Monday, November 7, 2011

မြန်မာနိုင်ငံမှာ အသွင်ပြောင်းလဲမှုတစ်ခု အစပြုနေပြီ ဆိုသည်နှင့်ပတ်သက်၍ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၏ သဘောထား

 
မြန်မာနိုင်ငံကို လေးရက်ကြာ ခရီးစဉ်အဖြစ်ရောက်ရှိခဲ့တဲ့ အမေရိကန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာမိုက်ကယ် ပိုစနာ ဟာ မြန်မာနိုင်ငံမှာ အသွင်ပြောင်းလဲမှုတစ်ခု အစပြုနေပြီလို့ ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတဲ့ အမေရိကန်ဘက်ကနေ အခုလို အသွင်ပြောင်းလဲမှုတွေဖြစ်နေပြီ အားတက်ဖွယ်ခြေလှမ်းတွေရှိနေပြီလို့ ပြောတဲ့အပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှူး ဦးငွေလင်းကတော့ သဘောမတူခဲ့ပါဘူး။ ဘာကြောင့်ပါလဲ။ ဝိုင်းတော်သား ကိုရင်မောင်က ဦးငွေလင်းကို မေးမြန်းထားပါတယ်။

ဦးငွေလင်း - အသွင်ကူးပြောင်းရေးကာလစပြီလို့ ပြောဖို့ဆိုရင် ကျနော်တို့အမြင်ဆိုရင်တော့ နည်းနည်းစောသေးတယ်လို့ ပြောချင်တယ်။ ဘာကြောင့်လဲဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ၂၀၀၀ နီးပါး ထောင်ထဲမှာ ရှိနေသေးတယ်။ ဒါကို လွှတ်ဖို့ရာအတွက် အင်မတန်ကို တုန့်တုန့်ဆိုင်းဆိုင်းဘဲ၊ နိုင်ငံရေးအကျဉ်းသားလို့ခေါ်ဖို့တောင် ဦးသိန်းစိန်အစိုးရမှာ တော်တော်ဝန်လေးနေတာ ကျနော်တို့တွေ့ရတယ်။

နောက်တစ်ခုက ပြည်တွင်းစစ်တွေ မရှိသင့်တော့ဘူးလို့ အားလုံးနားလည်ထားပေမယ့် တကယ်တမ်းကျတော့ အဲဒီကိစ္စအပေါ်မှာ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မှု ဒီ ဦးသိန်းစိန်အစိုးရမှာ တော်တော့်ကို နည်းသေးတာကို တွေ့ရတယ်။
နောက်တစ်ချက်က ၂၀၀၈ အခြေခံဥပဒေဟာ ကျနော်တို့ အားလုံး ပြည်တွင်း ပြည်ပ အင်အားစုတွေ အားလုံး၊ NLD အပါအဝင်ပေါ့ဗျာ၊ အားလုံးကနေပြီးတော့မှ ၂၀၀၈ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီနည်းမကျတဲ့ အချက်တွေရှိတယ်။ အဲဒါတွေကို ပြန်လည် သုံးသပ်ကြဖို့လိုတယ်လို့ ထောက်ပြတယ်။ ဒါကိုပြင်ဖို့ရာအတွက် ခြေလှမ်းဘာမှ စတာ ကျနော်တို့ မတွေ့ရဘူး။


နောက် ၉၀ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်တဲ့ အရေးယူမှု၊ ဆောင်ရွက်မှု၊ အခွင့်အလမ်းဆိုတဲ့ကိစ္စတွေ တိတိကျကျ ပြောဆိုကြရတော့ မယ်။ အဲဒါတွေကို ဘာတစ်ခုမှလုပ်မပေးသေးဘဲနဲ့ အသွင်ကူးပြောင်းရေးခြေလှမ်းသစ်တွေ ဖြစ်နေပြီလို့ပြောဖို့ဆိုရင် ကျနော်တို့အနေနဲ့တော့ မလုံလောက်သေးဘူးလို့ပဲ မြင်ပါတယ်။

ကိုရင်မောင် – ခုနက ကိုငွေလင်းပြောခဲ့တဲ့ အချက်တွေထဲမှာပေါ့နော်။ နိုင်ငံရေးအကျဉ်းသားလွှတ်ရေးကိစ္စ၊ နောက် ပြည်တွင်းစစ်ရပ်စဲရေးကိစ္စ၊ ဒီကိစ္စ နှစ်ခုကိုပြောမယ်ဆိုလို့ရှိရင် ဥပမာသူတို့ တချို့အသံတွေလည်း ကြားနေရတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်လွှတ်ပေးမယ်ဆိုတဲ့ အကြောင်းမျိုးပေါ့နော်၊ နောက်တစ်ခုက ဒီ အပစ်အခတ်ရပ်စဲရေးအတွက် တိုင်းရင်းသားအင်အားစုတွေနဲ့ သူတို့လိုက်ပြီးတော့ ညှိနှိုင်းနေတယ်။ ရှမ်းတို့ ကရင်တို့ဘက်မှာဆိုရင်ဒါ ထိုးစစ်တွေတောင် ရပ်ဆိုင်းထားတယ်လို့ သတင်းတွေ သိရပါတယ်။ ဒါတွေကို ကြည့်ပြီးတော့ သူတို့ဘက်က အပြုသဘောခြေလှမ်းတွေ စနေပြီ၊ အဲဒီတော့ အသွင်းကူးပြောင်းရေးကာလအတွက် မျှော်မှန်းလို့ရပြီလို့ မပြောနိုင်ဘူးလားဗျ။

ဦးငွေလင်း – တကယ်ကတော့ နိုင်ငံရေးအကျဉ်းသားတွေဆိုတဲ့ဥစ္စာဟာ ဒီမိုကရေစီရရှိဖို့ရာအတွက်ပေါ့ဗျာ သူတို့ဘဝတွေ ရင်းပြီးတော့မှ ယုံကြည်မှုအရ သေသေချာချာ အလုပ်လုပ်တဲ့လူတွေဗျ။ အဲဒီလူတွေကို တကယ်ဆိုရင် အမြန်ဆုံးကိုပဲ ချွင်းချက်မရှိ အကုန်လုံး လွှတ်ပေးရမှာဗျ။

ဒီ စစ်ရေးကိစ္စမှာဆိုလို့ရှိရင်လည်းပဲ တိုင်းရင်းသားတွေအားလုံးစုဖွဲ့ထားတဲ့ UNFC ရှိတယ်ဗျာ။ အဲဒီ UNFC အနေနဲ့ တကယ် ပြည့်စုံတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အဲ့ဒီလို လုပ်ချင်ပါတယ်ဆိုပြီးတော့မှ ဦးသိန်းစိန်ကို စာပြန်ပေးထားတာရှိတယ်။ အဲဒီဥစ္စာကို အလေးမထားဘဲနဲ့ တစ်ယောက်စီ တစ်ယောက်စီကို တစ်ဖွဲ့စီ တစ်ဖွဲ့စီကို ခွဲတွေ့နေတဲ့ဥစ္စာတွေဟာ နှစ်မျိုးဖြစ်နိုင်တယ်ဗျ။ တစ်မျိုးက ခြေလှမ်းအစပဲ ဒါတော့ ပဏာမလုပ်ရမှာပဲလို့ ဆိုတာမျိုးဖြစ်နိုင်သလို နောက်တစ်ခုကတော့ တိုင်းရင်းသားတွေအားလုံး သံသယဖြစ်တဲ့ ခွဲပြီးကစားတာ၊ ဒါဟာ သွေးခွဲတာ သက်သက်ပဲ ဒီ သံသယစိတ်ကို ပိုပြီးပြင်းထန်သွားစေတယ်လို့ ကျနော်တို့ မြင်တယ်။

ကိုရင်မောင် - ဟုတ်ကဲ့။ ဘာပဲရှိစေပေါ့နော် ဒီ အမေရိကန်နိုင်ငံဆိုလို့ရှိရင် ဒါ ဒီမိုကရေစီရေးအတွက် တောက်လျှောက် ကူညီလာခဲ့တဲ့ နိုင်ငံဖြစ်တယ်။ အဲဒီတော့ သူတို့ကိုယ်တိုင်ကိုက အသွင်ကူးပြောင်းရေးကာလစပြီလို့ ပြောလာတဲ့အခါမှာ အဲဒီအချက်ကို သဘောတူတဲ့ နိုင်ငံရေးပါတီတွေ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ရှိလာမယ်။ ကိုငွေလင်းတို့လို သဘောမတူသူတွေလည်း ရှိလာမယ်။ အဲဒီ နှစ်ပိုင်းကွဲပြားမှုတွေက အခုအခြေအနေမှာထက် ပိုပြီးတော့ များလာစရာ အကြောင်းတွေကော မရှိသွားနိုင်ဘူးလား။

ဦးငွေလင်း – အမေရိကန်ပြည်ထောင်စုအနေနဲ့ဆိုလို့ရှိရင်တော့ ကျနော်တို့ မြန်မာ့ဒီမိုကရေစီအရေးမှာပေါ့ဗျာ အများကြီး ထဲထဲဝင်ဝင်ပါဝင်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ သူ့စဉ်းစားချက်တွေကလည်း အလေးထားပြီးတော့မှ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ ဖြစ်နိုင်ပါတယ်။

သို့ပေမယ့် သေသေချာချာကြည့်မြင်ဖို့ လိုတယ်။ အထူးသဖြင့်ဆိုလို့ရှိရင်တော့ လက်တွေ့ပဋိပက္ခတွေအတွင်းမှာ ဝင်ပြီးတော့မှ ပါဝင်နေကြရတဲ့ ကာယကံရှင်များရဲ့စကား၊ ကာယကံရှင်များရဲ့စဉ်းစားချက်က အများကြီး အလေးထားပြီးတော့မှ ထည့်သွင်းစဉ်းစားရမယ့် အလေးထားချက်တွေဖြစ်သင့်တယ်လို့ ကျနော်တို့ အဲလို ပိုမြင်ပါတယ်။

-xxx-

(၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ နံနက် BBC နှင့် တွေ့ဆုံမေးမြန်းချက်မှ)

No comments:

Post a Comment