Saturday, November 12, 2011

NLD မှတ်ပုံတင်ရေး မတင်ရေးကိစ္စနှင့် ပတ်သက်၍ တုံ့ပြန်ချက်များ

RFA - အခုတလောမှာ NLD ပါတီကနေ ပြီးတော့ မှတ်ပုံတင်ရေးမတင်ရေးကိစ္စကို လာမယ့် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဆုံးဖြတ်ဖို့ ရှိနေပါတယ်။ ပြည်တွင်းနိုင်ငံရေးသမား အများစုကတော့ NLD အနေနဲ့ မှတ်ပုံတင်သင့်တယ်လို့ သဘောထားပေးကြပြီး ပြည်ပအခြေစိုက် နိုင်ငံရေးသမားတွေကတော့ ဘယ်လိုသဘောထားရှိကြသလဲဆိုတာကို RFA အဖွဲ့သား ဦးဝင်းနိုင်က စုစည်းတင်ပြမှာပါ။

ဦးဝင်းနိုင် - ပါတီမှတ်ပုံတင်ခြင်း မတင်ခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပါတီတွင်း ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တဲ့အပြင် လာမယ့်နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း ခေါင်းဆောင် အားလုံးပါဝင်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ဆုံးဖြတ်မှာဖြစ်တဲ့အတွက် ထောက်ခံကြောင်း သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့အခြေစိုက် မြန်မာ့ရေးရာရုံး Burma Office ဒါရိုက်တာ ဒေါက်တာမြင့်ချိုက ပြောပါတယ်။

ဒေါက်တာမြင့်ချို - ပါတီတရပ်ဟာ သူ့ရဲ့ပါတီ ရပ်တည်ရေးနဲ့ ပါတီရဲ့လုပ်ငန်းစဉ်တွေကို သူ့ပါတီရဲ့ အောက်ခြေထု အဖွဲ့တွေရဲ့အသံကို နားထောင်ပြီးတော့ ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ကျနော် ခံယူပါတယ်။ ဒါကြောင့်မို့လို့ NLD ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်တဲ့ကိစ္စမှာလည်းပဲ ပါတီဝင်ထုတွေရဲ့ သဘောထားတွေအပေါ်မှာ အခြေခံပြီးတော့ ဆုံးဖြတ်တယ်ဆိုရင်တော့ ဒီပါတီဟာ ဒီမိုကရေစီ နည်းကျကျလုပ်ကိုင်တဲ့ အတွက်ကြောင့် ဒါကို ကျနော်တို့ အနေနဲ့ ကြိုဆိုရမှာပေါ့နော်။


ဦးဝင်းနိုင် - NLD အနေနဲ့ ပါတီမှတ်ပုံမတင်သင့်သေးဘူးလို့ အကြံပေးကြတဲ့သူတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ပြင်ပမှာ အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီး ပြောင်းလဲပြီးမှသာ မှတ်ပုံတင်သင့်တယ်။ ရွေးကောက်ပွဲဝင်သင့်တယ်လို့ ပြောကြပါတယ်။ ထိုင်း မြန်မာ နယ်စပ်အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးငွေလင်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒီမိုကရေစီနည်းလမ်းမကျတဲ့အတွက် လွှတ်တော်အတွင်းထဲရောက်သွားရင် ပြင်ဆင်ရခက်နိုင်တယ်လို့ အခုလို ပြောပါတယ်။

ဦးငွေလင်း - ကျနော်တို့ မြန်မာနိုင်ငံရဲ့အဓိကပြဿနာက ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ဘူး၊ ဒါထဲက ဒီမိုကရေစီနည်းမကျတဲ့ကိစ္စတွေပြင်ဖို့ လိုတယ်ဆိုတဲ့ ပြဿနာ၊ အဲဒီပြဿနာ အဓိကကျတယ်လို့ မြင်ပါတယ်။ အဲဒီ ၂၀၀၈ အခြေခံဥပဒေကို ဘယ်မှာပြင်မလဲပေါ့ဗျာ။ လွှတ်တော်ထဲမှာပြင်မယ်လို့ စဉ်းစားတယ်ဆိုရင်တော့ အဲဒီစဉ်းစားချက်က လွဲကို လွဲတယ်။ လွှတ်တော်ထဲမှာ ပြင်လို့ကိုမရဘူး။ အဲဒီတော့ အပြင်မှာ ပြင်ရမယ်။ dialogue မှာ ပြင်ရမယ်လို့ ကျနော်တို့ပါတီအနေနဲ့ မြင်ပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ကိစ္စတွေကို အပြင်မှာ ပြင်ခွင့်ရတဲ့အနေအထား၊ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးမှာ ပြင်လို့ရတဲ့ အနေအထားမျိုး ရှိဖို့လိုတယ်။ အဲဒီလို ရှိဖို့အနေအထားမျိုးအတွက် NLDအနေနဲ့ မိမိဆုံးဖြတ်မယ့် ဆုံးဖြတ်ချက်အပေါ်မှာ အဲဒီအနေအထားကို အာမခံနိုင် မခံနိုင်ဆိုတဲ့ဥစ္စာနဲ့ တိုင်းတာ ဆုံးဖြတ်သင့်တယ်လို့ ကျနော်တို့ အကြံပေးချင်တယ်။

ဦးဝင်းနိုင် - မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု FBD အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာနိုင်အောင်ကလည်း လွှတ်တော်ပြင်ပမှာ သမ္မတ ဦးသိန်းစိန်အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်၊ ပြီးမှ ၂၀၁၅ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ အခုလို ပြောပါတယ်။

ဒေါက်တာနိုင်အောင် - ဒီဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဒီလွှတ်တော်ထဲမှာပဲ ဒီဟာကို ရှင်းမယ်ဆိုလို့ရှိရင်တော့ ထိရောက်မှာ မဟုတ်ဘူး။ အဲဒီတော့ လွှတ်တော်ရဲ့ပြင်ပမှာ ဦးသိန်းစိန်အစိုးရရယ် NLD ရယ် နောက်ပြီးတော့မှ တိုင်းရင်းသား လက်နက်ကိုင်ပါတီတွေက အားလုံး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဘယ်လိုလုပ်သွားမလဲဆိုတဲ့ လမ်းပြမြေပုံပေါ့၊ အဲဒါက ဘာလဲဆိုတော့ ဒီ ၂၀၀၈ အခြေခံဥပဒေကို ပိုမိုကောင်းမွန်အောင်လုပ်ပြီးတော့မှ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်မယ်။ ၂၀၁၅ ကို ဘယ်လိုလုပ်ကြမယ်။ ဘယ်လို အမြင်တွေရှိလဲ ဆိုတဲ့ဥစ္စာကို ညှိနှိုင်းတိုင်ပင်နိုင်မှရမယ်။

ဦးဝင်းနိုင် - မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ ဦးသံခဲကလည်း တကယ်လို့ မှတ်ပုံတင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲရောက်သွားရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လူထုအပေါ်ထားရှိတဲ့ ကတိကဝတ်တွေ အကောင်အထည် မဖော်နိုင်မှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

ဦးသံခဲ - နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့အခင်းအကျင်းကို လွှတ်တော်အပြင်ကနေပြီးတော့မှ ဆွေးနွေးမလား။ ဒါမှမဟုတ်ရင် လွှတ်တော်အတွင်းက ဆွေးနွေးမလားဆိုတဲ့ အချက်နှစ်ချက်ကို တွေ့ပါတယ်။ ဒီအခြေခံအောက်မှာ ကျနော်တို့ ယူဆချက်ကတော့ ၂၀၀၈ အခြေခံ ဥပဒေဘောင်အတွင်းမှာ ကျနော်တို့တွေအနေနဲ့ ဝင်သွားခဲ့မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကတိကဝတ်တွေ ပျက်သွားမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ နောက်တစ်ခုကတော့ လူထုရဲ့ ယုံကြည်မှုတွေ လူထုရဲ့အားကိုးမှုတွေဟာ ၂၀၀၈ အခြေခံဥပဒေဘောင်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အကောင်အထည်ဖော်နိုင်မှု အားနည်းလာနိုင်တာနဲ့အမျှ လူထုရဲ့ ယုံကြည်မှုတွေကျဆင်းသွားမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။

ဦးဝင်းနိုင် - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံနိုင်ငံရေးအကြပ်အတည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်ဟာ လက်ရှိအခြေအနေအထိ အောင်မြင်မှုရရှိနေပြီး တကယ်လို့ NLD အနေနဲ့ မှတ်ပုံတင်မယ်ဆိုရင်လည်း ထောက်ခံရမှာဖြစ်ကြောင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ အခြေစိုက်တဲ့ မြန်မာ့နိုင်ငံရေး အကဲခတ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

ဒေါက်တာလှကျော်ဇော - ဒီဥစ္စာကလည်း ကျမကြည့်တာ ဒီလိုပါ။ လူထုသိပ်နစ်နာမှာစိုးတော့ ဒီလမ်းကို တချို့က ရွေးကြတယ်နဲ့ တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လူထုကို လမ်းပေါ်လည်း ခေါ်မတင်နိုင်ဘူးလေ။ နောက် လူထုကို လက်နက်ကိုင်လမ်းစဉ်ဆိုတာလည်း လုံးဝပြောတဲ့သူ မဟုတ်ဘူး။ သူက ငြိမ်းချမ်းစွာ ဖြေရှင်းရေးပဲဖြစ်တာကိုး။ အဲဒီတော့ အခုခေတ် အခုကာလမှာ လူထုလည်း တော်တော် နာထားသလိုဖြစ်တာကိုး။ စီးပွားရေးအရကော ဘာကော အဲဒီလိုအခြေအနေမျိုးမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြစ်အောင်ရှာမယ်ဆိုလို့ရှိရင်လည်း ကျမတို့က ကြိုဆိုမှာပေါ့။

-xxx-

(၂၀၁၁ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ အာအက်ဖ်အေနှင့် တွေ့ဆုံမေးမြန်းချက်မှ)

No comments:

Post a Comment