Monday, January 30, 2012

ကိုရီးယား နှင့် မြန်မာကျောင်းသားများ ဆွေးနွေးဖလှယ်ပွဲ ကျင်းပ

 
ဇန်နဝါရီလ ၁၂ ရက်နေ့က ကိုရီးယားနိုင်ငံ Ewoo အထက်တန်းကျောင်းသားများနှင့် Minmahaw (MEF) ကျောင်းသားများသည် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ နိုင်ငံရေးကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံ ဆွေးနွေးဖလှယ်ပွဲတခု ပြုလုပ်ခဲ့ကြပါသည်။


 
ဤတွေ့ဆုံပွဲတွင် Ewoo ကျောင်းသား ၁၆ ဦး၊ MEF မှ ကျောင်းသား ၁၆ ဦးနှင့် လူ့ဘောင်သစ် နိုင်ငံရေးကျောင်းမှ ကျောင်းသား ၂၅ ဦး အပြင် အဖက်ဖက်က တာဝန်ရှိသူများလည်း ပါဝင်တက်ရောက်ခဲ့ပါသည်။

ဤတွေ့ဆုံပွဲတွင် လူ့ဘောင်သစ် နိုင်ငံရေးကျောင်းမှ ကျောင်းသားများအနေဖြင့် ငါတို့သမိုင်း၊ ငါတို့ကျောင်း နှင့် ငါတို့အနာဂတ် စသည့်ခေါင်းစဉ်များကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။

 
ထို့နောက် Ewoo ကျောင်းသားများအနေဖြင့်လည်း ကိုရီးယားနိုင်ငံ၏ ခေတ်သစ် သမိုင်းအကြောင်း၊ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး၊ ထို့ပြင် ၎င်းတို့ တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန် နိုင်ငံအကြား ဆက်ဆံရေး စသည့် အကြောင်းအရာများကိုလည်း ပြန်လည် ဖလှယ်ခဲ့ကြပါသည်။

 
အပြန်အလှန် တင်ပြဆွေးနွေးဖလှယ်မှုများပြီးသည့်နောက်တွင် ပါဝင်တက်ရောက်လာသော ကျောင်းသားများမှ မေးခွန်းမြောက်များစွာကိုလည်း တက်ကြွစွာ ပါဝင်မေးမြန်း ဖလှယ်ခဲ့ကြပါသည်။ ထို့နောက် Ewoo ကျောင်းသားများမှ အကများဖြင့် ဖျော်ဖြေခဲ့ပြီးနောက် တွေ့ဆုံဆွေးနွေးပွဲကို ပျော်ရွှင်စွာ အဆုံးသတ်ခဲ့ကြပါသည်။

ကိုရီးယားနိုင်ငံမှ Ewoo ကျောင်းသားများအနေဖြင့် အာရှနိုင်ငံအတွင်းမှ နိုင်ငံများသို့ နှစ်စဉ်နှစ်တိုင်း အဖွဲ့ခွဲပြီး လေ့လာရေးခရီး ထွက်လေ့ရှိကြသည်။ ယခု ထိုင်းနိုင်ငံသို့ လေ့လာရေးခရီးစဉ်အနေဖြင့် ၁၀ ရက်ကြာ လာရောက်ကြသော Ewoo ကျောင်းသားများအဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များနှင့် ဒီမိုကရေစီရေးတိုက်ပွဲများအကြောင်းကို လေ့လာလိုသောကြောင့်ဖြစ်သည်ဟု ၎င်းတို့မှ ပြောကြားပါသည်။

 
ဤလေ့လာရေး ခရီးစဉ်အတွင်း Ewoo ကျောင်းသားများအနေဖြင့် အခြားသော လူငယ်ကျောင်းသားအဖွဲ့များနှင့် တွေ့ဆုံခဲ့ကြပြီးဖြစ်သလို အခြားသော နိုင်ငံရေး၊ လူမှုရေးအဖွဲ့များနှင့်လည်း တွေ့ဆုံရန်ရှိသေးကြောင်း ၎င်းတို့မှ ထပ်မံ ပြောကြားခဲ့ပါသည်။

-xxx-

No comments:

Post a Comment