Thursday, December 15, 2011

ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ် ကိုယ်စားလှယ်များ သွားရောက်ခဲ့

“ကျမတို့ရဲ့ Akbayan မိတ်ဆွေ ရဲဘော်တွေဆီကနေ တနိုင်ငံလုံး အတိုင်းအတာကနေပြီးတော့မှ ဒေသခံအဆင့်ထိ ဒီမိုကရေစီရေးဖြစ်စဉ်တလျှောက်နှင့် နိုင်ငံရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်တွေရဲ့ အတွေ့အကြုံတွေအပြင် သူတို့ရဲ့ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အားကောင်းမှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေ စတဲ့ အတွေ့အကြုံတွေကိုပါ အများကြီး သင်ယူလေ့လာသိရှိခဲ့ရပါတယ်” ဟု လူ့ဘောင်သစ် လူငယ်ရေးရာ နိုင်ငံတကာ အတွင်းရေးမှူး နော်မေဘယ်လ်ထူးမှ …”

နိုဝင်ဘာလ၊ ၂၀ ရက်မှ ၃၀ ရက်အထိ ဖိလစ်ပိုင်နိုင်ငံသို့ လူ့ဘောင်သစ်ကိုယ်စားလှယ် ၆ ဦး လေ့လာရေးခရီးစဉ်တခု သွားရောက်ခဲ့ပါသည်။ Active Citizenship Foundation (ACF) ၏ ဖိတ်ကြားချက်အရ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် AKBayan ပါတီတို့ ပူးပေါင်းဆောင်ရွက်ပြီး ဤခရီးစဉ်ကို စီစဉ်ခဲ့ခြင်း ဖြစ်သည်။ 


ဤခရီးစဉ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ လူငယ်ကိုယ်စားလှယ်၊ အမျိုးသမီးကိုယ်စားလှယ်နဲ့ ပါတီကိုယ်စားလှယ်တို့အပြင် ရောင်ခြည်ဦးအလုပ်သမားအဖွဲ့မှ အလုပ်သမားကိုယ်စားလှယ်များ အသီးသီး ပါဝင်ခဲ့ပါသည်။ 

ဤလေ့လာရေးခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ ပညာရေးအစီအစဉ်များနှင့်ပတ်သက်ပြီး Akbayan (ACF) ပါတီနှင့်ဆက်စပ်လှုပ်ရှားနေသော အခြားသက်ဆိုင်ရာ ဒေသခံအဖွဲ့အစည်းများနှင့် အတွေ့အကြုံဖလှယ်ရန်နှင့် နှစ်ပါတီကြား ပိုမိုရင်းနှီးသော အမျိုးသမီး၊ လူငယ်နှင့် အလုပ်သမားအင်အားစု ဖွဲ့စည်းနိုင်ရေးအပြင် အုပ်ချုပ်ရေး အဆင့်အဆင့်မှ အစိုးရတာဝန်ရှိသူများနှင့်လည်းတွေ့ဆုံကာ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို တင်ပြဆွေးနွေးနိုင်ရန်ဖြစ်သည်။

မနီလာမြို့တွင် ၁၀ ရက်ကြာ ခရီးစဉ်အတွင်း ကိုယ်စားလှယ်များအနေဖြင့် ပါလီမန်လွတ်တော်ဥက္ကဋ္ဌ Hon. Feliciano Belmonte, Jr နှင့်အတူ Akbayan Party ၏ လွတ်တော်အမတ် Hon. Walden Bello တို့ကို ပါလီမန် အဆောက်အအုံ အတွင်းရှိ လွတ်တော်ဥက္ကဋ္ဌ၏ရုံးခန်းတွင် လက်ခံတွေ့ဆုံခွင့် ရရှိခဲ့ပါသည်။ ဖိလစ်ပိုင် လူ့အခွင့်အရေးကော်မရှင် (Commission on Human Rights) ရုံးသို့သွားရောက်ပြီး လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Hon. Loretta Ann P. Rosales နှင့် အခြားလူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူ ၂ ယောက်နှင့်ပါတွေ့ဆုံကာ မြန်မာနိုင်ငံ၏ နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အခြေအနေနှင့် လူ့အခွင့်အရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ 

ထို့ပြင် အမျိုးသားလူငယ်ကော်မရှင် (National Youth Commission) နှင့် အခြားသော အစိုးရဌာနများသို့လည်း သွားရောက် တွေ့ဆုံခဲ့ပါသည်။ သမ္မတဧည့်ဆောင်တွင် သမ္မတ၏ နိုင်ငံရေးအကြံပေး Mr. Ronaldo M. Llamas နှင့် တွေ့ဆုံကာ နေ့လယ်စာသုံးဆောင်ခွင့် ရခဲ့ပါသည်။

ဤလေ့လာရေးခရီးစဉ်အတွင်း တိုးတက်သော အလုပ်သမားတပ်ပေါင်းစု (APL) နှင့် အလုပ်သမားပညာရေးနှင့် သုတေသနကွန်ယက် (LEARN)၊ နိုးကြားတက်ကြွသော နိုင်ငံသားဖောင်ဒေးရှင်း (ACF)၊ လူထုအသိပညာမြင့်တင်ရေးဌာန (CPE)၊ ကြွေးမြီကင်းရှင်းရေး ညွှန့်ပေါင်းအဖွဲ့ (FDC) နှင့် Akbayan လူငယ်အဖွဲ့ စသည့် လူမှုရေးလှုပ်ရှားမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြပြီး အခြားသော လူမှုလူ့အဖွဲ့အစည်းအသီးသီးသို့လည်း သွားရောက် လည်ပတ်ခဲ့ကြပါသည်။ ထို့ပြင် စိမ့်သောမတ် တက္ကသိုလ် (the University of Saint Thomas) တွင်လည်း တက္ကသိုလ် ကျောင်းသားများအတွက် မြန်မာဖိုရမ်တစ်ခု ပြုလုပ်ကျင်းပခဲ့ပါသည်။

“ကျမတို့ရဲ့ Akbayan မိတ်ဆွေ ရဲဘော်တွေဆီကနေ တနိုင်ငံလုံး အတိုင်းအတာကနေပြီးတော့မှ ဒေသခံအဆင့်ထိ ဒီမိုကရေစီရေးဖြစ်စဉ်တလျှောက်နှင့် နိုင်ငံရေးအသွင်ကူးပြောင်းမှုဖြစ်စဉ်တွေရဲ့ အတွေ့အကြုံတွေအပြင် သူတို့ရဲ့ လူမှု လူ့အဖွဲ့အစည်းတွေနဲ့ လူမှုရေးလှုပ်ရှားမှုတွေရဲ့ အားကောင်းမှုတွေ၊ တိုးတက်ပြောင်းလဲမှုတွေ စတဲ့ အတွေ့အကြုံတွေကိုပါ အများကြီး သင်ယူလေ့လာသိရှိခဲ့ရပါတယ်” ဟု လူ့ဘောင်သစ် လူငယ်ရေးရာ နိုင်ငံတကာ အတွင်းရေးမှူး နော်မေဘယ်လ်ထူးမှ ပြောကြားခဲ့ပါသည်။ 

ဒါ့အပြင် “နိုင်ငံရေးခေါင်းဆောင်များ၊ အစိုးရအရာရှိများနှင့် တွေ့ဆုံခွင့်ရခဲ့တဲ့အခါမှာလည်း ကျမတို့ကိုယ်စားလှယ်တွေကနေပြီးတော့မှ မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြအနေနဲ့ အထူးသဖြင့် အာစီယံကနေပြီးတော့မှ မြန်မာစစ်အစိုးရကို ၂၀၁၄ ခုနှစ်မှာ အာစီယံဥက္ကဋ္ဌနေရာပေးခွင့်ပြုလိုက်တာဟာ အရမ်းစောသေးတဲ့အကြောင်း၊ မိမိတို့ရဲ့ စိုးရိမ်ချက်တွေ၊ ဖြစ်ပေါ်လာနိုင်မယ့် မြန်မာ့နိုင်ငံရေးအခြေအနေတွေ၊ မိမိတို့ရဲ့အမြင်တွေကို တင်ပြဆွေးနွေးခွင့်ရခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်အစိုးရက မြန်မာ့ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုအတွက် နိုင်ငံရေးအသွင်ကူးပြောင်းချင်တဲ့ တကယ့်ဆန္ဒ ရှိလား၊ မရှိဘူးလားဆိုတာကိုပြောဖို့ အရမ်းကို ခက်သေးတယ်” ဟု သူမက ထည့်သွင်းပြောကြားခဲ့ပါသည်။

No comments:

Post a Comment