Wednesday, February 9, 2011

အာဏာရှင်များနဲ့ စားပွဲဝိုင်းမှာတွေ့ဆုံရေး

ဗမာပြည်ဟာ လွတ်လပ်ရေးရပြီးတယ်ဆိုကတည်းက နိုင်ငံရေးအခက်အခဲ အကြပ်အတည်းတွေ တခုပြီးတခု ရင်ဆိုင်ခဲ့ကြရပါတယ်။ ပြည်တွင်းစစ်ဖြစ်တယ် ဆိုတာဟာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်လို့၊ ဒါမှမဟုတ် နိုင်ငံရေးနည်းနဲ့ မဖြေရှင်းချင်လို့ တက်လှမ်းခဲ့တဲ့ ဖြေရှင်းနည်းတခု ဖြစ်ပါတယ်။ စစ်တိုက်တယ်ဆိုတာဟာ ပဋိပက္ခအားလုံးတွေရဲ့ အထွတ်အထိပ်လို့ ပြောရင်ရပါတယ်။

နိုင်ငံတနိုင်ငံမှာ ဒီလို နိုင်ငံရေးပြဿနာကြီးတွေ ရင်ဆိုင်လာရပြီဆိုရင် ဖြေရှင်းဖို့ တာဝန်အရှိဆုံး အဖွဲ့အစည်းဟာ အစိုးရဖြစ်ပါတယ်။ မှန်ပါတယ်။ ပြဿနာမှာ ပါဝင်ပတ်သက်သူ အားလုံးနဲ့ ဆိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံနဲ့ချီတဲ့ ပြဿနာမျိုးကို ဖြေရှင်းဖို့ဆိုရင် အစိုးရမှာ ပိုပြီး တာဝန်ရှိပါတယ်။ ပြည်တွင်းစစ် အဆုံးသတ်ဖို့ဆိုရင် အစိုးရရဲ့ ပြဿနာကို မှန်ကန်စွာ ချဉ်းကပ်နည်းနဲ့ အကောင်အထည်ဖော်ရာမှာ အမြော်အမြင်ကြီးဖို့တို့ အများကြီး လိုအပ်ပါတယ်။ ဒါ့အပြင် အစိုးရကပဲ လက်ဦးမှုရှိရှိ ဖြေရှင်းဖို့ နည်းလမ်းရှာရမှာ ဖြစ်ပါတယ်။


ဒါပေမဲ့ ဗမာနိုင်ငံမှာတော့ အာဏာရခဲ့/ထားသူတွေဟာ ပြဿနာတွေကိုအောင်အောင်မြင်မြင်၊ ပြေပြေလည်လည် ဖြေရှင်းနိုင်ခဲ့တာအင်မတန်မှနည်းပါးလှပါတယ်။ ဗမာပြည်သမိုင်းမှာ ပြဿနာတွေကိုဖြေရှင်းခဲ့ပုံတွေကို ပြန်ကြည့်လိုက်ရင် တခြားနိုင်ငံတွေကဖြစ်စေ၊ နောင်လာနောက်သားများကဖြစ်စေ စံပြုစရာ၊ အတုယူစရာရယ်လို့ နည်းပါးလှပါတယ်။ ဒါ့အပြင် ရှောင်ရှားရမယ့်သင်ခန်းစာတွေကသာ ပိုများနေတယ်လို့ဆိုရမယ်ထင်ပါတယ်။

အဆိုးဆုံးကတော့ အဲဒီပြဿနာတွေကို မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ပြဿနာတွေဟာ ပုံသထက်ပုံလာပြီး တိုင်းပြည်ရဲ့ အခြေအနေဟာ ကြာလေ ဘက်စုံမှာ ပိုဆိုးဝါးလေ ဖြစ်လာတာပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု ဘက်စုံဖြစ်လာပါတော့တယ်။

ပထမဆုံးပြောသင့်တာက ပြည်တွင်းစစ်ပြဿနာပါ။ ဖဆပလအစိုးရရော၊ ဖဆပလထဲက လှေကြီးပေါ် လှေငယ်ဆင့် လုပ်ထားတဲ့ ဆိုရှယ်လစ်အုပ်စုနဲ့ သူတို့ရဲ့ စစ်အုပ်စုဟာ ပြည်တွင်းစစ်ကို စေ့စပ်ဆွးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ လုံးဝ မစဉ်းစားခဲ့ပါဘူး။ အပြုတ်တိုက်ဖို့ပဲ တောက်လျှောက် လုံးပမ်းခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့အထိ ဗမာပြည်မှာ ပြည်တွင်းစစ်ပြဿနာဟာ ကြီးကြီးမားမား တည်ရှိနေတာဖြစ်ပါတယ်။ ဖဆပလပဲဖြစ်ပစေ၊ မဆလပဲဖြစ်ပစေ၊ န၀တ-နအဖပဲဖြစ်ပါစေ ဘယ်သူကမှ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးပြဿနာအဖြစ် ဖြေရှင်းဖို့ မကြိုးစားခဲ့ပါဘူး။ မာနတွေ ထိပ်တက်နေချိန်မှာ အပြုတ်တိုက်ရေးကို ပြောင်ကြေညာလုပ်ကိုင်ပြီး သူတို့မှာ နိုင်ငံရေးအကြပ်အတည်း ရှိနေရင် အခွင့်အရေးတွေပေးပြီး “တရားဥပဒေဘောင်ထဲ” ၀င်ခိုင်းပါတယ်။ စောဟံတာသာမွှေးတို့ကို သံအမတ်ရာထူးနဲ့ ချွေးသိပ်ခဲ့ပြီး ဒီခေတ် “အပစ်ရပ်” ဆိုတာတွေကိုတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ခိုင်းပြီး ယာယီ ဖြေရှင်းခဲ့ပါတယ်။ ဒါပေမဲ့ ဒီအဖွဲ့တွေကို အပြုတ်တိုက်ဖို့ ရည်ရွယ်ချက်ကိုတော့ စစ်ဗိုလ်ချုပ်တွေဟာ နည်းနည်းမှ မစွန့်လွှတ်ပါဘူး။ တခြားဘက်မှာ အာရုံစိုက်စရာမလိုတော့ဘူး ထင်တာနဲ့ တပြိုင်နက် သေနတ်ခလုပ်ပေါ် လက်ညှိုးတင်တော့တာပါပဲ။

နောက် ပြောသင့်တဲ့အချက်က ဒီနေ့ဖြစ်နေတဲ့ ဒီမိုကရေစီသရောကြီးခိုင်းတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီအကြောင်းရင်းကြောင့် ဒီနေ့ဗမာပြည်မှာ ဘက်ကြီးနှစ်ဘက်လိုတည်ရှိနေပြီး ရှေ့မတိုးသာ နောက်မဆုတ်သာပဲ ဖြစ်နေပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲဟာ အဲဒီဘက်ကြီးနှစ်ဘက် တွေ့ဆုံဖြေရှင်းတာ မဟုတ်ပါဘူး။ တဘက်သတ် ဖြေရှင်းသွားတာဖြစ်ပါတယ်။ ဒီနေရာမှာ ဖဆပလအကွဲကို ထောက်ပြဖို့ လိုပါတယ်။ အဲဒါဟာ သူတို့ အုပ်စိုးသူလူတန်းစားအတွင်း ကွဲပြဲတာပါ။ အဲဒီလိုကိစ္စကိုတော့ သူတို့ချင်း ဖြေရှင်းတာ ဆိုးဆိုးဝါးဝါးမဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ ပါလီမံထဲမှာ မဲခွဲလို့ရတဲ့ အဖြေကို တည်မြဲဖဆပလက အသိအမှတ်ပြုပါတယ်။ ၁၉၆၀ ရွေးကောက်ပွဲမှာ ပထစနိုင်တာကိုလည်း အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ အဲဒါတွေကို ဗိုလ်နေ၀င်းစစ်အုပ်စုက အသိအမှတ်မပြုပါဘူး။ ဒါကြောင့် ၁၉၅၈ နဲ့၁၉၆၂ အာဏာသိမ်းမှု နှစ်ကြိမ်ဖြစ်ခဲ့တာ အားလုံးအသိပါ။ အာဏာသိမ်းပတဲ့ဆိုတော့ ဒီ့အရင်က သူတို့အထက်မှာလိုလို ရှိခဲ့တဲ့ ဖဆပလနဲ့ ဆိုရှယ်လစ်ပါတီ ဘော်ဒါဟောင်းတွေကိုလည်း လက်တွဲဖြုတ်ရုံမက ထောင်ထဲ ဆွဲထည့်ပစ်ပါတယ်။ အာဏာကို ဝေစားမယ်ထင်ခဲ့တဲ့ ဆိုရှယ်လစ်ပါတီဝင်ဟောင်းတွေ (တချို့က တပ်ထဲမှာ) အဲဒီတော့မှ သင်ခန်းစာရသွားပါတယ်။ ပထစကတော့ ပြောစရာတောင် မလိုပါဘူး။ ဦးနုတောခိုတာ ဖြစ်သွားတာပါပဲ။ ဗိုလ်နေ၀င်းတို့လိုပဲ န၀တ-နအဖ စစ်အုပ်စုဟာလည်း ကိုယ်ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုပါဘူး။ ကိုယ့်ဟာကိုယ် လက်နဲ့ရေး၊ ကိုယ့်ဟာကိုယ် ခြေနဲ့ပြန်ဖျက်ပါတယ်။ တကယ်တော့ စစ်အုပ်စုတခုက ရွေးကောက်ပွဲလုပ်ပေးတယ်ဆိုတာဟာ တခြားလူတွေကို အာဏာလွှဲပေးဖို့ မဟုတ်ဘူးဆိုတာကို ၁၉၆၀၊ ၁၉၇၄ နဲ့ ၁၉၉၀ ရွေးကောက်ပွဲတွေကို ပြန်ကြည့်ရုံနဲ့ ထင်ရှားနေတာမဟုတ်ပါလား။

တတိုင်းပြည်လုံး အနေအထားနဲ့ပြောရင် ဒီနေ့အခါမှာ ဖြေရှင်းလို့မရတဲ့ နိုင်ငံရေးပြဿနာကြီးတခု ရှိနေပါတယ်။ ဒီပြဿနာကြီးကို ဖြေရှင်းနိုင်မှ တခြားပြဿနာတွေလည်း ဖြေရှင်းနိုင်မယ့်သဘော ရှိပါတယ်။ ဒီပြဿနာကို ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲ စတာတွေနဲ့ ဖြေရှင်းဟန်ဆောင်တာဟာ ပြဿနာကို ပိုရှုပ်ထွေး၊ ပိုအရှင်းရခက်စေတာကလွဲလို့ ဘာမှဖြစ်မလာပါဘူး။ ဒီလိုအခါမှာ အမျိုးသားရင်ကြားစေ့ရေး၊ အမျိုးသားသွေးစည်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး စတဲ့ ပြောဆိုသံ၊ ကြွေးကြော်သံတွေဟာ ညံသထက်ညံလာနေပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်သူတွေပါမှ အမျိုးသားရင်ကြားစေ့တယ်မည်တယ်၊ ဒါကို ဘယ်လို အကောင်အထည်ဖော်ရမယ်၊ ဘယ်ရွေ့ဘယ်ညာဆိုတာတွေကို ပြည်ပက စာစောင်စာတန်းတွေ ကိုးကားလို့တမျိုး၊ ကျမ်းကြီးကျမ်းခိုင်တွေ ထောက်ပြလို့တသွယ် အမျိုးမျိုး ပြောဆိုသံတွေ ညံနေပါတယ်။ နိုင်ငံရေး စိတ်ဝင်စားသူတိုင်းလိုလိုက ပြောနေကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒီစကားမပြော၊ ဒီအသံမပြုသူဆိုလို့ နအဖအုပ်စုပဲ ကျန်ပါတယ်။ (သူ့လက်ကိုင်တုတ်များကို ဒီအမျိုးသားရင်ကြားစေ့ရေးဆိုတာကို သရော်ကြ၊ အပုပ်ချကြတာတောင် လုပ်ပါတယ်)။ မဝေးလှတဲ့ အတိတ်က သင်ခန်းစာတခုကို ထပ်ထောက်ပြချင်ပါတယ်။

ဖဆပလ-ပထစလက်ထက်မှာ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို တောင်းဆိုတိုက်ပွဲဝင်တာတွေ အရှိန်အဟုန်ကြီးစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့၊ ဗိုလ်ချုပ်ကျော်ဇောတို့ ခေါင်းဆောင်တဲ့ လှုပ်ရှားမှုတွေက အင်အားအကြီးဆုံးလို့ ဆိုနိုင်ပါတယ်။ အဲဒီ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှုပ်ရှားသူတွေအကြားမှာ “သူမနာ- ကိုယ်မနာ” ငြိမ်းချမ်းရေး၊ “သင်ပုန်းချေရေး” စတာတွေကို ငြင်းခုံပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ ဖဆပလအစိုးရနဲ့ ဗိုလ်နေ၀င်းရဲ့ စစ်အုပ်စုကတော့ ဒီနေ့ဗိုလ်သန်းရွှေတို့လိုပဲ စေ့စပ်ရေးစကား တခွန်းမှ မပြောပါဘူး။ အပြုတ်တိုက်ရေးကိုပဲ ဖိလုပ်ပါတယ်။ ၁၉၆၃ မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်တယ်ဆိုတော့ အထက်မှာပြောခဲ့သလိုပဲ တချို့ကို လက်နက်ချလာအောင် ဗိုလ်နေ၀င်းတို့က ဖဲ့ထုတ်ယူလိုက်တာပါပဲ။ မာတာနဲ့ ပျော့တာ ပွတ်တိုက်ကြတယ်ဆိုရင် ပျော့တဲ့ဘက်က ပွန်းပဲ့တတ်တာဟာ သဘာဝဖြစ်တယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။

အထက်မှာ တင်ပြခဲ့တာတွေကို ပြန်သတ္တုချကြည့်ရင် စစ်အုပ်စုဟာ စေ့စပ်ဆွေးနွေးတဲ့ စာပွဲဝိုင်းကို ရိုးရိုးသားသားနဲ့ သူ့အလိုလို ရောက်လာတယ်ဆိုတာမျိုး ဘယ်တုန်းကမှ မရှိပါဘူး။ ပြည်ပသမိုင်းမှာလည်း မရှိပါဘူး။ ဗိုလ်အောင်ကြည်ကို လွှတ်ပြီး မဗေဒါ ရေခပ်ခိုင်းထားတာမျိုး၊ ဗိုလ်ချုပ်မြကို ရန်ကုန်ခေါ်ပြီး “ဖထီး”လို့ တတွတ်တွတ်ခေါ်ရင်း ကြောင်ချေးလို အပျော့ဆွဲ ဆွဲတာမျိုးတို့ဟာ ရင်ကြားစေ့တဲ့ လုပ်ရပ်တွေ မဟုတ်ပါဘူး။ ဗိုလ်နေ၀င်းရဲ့ ၁၉၆၃ ခုနှစ်က စေ့စပ်ဆွေးနွေးတယ် ဆိုတာဟာ ပြည်သူလူထုရဲ့၁၅ နှစ်ကြာ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးကြောင့် ဖြစ်ပါတယ်။ ဒါတောင်မှ လိမ်ညာရုံသက်သက် လုပ်ခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေကို စာပွဲဝိုင်းဆီ လာစေရေးဆိုတာဟာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို ဟောပြောရုံ၊ သူတို့သဘောပေါက်လာမယ့် အချိန်ကို စောင့်နေရုံနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ပြည်ပက ဖိအားဆိုတာဟာလည်း ဘယ်လောက်ထိ ထိရောက်နိုင်ကြောင်း အနှစ်နှစ်ဆယ် ဖြတ်သန်းမှုက သက်သေပြခဲ့ပါပြီ။ ပြည်တွင်းအဓိက ဆိုတာကိုတော့ အားလုံးလိုလိုပဲ လက်ခံသဘောတူထားကြပါတယ်။

သဘောတရားတွေ တမျိုးပြီးတမျိုး ထုတ်ပေးနေသူတွေက ဘာပဲရေးနေနေ သူတို့စကား နားမယောင်ဘဲ သူတို့သာ နာမည်ပျက်သထက် ပျက်နေတာကို ကြည့်ရင် အခြေခံပြဿနာမှာ ပြည်သူတွေက ရှင်းပြီးသားဆိုတာ ထင်ရှားပါတယ်။ ပြည်သူတွေ သိချင်နေတာက ဘာလုပ်ကြမလဲ၊ ဘယ်တော့လုပ်ကြမလဲဆိုတာပါ။

အဖြေပေးရပါလိမ့်မယ်။ အလုပ်နဲ့ အဖြေပေးရပါလိမ့်မယ်။

x x x x x

မောင်ချစ်ခင်

No comments:

Post a Comment