော်တို့ ဆောင်ရွက်သွားမှာပါ။

ကိုသားညွန့်ဦး ။ ။ ယခု လက်ရှိ အမျိုးသားလွှတ်တော်ရဲ့ ကိုယ်စားလှယ် RNDP က ဦးအေးမောင် လေလှိုင်းပေါ် ရောက်နေပါပြီ။ အန်ကယ် ဦးအေးမောင် ကြားရမယ် ထင်ပါတယ်ခင်ဗျ။ အန်ကယ် ဦးအေးမောင်ခင်ဗျ၊ ခုနကတော့ ကိုဖြိုးမင်းသိန်းတို့ ဘာတို့ ဆွေးနွေးပြီးသွားပါပြီ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မကြာခင်မှာ လွှတ်တော်တွင်းကို ဝင်ရောက်လာတော့မှာပါ။ လွှတ်တော်တွင်း အခြေအနေတွေ၊ လွှတ်တော်တွင်းအခန်းကဏ္ဍမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်လာခြင်းအားဖြင့် ဘာတွေ ထူးထူးခြားခြား ဖြစ်သွားနိုင်ပါသလဲ။ ဦးအေးမောင်ရဲ့ အမြင်ကို သိချင်ပါတယ်။

ဦးအေးမောင် ။ ။ လွှတ်တော်ရဲ့ကဏ္ဍက ကျနော် ထင်ပါတယ်။ ပြည်တွင်းပြည်ပက အာရုံစူးစိုက်မှုက ပိုများလာမှာပါ။ နောက်တခုက ကျနော်တို့ ခု တိုင်းရင်သားတွေမှာဖြစ်တဲ့ မငြိမ်းချမ်းမှုတွေပေါ့နော် အဲဒီလို ကျနော်တို့ရဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေ၊ ငြိမ်းချမ်းရေးအဖွဲ့တွေ ဖွဲ့စည်းတာ ရှိပါတယ်။ အဲဒီလို ပြည်ထောင်စု လွှတ်တော်ကလည်းပဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့ကာလ နောက်ပိုင်းမှာဆိုရင် ကျနော်ထင်ပါတယ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းကို Mission ဖြစ်ဖြစ် ဖွဲ့စည်းလာနိုင်ချေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကချင်ဘက်မှာဆို ခုထိ ငြိမ်းချမ်းပြဿနာကို ဖြေရှင်းရတာ တော်တော်လေး အခက်အခဲရှိတဲ့သဘော တွေ့နေရလို့ပါ။ ကျနော်တို့ အဲဒါ Federalism ဖြစ်ဖို့ပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါ စစ်မှန်သောပြည်ထောင်စု ဖြစ်ရမယ်။ ပင်လုံ စိတ်ဓာတ်ရှိရမယ်။ ဗမာဆိုတာလည်း တိုင်းရင်းသားဆိုတဲ့ အသုံးအနှုန်း ပြောဆိုသုံးနှုန်းတာ ရှိပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အတော်များများကလည်း ဒါ Federal ကို လက်ခံကြပါတယ်။ ကျနော်တို့ သုံးသပ်တဲ့သဘောပေါ့။ နောက် ကျနော်တို့ ထင်တယ်။ ဦးဖြိုးမင်းသိန်းတို့ ပြောနေတာရှိတယ်။ လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးဆက်စပ်ဖို့ဆိုတာ အင်မတန် အရေးကြီးပါတယ်။ လွှတ်တော်တွင်းနိုင်ငံရေးနှင့် လွှတ်တော်ပ၊ လူထုနိုင်ငံရေးကို ဆက်စပ်မယ့်အပိုင်းဟာ NLD ဝင်လာတဲ့ နောက်ပိုင်းမှာ ပိုပြီးတော့ မြိုင်ဆိုင်လာပါလိမ့်မယ်။ ဒေါ်စုနှင့် NLD ဟာ ကျနော်တို့ တသားတည်းကျပါတယ်။ ဒီလိုပဲ ပြည်ခိုင်ဖြိုးကလည်း တသားတည်းကျအောင် ကြိုးစားလာပါလိမ့်မယ်။ ဒါပေမယ့်လို့ ကျနော်ထင်ပါတယ်၊ ဒီလွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေး ပီပြင်လာတာနဲ့အတူ လူထုလူတန်းစားတွေနဲ့ပတ်သက်တဲ့ civil society ရဲ့ကဏ္ဍဟာ မြင့်လာပါလိမ့်မယ်။ အဲဒီကဏ္ဍကို ထိန်းသိမ်းပေးမယ့် မြှင့်တင်ပေးမယ့် ကဏ္ဍဟာလည်း ကျနော်ထင်ပါတယ်။ NLD ဝင်လာပြီးတဲ့ နောက်မှာ ပိုပြီး အရှိန်မြင့်လာပါလိမ့်မယ်။ ပြီးတော့ ကျနော်တို့ regime change ပြီးပြီပေါ့နော်၊ democratic ပေါ့ system change လုပ်မယ့် reformer တွေကို ဒေါ်အောင်ဆန်းစုကြည် ပြောတာရှိပါတယ်။ သမ္မတကြီးရယ်၊ လွှတ်တော်က ဗိုလ်ချုပ်ကြီး ဦးရွှေမန်း၊ ကျနော်တို့ အားကိုးပါတယ်။ နောက် ကျနော်တို့ ဦးခင်အောင်မြင့်ပေါ့။ သမ္မတကြီး အပါအဝင် ပုဂ္ဂိုလ်တွေပေါ့နော် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားပါတီတွေ ပူးပေါင်းမယ်ဆိုရင် ကျနော်ထင်တယ် ပြုပြင်ပြောင်းလဲတဲ့ ပုဂ္ဂိုလ်တွေ လူထုလူတန်းစား အဖွဲ့အစည်းတွေ မြိုင်ဆိုင်လာပါလိမ့်မယ်။ နောက် ကျနော်တို့ ပြောပြောနေကြတဲ့ တရားဥပဒေ စိုးမိုးရေးပေါ့။ လွှတ်တော်တွင်းမှာ တကယ်လိုအပ်တဲ့ ဥပဒေတွေ ပြုပြင်တာတို့ ပြည်ထောင်စု ၂၀၀၈ ဖွဲ့စည်းပုံကိုယ်တောင်မှ လိုအပ်ရင် လိုအပ်သလို ပြန်ပြုပြင်ပေးမယ့်အပိုင်းဟာလည်းပဲ ဒီမိုကရေစီ လိုလားမှုရယ်၊ ပြည်တွင်း ပြည်ပရဲ့ ဖိအားတွေ၊ အားပေးကူညီမှုတွေရဲ့ကဏ္ဍဟာ NLD ပါဝင်လာပြီးတဲ့နောက်မှာ ပိုမိုပြီး မြန်ဆန်လာမယ်လို့ ကျနော် ယူဆပါတယ်။ သုံးသပ်ပါတယ်။

ကိုသားညွန့်ဦး ။ ။ ဦးအေးမောင်တို့က NLD ဝင်လာတဲ့နဲ့ပတ်သက်လို့ ကြိုဆိုတဲ့သဘောတွေ့ရပါတယ်။ တခြား အာဏာရ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ၊ အထူးသဖြင့် တပ်ဖက် စစ်ဖက်ကနေ Appointed လုပ်ထားတဲ့ ကိုယ်စားလှယ်တွေ၊ ဒီဘက်က NLD ဒီလို ဝင်လာမယ့် အနေအထားကို လွှတ်တော်ထဲမှာ ဘယ်လိုများ သဘောထားရှိတယ်လို့ ကြားသလဲခင်ဗျ။

ဦးအေးမောင် ။ ။ ကျနော် ထင်ပါတယ်။ ကြိုဆိုမယ့် သဘောပဲ တွေ့ပါတယ်။ ဘာလို့လဲဆိုရင် ဒါဟာ တပ်မတော်ကလည်း တပ်မတော်ရဲ့ကဏ္ဍ အရေးကြီးပါတယ်။ အဲဒီလိုပဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ကဏ္ဍဟာလည်း နိုင်ငံရေးကို ထဲထဲဝင်ဝင်ရှိတဲ့ လူထုကိုယ်စားလှယ်တွေရဲ့ကဏ္ဍဟာ အင်မတန် အရေးကြီးပါတယ်။ ဒီဥစ္စာဟာ ပီပြင်တဲ့ democracy system တခုကို သွားမယ်ဆိုရင် တပ်မတော်ရဲ့ကဏ္ဍဟာလည်း ပြည်ပရန်ကာကွယ်ဖို့အပိုင်းကို ရွေ့ရွေ့သွားရမယ့်သဘောကို လက်ခံမယ့် သဘောရှိပါတယ်။ အဲဒီလိုပဲ ပြည်ခိုင်ဖြိုးပါတီရဲ့ ယခု လက်ရှိ တပ်မတော်မှ အငြိမ်းစားယူပြီးခါမှ လွှတ်တော်ထဲမှာရှိကြတဲ့ ပုဂ္ဂိုလ်တွေကလည်း ပြည်ထောင်စုကြီးကို ဖွံ့ဖြိုးစေချင်ပါတယ်။ နှစ်ပေါင်း ၆၀ လောက် ပြည်ထောင်စုကြီး နစ်မွန်းနေတာ မိမိပတ်ဝန်းကျင်ကနိုင်ငံတွေ ထောင်တက်သွားကြတာ၊ တကယ့် resources တွေရှိပါလျက်နဲ့ ကျနော်တို့ဟာ ပြည်တွင်းပဋိပက္ခတွေကို ငြိမ်းချမ်းအောင် မဖြေရှင်းနိုင်တာရယ်၊ စစ်မှန်တဲ့ စနစ်တခုကို ကျနော်တို့ အကောင်အထည် မဖော်နိုင်သေးတာရယ်၊ အဲဒါတွေကို ခု ဒေါ်အောင်ဆန်းစုကြည် ဝင်လာပြီ၊ ဗိုလ်ချုပ် ဦးအောင်ဆန်းရဲ့သမီး၊ တကယ့်ကမ္ဘာက အသိအမှတ်ပြုတဲ့ခေါင်းဆောင်၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ဟာ မဆုတ်မနစ်တဲ့ဇွဲနဲ့ လွှတ်တော်ထဲကို အကျိုးအကြောင်းဆီလျော်စွာနဲ့ ဝင်လာပြီဆိုတဲ့ကဏ္ဍမှာ ပြုပြင်ပြောင်းလဲလိုတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံးဟာ ပူးပေါင်းသွားမှာပါ။ လူထုကြီးကို ပြန်ပြီးဆွဲတင်မှာပါ။ မေးတဲ့မေးခွန်းက ကျနော်တို့ လွှတ်တော်ထဲကို ရောက်ပြီးတဲ့ကာလ လပိုင်းလေးအတွင်းမှာ ဒီမေးခွန်းကို ပြန်မေးရင် အလုပ်နဲ့သက်သေပြနိုင်တဲ့သဘော ရှိလာနိုင်ပါတယ်။ အကုန်လုံးက ကြိုဆိုတာပါ။

ကိုသားညွန့်ဦး ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုငွေလင်းကို ဒီကိစ္စနဲ့ပတ်သက်ပြီး တဆက်တည်း မေးလိုက်ချင်ပါတယ်။ ဦးအေးမောင်တို့ အမြင်ကတော့ ဝင်လာခြင်းဖြင့် ပြောင်းလဲရေးအဆင့်က အရှိန်ကောင်းတွေ ရလာနိုင်တယ်၊ ဦးငွေလင်းတို့အမြင် ဘယ် လိုရှိပါသလဲခင်ဗျ။

ကိုငွေလင်း ။ ။ ဒီနေ့အခြေအနေမှာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုရော နောက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုရော လူထုက တခဲနက် ထောက်ခံထားတယ်။ နိုင်ငံတကာကလည်းပဲ အင်မတန် အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ပဲလို့ ဆိုပြီးတော့၊ တပ်ဦးနေရာ အခန်းကဏ္ဍမှာရှိတယ်လို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ဒီလို ယုံကြည်နေတဲ့ ခေါင်းဆောင်တယောက်ကို ဒီနေ့အခြေအနေမှာ ဆိုလို့ရှိရင် သူမျှော်မှန်းထားတဲ့ အဓိကကျတဲ့ ၃ ရပ်ပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ အခြေခံဥပဒေ ပြုပြင်ရေး စတဲ့ကိစ္စတွေကိုလုပ်ဖို့ စိတ်ကူးစိတ်သန်းတွေရှိတယ်ဆိုတာ ကျနော်တို့ ယုံကြည်တယ်။ အဲဒါတွေကို လွှတ်တော်တွင်း လွှတ်တော်ပနည်းတွေနဲ့ ကြိုးစားပြီး ဆောင်ရွက်မယ်ဆိုတာကိုလည်း ကျနော်တို့ ယုံကြည်တယ်။ သို့ပေမယ့် ခက်ခဲတဲ့ကိစ္စက ဘာလဲဆိုလို့ရှိရင် ဒီကြံ့ဖွံ့အမတ်နဲ့ တပ်မတော်ကပေးတဲ့အမတ်နဲ့ ပေါင်းလိုက်လို့ရှိရင် ၈၀ ရာခိုင်နှုန်းကျော်က ရှိမြဲ ရှိနေသေးတယ်။ ရှိနေသေးတော့ ကြံ့ဖွံ့ရဲ့ အထွေထွေအတွင်းရေးမှူးဖြစ်တဲ့ ဦးဌေးဦးက ၂၀၀၈ အခြေခံဥပဒေဟာ ပြင်စရာကို မလိုဘူး၊ သိပ်ကောင်းတယ်လို့ အင်တာဗျူးတခုမှာ ဆိုတယ်။ ဒီလိုပဲ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ဟာ တပ်မတော်ရဲ့တာဝန်ပဲလို့ သူကလည်း ဒီတပ်မတော်နေ့ မိန့်ခွန်းမှာ ဆိုတယ် ဆိုတော့ အဲဒီမဲတွေ ကျနော်တို့ ဘယ်လိုလုပ်ရနိုင်မလဲ။ ရဖို့ တော်တော်ခဲယဉ်းမယ်လို့ ကျနော်တို့ ထင်တယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့။ ကိုငွေလင်းကတော့ သံသယနည်းနည်းရှိပါတယ်။ ကိုထီးလယ်မှူးရဲ့ အမြင်ကိုလည်း ကြားချင်ပါတယ်။

ကိုထီးလယ်မှူး ။ ။ ၂၀၀၈ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ ယုံကြည်မှုမရှိဘူး ခင်ဗျ။ ဒါကြောင့်မို့ ဒီ ၂၀၀၈ အခြေခံဥပဒေဟာ တဦး တဖွဲ့တည်းက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တဲ့အတွက် ဒါ ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကိစ္စကိုတော့ အထူးလိုလားပါတယ်။ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာဖြစ်နေတဲ့ကိစ္စတွေကို တချို့က ချုပ်ငြိမ်းသွားပြီလို့ ထင်နေကြပါတယ်။ ဒါပေမယ့် ကချင်ဒေသမှာတော့ တိုက်ခိုက်နေတုန်းဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ လိုလားတာကတော့ ကျနော်တို့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ စစ်အစိုးရတပ်တွေ ရုပ်သိမ်းပေးဖို့ လိုလားပါတယ်။

ကိုသားညွန့်ဦး ။ ။ ဟုတ်ကဲ့။ အချိန်လည်းပြည့်သွားလို့ပါ။ ဆွေးနွေးပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်။

× × × × × 

(၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်) 

No comments:

Post a Comment